2025
သေခြင်းရှိရာအသက်တာအတွက်မြင့်မြတ်သောအကူအညီများ
မေ ၂၀၂၅


လစဉ် လီယာဟိုနာ အမှာစကား၊ မေ ၂၀၂၅

သေခြင်းရှိရာအသက်တာအတွက်မြင့်မြတ်သောအကူအညီများ

ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်သည် ကျွန်တော်တို့၏သေခြင်းရှိရာခရီးစဉ်များတစ်လျှောက် ကျွန်တော်တို့ကို လမ်းညွှန်ပေးရန် အကူအညီများကို ပံ့ပိုးပေးထားပါသည်။

၁။

ပရောဖက်ဂျိုးဇက်စမစ်အားဖြင့်၊ ကိုယ်တော်ရှင်က ကျွန်တော်တို့၏မြေကြီးသားမတိုင်မီ အသက်တာအကြောင်းအချို့ကို ဖော်ပြခဲ့ပါသည်။ ထိုနေရာတွင် ကျွန်တော်တို့သည် ဘုရားသခင်၏ ဝိညာဉ်သားသမီးများအဖြစ် တည်ရှိခဲ့ကြပါသည်။ ဘုရားသခင်က သူ၏သားသမီးများ တိုးတက်လာစေဖို့ ကူညီပေးလိုသောကြောင့်၊ ကျွန်တော်တို့ ခန္ဓာကိုယ်ရရှိနိုင်၊ အတွေ့အကြုံမှတစ်ဆင့် သင်ယူနိုင်၊ ဘုရားသခင့်ဂုဏ်ရည်များ ပျိုးထောင်နိုင်ပြီး၊ ဘုရားသခင်၏ပညတ်တော်များကို ကျွန်တော်တို့စောင့်ထိန်းခြင်းရှိမရှိ စမ်းသပ်ခံနိုင်ဖို့ ကမ္ဘာမြေတစ်ခုကို ဖန်ဆင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ အရည်အချင်းပြည့်မီသူများသည် “ဘုန်းတော်ကို သူတို့၏ဦးခေါင်းများပေါ်၌ ထပ်လောင်း၍ ကာလအစဉ်အဆက် အမြဲရရှိကြ”ပါလိမ့်မည် (အာဗြဟံ ၃:၂၆)။

ဤမြင့်မြတ်သောအစီအစဉ်၏လိုအပ်ချက်များ အခြေခိုင်ရန်အတွက်၊ ဘုရားသခင်သည် သူ၏တစ်ပါးတည်းသောသားတော်ကို ကျွန်တော်တို့၏ကယ်တင်ရှင်အဖြစ် ရွေးချယ်ခဲ့ပါသည်။ လူသား၏ရွေးချယ်ပြုမူနိုင်ခွင့်ကို ဖျက်ဆီးပစ်မည်ဟု အစားထိုးအကြံပြုခဲ့သော လူစီဖာသည်၊ စာတန်ဖြစ်လာပြီး “ပစ်ချ” ခံခဲ့ရပါသည်။ မြေကြီးပေါ်သို့ ပြည်နှင်ဒဏ်ခံရပြီး သေခြင်းရှိသောအသက်တာ၏အခွင့်ထူးကို ငြင်းပယ်ခဲ့သော၊ စာတန်က “လူသားတို့ကို လှည့်စားရန်နှင့် အလင်းကွယ်စေရန်၊ ထို့အတူ များနိုင်သမျှ များစွာသောသူတို့ကို [ဘုရားသခင်၏] အသံကို စေ့စေ့နားမထောင်လိုကြသည့် တိုင်အောင်ပင် သူ၏အလိုအတိုင်း ချုပ်နှောင်ခြင်းသို့ ပို့ဆောင်ရန်” ကြိုးပမ်းရန် အခွင့်ပေးခံခဲ့ရပါသည် (မောရှေ ၄:၄)။

ကိုယ်တော့်သားသမီးများ၏ သေခြင်းရှိရာတိုးတက်မှုအတွက် ဘုရားသခင်၏ကြီးမြတ်သောအစီအစဉ်တွင် အခြေခံလိုအပ်ချက်သည် “ခပ်သိမ်းသောအရာတို့၌ ဆန့်ကျင်ဘက်”ကို တွေ့ကြုံခံစားရရန်ဖြစ်ပါသည် (၂ နီဖိုင်း ၂:၁၁)။ ဆွဲငင်အားနိယာမကိုဆန့်ကျင်၍ အားစိုက်ထုတ်ခြင်းမရှိဘဲ ကျွန်တော်တို့၏ကာယကြွက်သားများသည် ဖွံ့ဖြိုးပြီး ထိန်းသိမ်းထားနိုင်မည်မဟုတ်သကဲ့သို့၊ သေခြင်းရှိရာတိုးတက်မှုတွင်လည်း လူသားသည် စာတန်၏သွေးဆောင်ဖြားယောင်းခြင်းများနှင့် အခြားသေခြင်းရှိရာဆန့်ကျင်ဘက်အမျိုးမျိုးကို ဆန့်ကျင်ပြီးအားစိုက်ထုတ်ရန် လိုအပ်ပါသည်။ ဝိညာဉ်ရေးရာတိုးတက်မှုအတွက် အရေးကြီးဆုံးသည် အကောင်းအဆိုးကို ရွေးချယ်ရန် လိုအပ်ချက်ပင်ဖြစ်ပါသည်။ ကောင်းမှုများကို ရွေးချယ်သောသူများသည် သူတို့၏ထာဝရကြမ္မာဆီသို့ တိုးတက်လာကြပါလိမ့်မည်။ သေခြင်းရှိရာ သွေးဆောင်မှုအမျိုးမျိုးတွင် အားလုံးပြုလုပ်ကြသကဲ့သို့—မကောင်းမှုများကို ရွေးချယ်သောသူများသည် ချစ်သောဘုရားသခင်ပံ့ပိုးပေးရန် ရည်ရွယ်ထားသည့်၊—မြင့်မြတ်သောအကူအညီကို လိုအပ်ကြပါလိမ့်မည်။

၂။

ယခုအချိန်အထိ၊ ဘုရားသခင်ပေးသနားတော်မူသော လူသားတို့အတွက်အခိုင်မာဆုံးအကူအညီသည် ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဖြစ်ပါသည်၊ ကိုယ်တော်သည် အဖိုးအခပေးရန် ဒုက္ခဝေဒနာခံစားတော်မူပြီး နောင်တရသောအပြစ်များအတွက် ခွင့်လွှတ်ပေးတော်မူပါသည်။ သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်းသည် ဧဝံဂေလိတရားတော်၏ ပထမအခြေခံသဘောတရားဖြစ်ရသော အကြောင်းရင်းကို ကရုဏာကြီးပြီး ဘုန်းကြီးသော ထိုအပြစ်ဖြေခြင်းက ရှင်းပြပေးထားပါသည်။ ကိုယ်တော်ရှင်၏အပြစ်ဖြေခြင်းသည် “သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကိုလည်း ဖြစ်ပေါ်စေခြင်း”(အယ်လမာ ၄၂:၂၃)နှင့် “လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူခြင်း”(အယ်လမာ ၃၄:၈)ဖြင့်၊ ကျွန်တော်တို့၏နောင်တရသော အပြစ်ခပ်သိမ်းကို ပယ်ဖျက်ပေးပြီး သေခြင်းရှိရာ အနာရောဂါဝေဒနာများမှ မစရန် ကိုယ်တော်ရှင်အား တန်ခိုးတော်ကိုပေးပါသည်။

ကယ်တင်ရှင် ယေရှုခရစ်တော်။

ကျူးလွန်ထားသောအပြစ်များအားပယ်ဖျက်ခြင်းနှင့်ခွင့်လွှတ်ခြင်းဟူသည့် ဘုန်းကြီးသောအမူအပြင်၊ ကောင်းကင်ဘုံရှိ မေတ္တာရှင်ခမည်းတော်၏အစီအစဉ်၌ မူလအစကပင် အပြစ်ကျူးလွန်ခြင်းမှ ကျွန်တော်တို့အား ကာကွယ်ခြင်းအပါအဝင်၊ တခြားသောဆုကျေးဇူးများကိုလည်းထည့်သွင်းထားပါသည်။ ကျွန်တော်တို့၏သေခြင်းရှိရာအသက်တာသည် အမြဲအမိအဖတို့ဖြင့် စတင်ပါသည်။ အကောင်းဆုံးမှာ၊ မိဘနှစ်ဦးစလုံးသည် ကျွန်တော်တို့၏တိုးတက်မှုကို လမ်းညွှန်ပေးရန် မတူညီသောဆုကျေးဇူးများဖြင့် ရှိနေကြပါသည်။ အကယ်၍မဖြစ်ခဲ့ပါလျှင်၊ သူတို့၏ဖြစ်တည်ခြင်းလှစ်ဟာမှုသည် ကျွန်တော်တို့ ကျော်လွှားရမည့်အခက်အခဲ၏အစိတ်အပိုင်းဖြစ်ပါသည်။

၃။

ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်သည် ကျွန်တော်တို့၏သေခြင်းရှိရာခရီးစဉ်များတစ်လျှောက် ကျွန်တော်တို့ကို လမ်းညွှန်ပေးရန်အခြားအကူအညီများကို ပံ့ပိုးပေးထားပါသည်။ ၎င်းတို့ထဲမှ လေးခုကို ကျွန်တော်ပြောပြပါမည်။ ဤအကူအညီများသည် တစ်ခုနှင့်တစ်ခုနှီးနွယ်နေသောကြောင့် ကျေးဇူးပြု၍ ကျွန်တော်ပြောသည့် နံပါတ်အရေအတွက်လေးခုကို မကိုင်ဆွဲထားပါနှင့်။ ထို့အပြင်၊ ဤသည်သာမက အခြားကရုဏာနှင့်ပြည့်ဝတော်မူသော အကာအကွယ်များ ရှိပါသည်။

ပထမ၊ ခရစ်တော်၏အလင်း သို့မဟုတ် ဝိညာဉ်တော်အကြောင်း ကျွန်တော် ပြောပါမည်။ မော်ရော်နိုင်းကျမ်းရှိ သူ၏ကြီးမြတ်သောသွန်သင်ချက်တွင်၊ မော်ရော်နိုင်းက “ခရစ်တော်၏ဝိညာဉ်တော်ကို လူတိုင်းကိုပေးထားသည်မှာ၊ အကောင်းနှင့်အဆိုးကို ခွဲခြား၍သိနိုင်စေခြင်းငှာဖြစ်၏” (မော်ရော်နိုင်း ၇:၁၆)ဟုဆိုကာ သူ့အဘကို ကိုးကားထားပါသည်။ မျက်မှောက်ခေတ် ဗျာဒိတ်တော်များတွင် ဤတူညီသောသွန်သင်ချက်ကို ကျွန်တော်တို့ဖတ်ရပါသည်။

“ဝိညာဉ်တော်သည် လောကထဲသို့ ဝင်လာသူတိုင်းအား အလင်းကို ပေးတော်မူ၏။ ဝိညာဉ်တော်၏အသံကို စေ့စေ့နားထောင်သည့်သူများတည်းဟူသော လောကတစ်လျှောက်၌ရှိသူတိုင်းကို ဝိညာဉ်တော်သည် အလင်းသို့ရောက်စေ၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၈၄:၄၆)။

တဖန်၊ “အကြောင်းမူကား၊ နှိမ့်ချ၍ ကြေကွဲသောသူတို့အား အလင်းသို့ ရောက်စေရန်၊ ထို့အတူ ဘုရားမဲ့နေသောသူတို့အား ပြစ်ဒဏ်ချမှတ်ခြင်းသို့ ရောက်စေရန် ငါ၏ဝိညာဉ်တော်ကို လောကထဲသို့ စေလွှတ်ထား၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၆:၃၃)။

ဥက္ကဋ္ဌ ဂျိုးဇက် ဖီးလ်ဒင်း စမစ်က ဤကျမ်းစာများကို ရှင်းပြခဲ့ပါသည်၊ “ကိုယ်တော်ရှင်သည် လူသားများကို (ဤလောကသို့ မွေးဖွားလာသည့်အခါ) အလင်းနှင့် သမ္မာတရားကိုရှာတွေ့ရန် အကူအညီမဲ့ စမ်းတဝါးဝါး မထားထားဘဲ၊ လူတိုင်းသည် … ခရစ်တော်၏ဝိညာဉ်တော် သို့မဟုတ် သမ္မာတရားအလင်း၏ လမ်းညွှန်မှု၊ ညွှန်ကြားချက်၊ အကြံဉာဏ်တို့ကိုရရှိခွင့်ဖြင့် မွေးဖွားလာကြပါသည်။”

ကျမ်းစာများကို လေ့လာခြင်း။

ဖြောင့်မတ်သည်ကို ရွေးချယ်ဖို့ ကျွန်တော်တို့ကို ကူညီပေးရန် ကိုယ်တော်ရှင်ပေးထားသည့် ဒုတိယကြီးမားသောအကူအညီများသည် ကယ်တင်ခြင်းအစီအစဉ် (ပျော်ရွှင်ခြင်းအစီအစဉ်)၏ အစိတ်အပိုင်းအဖြစ်ကျမ်းစာပါ မြင့်မြတ်သောအတွဲလိုက် လမ်းညွှန်မှုများ ဖြစ်ပါသည်။ ဤလမ်းညွှန်မှုများသည် ပညတ်တော်များ၊ ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များဖြစ်ပါသည်။

ပညတ်တော်များသည် ထာဝရအသက်သို့တိုးတက်ရန် ကျွန်တော်တို့အတွက် ကောင်းကင်ဘုံရှင်အဘ ချမှတ်ထားသောလမ်းကြောင်းဟု အဓိပ္ပါယ်ရပါသည်။ ပညတ်တော်များကို ဘုရားသခင်၏ဆုံးဖြတ်အပြစ်ပေးရာ နည်းလမ်းများအဖြစ် မြင်ကြသောသူများသည် ဘုရားသခင်၏ မေတ္တာနှင့်ပြည့်ဝသောပျော်ရွှင်ခြင်းအစီအစဉ်၏ ဤရည်ရွယ်ချက်ကို နားလည်ကြမည်မဟုတ်ပါ။ ထိုလမ်းကြောင်းပေါ်တွင်၊ ကယ်တင်ရှင်နှင့်လိုအပ်သောဆက်ဆံရေးကို ကျွန်တော်တို့တဖြည်းဖြည်းရရှိနိုင်ကြပါသည်၊ ပြီးနောက် ကျွန်တော်တို့အားလုံးအတွက် ဘုရားသခင်အလိုရှိသော ပန်းတိုင်သို့သွားသောလမ်းတွင် ကျွန်တော်တို့ကိုကူညီဖို့အတွက် ကိုယ်တော်ရှင်၏တန်ခိုးတော်တိုးမြှင့်ခြင်းအတွက် အရည်အချင်းပြည့်မီလာကြပါသည်။ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘသည် သူ၏သားသမီးအားလုံးကို ဘုရားသခင်နှင့် ကယ်တင်ရှင်စံမြန်းရာ ဆီလက်ရှယ်လ်နိုင်ငံတော်သို့ ပြန်လာစေလိုပြီး၊ ထိုဆီလက်ရှယ်လ်ဘုန်းအသရေတွင် နေထိုင်သူများ၏အသက်တာမျိုးကို ရရှိစေလိုပါသည်။

ဘိသိက်မင်္ဂလာများ နှင့် ပဋိညာဉ်များသည် ထာဝရအသက်တာလမ်းသို့ ပို့ဆောင်ပေးသော ပညတ်တရား၏ အစိတ်အပိုင်းဖြစ်ပါသည်။ ဘိသိက်မင်္ဂလာများနှင့်၊ ၎င်းတို့မှတစ်ဆင့် ဘုရားသခင်နှင့်ပြုလုပ်သည့် မြင့်မြတ်သောပဋိညာဉ်များသည် ထိုလမ်းကြောင်းတစ်လျှောက် လိုအပ်သောခြေလှမ်းများနှင့် လက်ရန်းများဖြစ်ကြပါသည်။ ပညတ်တော်တချို့ကို စောင့်ထိန်းမည်ဟု ကြိုတင်ကတိပြုပြီး ထိုကတိများအား စောင့်ထိန်းသောသူများကို ဘုရားသခင်၏အစီအစဉ်အရ ကိုယ်တော်ရှင်၏အမြင့်မြတ်ဆုံး ကောင်းချီးများကို ပေးထားကြောင်း ဖော်ပြသည့်အနေဖြင့် ပဋိညာဉ်များ၏ အခန်းကဏ္ဍကို ကျွန်တော်စဉ်းစားချင်မိပါသည်။

မှန်ကန်သောရွေးချယ်မှုများပြုလုပ်ရန်အတွက် ဘုရားသခင်ပေးသောအခြားအကူအညီများသည် သန့်ရှင်းသောဝိညာဉ်တော်၏ထင်ရှားစွာပြတော်မူခြင်းများဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်တည်မှု၏ တတိယမြောက်အဖွဲ့ဝင်ဖြစ်ပါသည်။ ကျမ်းစာတွင် အဓိပ္ပာယ်ဖွင့်ထားသည့်၊ ကိုယ်တော်ရှင်၏တာဝန်က၊ အဘနှင့်သားတော်အကြောင်း သက်သေခံရန်၊ ကျွန်တော်တို့ကို သွန်သင်ပေးရန်၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မှတ်​မိစေ​ရန်နှင့် ခပ်​သိမ်း​သောသ​မ္မာ​တ​ရား​သို့ ကျွန်တော်တို့အား လမ်းညွှန်ပေးရန်ဖြစ်ပါသည်။ မော်မုန်ကျမ်း၏စစ်မှန်မှုနှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုတစ်ခုကိုတုံ့ပြန်သော ဝိညာဉ်ရေးရာသက်သေခံချက်ကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ ထင်ရှားစွာပြတော်မူခြင်း၏မှတ်တမ်းများစွာ ကျမ်းစာများတွင် ပါဝင်ပါသည်။ ထင်ရှားစွာပြတော်မူခြင်းကို ဗတ္တိဇံခံပြီးနောက်အပ်နှင်းသော၊ သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးနှင့်မရောထွေးသင့်ပါ။

သူ၏သစ္စာရှိသားသမီးများအတွက် ဘုရားသခင်၏အရေးအပါဆုံးအကူအညီတစ်ခုက သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးဖြစ်ပါသည်။ နောင်တရပြီး ရေဖြင့်ဗတ္တိဇံခံပြီးနောက် ၎င်းကိုတရားဝင်အပ်နှင်းပေးကြောင်းအချက်တွင် ဤဆုကျေးဇူး၏အရေးပါမှုကို ထင်ရှားပေါ်လွင်စေပါသည်၊ “ထို့နောက်တွင်၊ မီးဖြင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်ဖြင့်လည်းကောင်း၊ သင်တို့၏အပြစ်များမှလွှတ်ခြင်းသို့ရောက်၏” (၂ နီဖိုင်း ၃၁:၁၇)။ အပြစ်များမှလွှတ်ခြင်းခံရသူများ—ထို့နောက် နေ့စဉ်နောင်တရခြင်းဖြင့် သူတို့၏စင်ကြယ်မှုကို ပုံမှန်အသစ်တဖန်ပြုပြီး ပွဲတော်ဘိသိက်မင်္ဂလာမှတစ်ဆင့် သူတို့ပြုလုပ်ထားသော ပဋိညာဉ်နှင့်အညီ နေထိုင်သူများသည်—သန့်ရှင်းသောဝိညာဉ်တော်၊ ကိုယ်တော်ရှင်၏ဝိညာဉ်တော်က “သူတို့၌ … အစဉ်အမြဲတည်ရှိစေ”မည်ဆိုသည့် ကတိတော်အတွက် အရည်အချင်းပြည့်မီပါသည် (ဩဝါဒနှင့်ပဋိညာဉ်များ ၂၀:၇၇)။

ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်၊ စမစ်။

ထို့ကြောင့်၊ ဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်၊ စမစ်က သွန်သင်ခဲ့ပါသည်၊ သန့်ရှင်းသောဝိညာဥ်တော်သည် “အဘ၏အလိုတော်ကို သူတို့ဆောင်ရွက်ခဲ့ပြီး သူတို့ဘာသာပြောင်းလဲချိန်တွင် ယုံကြည်စိတ်ချစေရန် ဘုရားသခင်၏အရာများနှင့်စပ်လျဉ်း၍ လူတို့၏စိတ်နှလုံးကို ဉာဏ်အလင်းရစေပါသည်၊ သူတို့အသက်တာတစ်လျှောက် အဖော်တစ်ဦးအဖြစ် တည်မြဲသောသက်သေခံချက် သူတို့ထဲ၌ရှိစေပါသည်၊ သမ္မာတရားရှိသမျှသို့ သေချာ၍ လုံခြုံသောလမ်းပြအဖြစ် လုပ်ဆောင်၍၊ ရွှင်လန်းဝမ်းမြောက်ခြင်းဖြင့် နေ့စဉ်သူတို့ကိုပြည့်စေကာ၊ လူသားခပ်သိမ်းကို ကောင်းမှုပြုရန်၊ အမှားပြုမည့်အစား အမှားအတွက်ခံယူရန်၊ ကြင်နာမှုနှင့် ကရုဏာ၊ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရှိရန် စိတ်ညွတ်မှုကိုဖြစ်စေပါသည်။ မခန့်မှန်းနိုင်သော ဤဆုကျေးဇူးဖြစ်သော၊ ဤမြတ်ပုလဲကို ပိုင်ဆိုင်သူအားလုံးသည် ဖြောင့်မတ်ခြင်းကို အဆက်မပြတ် ငတ်မွတ်နေတတ်ကြပါသည်။ ဥက္ကဋ္ဌ စမစ်က ယခုလိုနိဂုံးချုပ်ခဲ့ပါသည်၊ “သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီမပါဘဲ၊ အဘယ်လူသားမျှ ကျပ်တည်းကျဉ်းမြောင်းသည့်လမ်းတွင် လျှောက်လှမ်းနိုင်မည်မဟုတ်ပါ။””

၄။

ကျွန်တော်တို့၏သေခြင်းရှိရာခရီးစဉ်များတွင် လမ်းညွှန်ပေးသည့် အားကောင်းသောအကူအညီများစွာ ရှိနေလျက်ပင်၊ ကျွန်တော်တို့၏ကယ်တင်ရှင်နှင့်ရွေးနုတ်ရှင်၊ ယေရှုခရစ်တော်နှင့် သူတို့သတ်မှတ်ထားသောတွေ့ဆုံမှုအတွက် မပြင်ဆင်သောသူများစွာ ရှိနေသေးခြင်းသည် စိတ်ပျက်စရာကောင်းနေပါသည်။ ဤညီလာခံတွင် မကြာခဏလိုလိုဟောပြောခဲ့သော၊ ကိုယ်တော်ရှင်၏အပျိုကညာဆယ်ဦးပုံဥပမာက၊ ကိုယ်တော်နှင့်တွေ့ဆုံဖို့ ဖိတ်ခေါ်ခံရသူတွေအနက်၊ တစ်ဝက်က ပြင်ဆင်မထားခဲ့ကြောင်း ဖော်ပြထားပါသည်။

အပျိုကညာဆယ်ဦး။

တက်ကြွစွာမပါဝင်သောကာလများကြောင့် သူတို့၏ဝိညာဉ်ရေးရာတိုးတက်မှုကို နှောင့်ယှက်ခံခဲ့ရသော သာသနာပြုပြန်များ၊ အသင်းတော်၏သွန်သင်ချက်နှင့် လှုပ်ရှားမှုများတွင် ပါဝင်ဖို့ပျက်ကွက်ခြင်းဖြင့် သူတို့၏ဝိညာဉ်ရေးရာတိုးတက်မှုထိခိုက်ခံရသော လူငယ်များ၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်အာဏာခန့်အပ်ခြင်းကို ရွှေ့ဆိုင်းထားသော အမျိုးသားများ၊ တစ်ခါတစ်ရံ မြင့်မြတ်သောရှေ့ဆောင်သူများ သို့မဟုတ် ထိုက်တန်သည့်မိဘများ၏သားမြေးမြစ်များဖြစ်သော—သန့်ရှင်းသောဗိမာန်တော်တွင် ပဋိညာဉ်ပြုလုပ်စောင့်ထိန်းနိုင်လျက်နှင့် မပြုလုပ်ထားသော အမျိုးသားအမျိုးသမီးများနှင့်ပတ်သက်သည့် မပြင်ဆင်ထားသော ပုံနမူနာများကို ကျွန်တော်တို့အားလုံး သိကြပါသည်။

ကိုယ်ပိုင်ဆုတောင်းချက်။

အသင်းသားများသည် ကိုယ်ပိုင်ဆုတောင်းခြင်း၊ ကျမ်းစာပုံမှန်လေ့လာခြင်းနှင့် မကြာခဏနောင်တရခြင်းဖြစ်သည့် အခြေခံဝိညာဉ်ရေးရာထိန်းသိမ်းရေးအစီအစဉ်ကို လိုက်လျှောက်ရန် ပျက်ကွက်သောအခါ ထိုကဲ့သို့သွေဖည်မှုများစွာ ဖြစ်ပေါ်လာတတ်ပါသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ အချို့က ပွဲတော်မင်္ဂလာသုံးဆောင်ခြင်းဖြင့် အပတ်စဉ် ပဋိညာဉ်များအသစ်တဖန်ပြုလုပ်ခြင်းကို လျစ်လျူရှုထားကြပါသည်။ အသင်းတော်သည် သူတို့၏လိုအပ်ချက်များကို မဖြည့်ဆည်းပေးကြောင်း တချို့ကပြောကြပါသည်၊ ထိုသူများသည် ကိုယ်တော်ရှင်၏များစွာသောသွန်သင်ချက်များနှင့် တစ်ပါးသူများအား အဓိကအစေခံရမည့်အခွင့်အလမ်းများနေရာတွင် ၊ သူတို့ထင်မြင်ယူဆထားသည့် အနာဂတ်လိုအပ်ချက်များကို အစားထိုးလိုက်ကြပါသည်။

နှိမ့်ချခြင်းနှင့် ကိုယ်တော်ရှင်ကို ကိုးစားခြင်းသည် ထိုကဲ့သို့သွေဖည်မှုများအတွက် ကုစားနည်းများဖြစ်ပါသည်။ မော်မုန်ကျမ်းကသင်ကြားပေးသည့်အတိုင်း၊ ကိုယ်တော်ရှင်က “သူ့အား ကိုးစားသောသူတို့ကို ကောင်းချီးပေး၍၊ အောင်မြင်စေ” ပါသည်။ (ဟေလမန် ၁၂:၁)။ ဘုရားသခင်၏ပညတ်တော်များနှင့် ကိုယ်တော်ရှင်၏ပရောဖက်များ၏သွန်သင်ချက်များကို လူသားများ၏နောက်ဆုံးပေါ်တွေ့ရှိချက်များနှင့် လူ့အသိပညာကို ဆန့်ကျင်၍ နှိုင်းယှဉ်ကြည့်သူအားလုံးအတွက် ကိုယ်တော်ရှင်ကို ကိုးစားခြင်းသည် အထူးလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။

ချစ်လှစွာသောကောင်းကင်ဘုံရှိအဘက သူ၏သားသမီးများ သူ့ထံပြန်လာရန် ကူညီပေးနိုင်သော သေခြင်းရှိရာ အကူအညီများစွာအကြောင်း ကျွန်တော်ပြောကြားခဲ့ပါသည်။ ဤမြင့်မြတ်သောအစီအစဥ်၌ ကျွန်တော်တို့၏အပိုင်းသည် ဘုရားသခင်ကိုယုံကြည်ပြီး ဤမြင့်မြတ်သောအကူအညီများကိုရှာဖွေ၍ အသုံးပြုရန်ဖြစ်ပါသည်၊ အထူးအရေးကြီးဆုံးမှာ သူ၏ချစ်စွာသောသားတော်၊ ကယ်တင်ရှင်နှင့် ရွေးနုတ်ရှင်၊ ယေရှုခရစ်‌တော်၏အပြစ်ဖြေခြင်းမှ အကူအညီဖြစ်ပါသည်။ ကျွန်တော်တို့ ဤအခြေခံသဘောတရားများကို သင်ကြားပြီး လိုက်နာကျင့်သုံးကြမည့်အကြောင်း ကျွန်တော်ဆုတောင်းပါသည်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။

မှတ်စုများ

  1. ရှု အာဗြဟံ ၃:၂၂

  2. ရှု အာဗြဟံ ၃:၂၄-၂၅

  3. ရှု မောရှေ ၄:၁-၄

  4. ရှု ၂ နီဖိုင်း ၂:၁၁၊ ၁၅-၁၆

  5. ရှု အယ်လမာ ၇:၁၁-၁၄

  6. ဂျိုးဇက် ဖီးလ်ဒင်း စမစ်၊ Doctrines of Salvation, comp. ဘရူ့စ် အာရ်၊ မက်ခွန်ခီ (၁၉၅၄)၊ ၁:၅၁။ ဤအလင်းသည် “ခပ်သိမ်းသောအရာ၌ရှိ” သော ဘုရားသခင်၏တန်ခိုးတော်ဖြစ်သည်ဟု ဥက္ကဋ္ဌ စမစ်က ထည့်သွင်းထားပါသည်၊ ဩဝါဒနှင့်ပဋိညာဉ်များ ၈၈:၁၃၊ ရှု Doctrines of Salvation၊ ၁:၅၂)။

  7. ရှု ရှင်ယောဟန် ၁၄:၂၆၁၆:၁၃၂ နီဖိုင်း ၃၁:၁၈

  8. ရှု မော်ရော်နိုင်း ၁၀:၄၊ ၈၊ လည်းရှု ၂ နီဖိုင်း ၂၆:၁၃ဩဝါဒနှင့်ပဋိညာဉ်များ ၁၈:၁၈၁ ကောရိန္သု ၁၂:၇

  9. Teachings of Presidents of the Church: Joseph F. Smith (၁၉၉၈)၊ ၇၀။

  10. ရှု ရှင်မဿဲ ၂၅:၁–၂