၂၀၂၅
ထာဝရမိသားစုအတွက် ဘုရားသခင်၏အစီအစဉ်
ဒီဇင်ဘာ ၂၀၂၅ လီယာဟိုနာ


“ထာဝရမိသားစုအတွက် ဘုရားသခင်၏အစီအစဉ်၊” လီယာဟိုနာ၊ ဒီ၊ ၂၀၂၅။

လစဉ် လီယာဟိုနာ အမှာစကား၊ ဒီဇင်ဘာ ၂၀၂၅

ထာဝရမိသားစုအတွက် ဘုရားသခင်၏အစီအစဉ်

ဘုရားသခင်၏အစီအစဉ်ကို လှိုက်လှိုက်လှဲလှဲလက်ခံသော၊ ကယ်တင်ရှင်ချစ်တော်မူသကဲ့သို့ ချစ်သော၊ သူတို့၏ပဋိညာဉ်များကိုစောင့်ထိန်းသော မိသားစုများသည် တစ်နေ့တွင် “ထာဝရအသက်ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသောဝမ်းမြောက်ခြင်း”ကို အမွေခံရမည်ဖြစ်ပါသည်။

စော ပေါလို ဘရာဇီး ဗိမာန်တော်၏ ဓာတ်ပုံ

ကျွန်တော်၏ အချိန်ပြည့်သာသနာပြီးဆုံးခါနီးတွင်၊ စော ပေါလို ဘရာဇီး ဗိမာန်တော်၌ ကျွန်တော်သည် ဝိညာဉ်ပကတိအပ်နှင်းခြင်းခံရပြီး ကျွန်တော့်မိဘများနှင့်တံဆိတ်ခတ်ခြင်းခံရသည့်အခါ ဝမ်းမြောက်ခဲ့ပါသည်။

ကျွန်တော့်မိဘများဖြစ်ကြသည့် အာပါရေစီဒိုနှင့် မာစေဒီစ်တို့သည် မတူညီသည့် ဘာသာရေးနောက်ခံများမှလာခဲ့ကြသော်လည်း၊ သူတို့၏ဘဝအတွေ့အကြုံများသည် သူတို့အား ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်ကို လက်ခံရန် ပြင်ဆင်ပေးခဲ့ပါသည်။

ကျွန်တော်၏ဖခင်သည် ကောင်းမွန်သော်လည်း ဘာသာရေးလိုက်စားမှုမရှိသော မိသားစုတွင် ကြီးပြင်းခဲ့ရပါသည်။ သို့သော်လည်း၊ လူငယ်အရွယ်တွင် သူသည် ဘာသာရေးကိုစိတ်ဝင်စားခဲ့ပါသည်။ သူသည် သမ္မာကျမ်းစာကိုဖတ်ခဲ့ပြီး၊ သမ္မာကျမ်းစာအတန်းများကိုတက်ရောက်ခဲ့ကာ ယေရှုခရစ်တော်၏အသက်တာကို လေ့လာခဲ့ပါသည်။ သူ၏လေ့လာမှုများသည် သူ့အား ကယ်တင်ရှင်၏ဧဝံဂေလိတရားတော်နှင့် မိသားစုနှစ်မျိုးစလုံးအပေါ် စိတ်ဝင်စားမှုကြီးမားစေခဲ့ပြီး၊ သူနှင့်စိတ်သဘောထားတူသူတစ်ဦးနှင့် လက်ထပ်လိုသည့်ဆန္ဒ ဖြစ်ပေါ်စေခဲ့ပါသည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ကျွန်တော့်မိခင်သည် ဘာသာရေးကို နက်ရှိုင်းစွာ ကိုင်းရှိုင်းသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပါသည်။ သူတို့သည် ဧဝံ‌ဂေလိအခြေခံဩဝါဒများကို လှိုက်လှိုက်လှဲလှဲလက်ခံပြီး ဘုရားကျောင်းဝတ်ပြုခြင်းများကို တက်ရောက်ခဲ့ကာ သူတို့၏ဘာသာကို သစ္စာရှိစွာကျင့်သုံးခဲ့ကြပါသည်။ ထိုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့်အတွက်၊ ကျွန်တော့်မိခင်သည် ဘုရားကျောင်းအစည်းအဝေးတစ်ခုမျှ လစ်ဟင်းဖူးခြင်းမရှိသော လူပုဂ္ဂိုလ်မျိုး ဖြစ်လာခဲ့ပါသည်။

ထို့ကြောင့်၊ ကျွန်တော့်မိဘများလက်ထပ်ပြီး ကျွန်တော်နှင့် ကျွန်တော့်အကိုသုံးယောက် ရောက်လာသည့်နောက်တွင်၊ သူတို့သည် ဧဝံ‌ဂေလိအခြေခံဩဝါဒများအကြောင်း သူတို့သိရှိထားသမျှ ပညာအလင်းအတွင်း ကျွန်တော်တို့ကိုပျိုးထောင်ရန် သူတို့တတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါသည်။ တစ်နေ့တွင်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်တွင် ပါဝင်မှုအားနည်းသောအသင်းသားဖြစ်သည့် ကျွန်တော့်အဒေါ်က ကျွန်တော့်ဖခင်ကို ယခုလိုပြောခဲ့ပါသည်၊ “မင်းမှာသားလေးယောက်ရှိတယ်။ ခရစ်တော်ကို ဗဟိုပြုတဲ့မိသားစုကို မင်းတကယ်ပဲပျိုးထောင်ချင်ပြီး မင်းမိသားစုမှာ ဘုရားသခင်ရှိစေချင်တယ်ဆိုရင်၊ ငါ့အသင်းတော်ကို မင်းသွားဖို့လိုတယ်။”

ကျွန်တော့်ဖခင်က သူမပြောတာကိုကြားခဲ့သော်လည်း၊ အချိန်ပြည့်သာသနာပြုများ ကျွန်တော်တို့ရပ်ကွက်ထဲ စာစောင်များဖြန့်ဝေပြီး၊ ကျွန်တော်တို့တံခါးကိုခေါက်ကာ ကျွန်တော်တို့ကို စတင်သင်ကြားသောနေ့မတိုင်ခင်အထိ ဘာမှလုပ်ဆောင်ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော့်အဒေါ်က သူ့ကိုလေ့လာစုံစမ်းဖို့ တိုက်တွန်းခဲ့သည့် အသင်းတော်ကို ဒီသာသနာပြုတွေက ကိုယ်စားပြုကြောင်း သူမြန်မြန် သဘောပေါက်ခဲ့ပါသည်။

အလင်းနှင့် သမ္မာတရား

ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်၌ ကျွန်တော့်မိဘများ ဦးစွာစိတ်ဝင်စားစေခဲ့သော အကြောင်းရင်းများထဲမှတစ်ခုမှာ အသင်းတော်က မိသားစုအပေါ်ထားသော အရေးပါမှုနှင့် “ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ချီးမြှောက်ခြင်းအမှုများစွာတို့မှာ မိသားစုအားဖြင့် ပြီးမြောက်”ကြောင်း သင်ကြားချက်ဖြစ်ပါသည်။ သူတို့ဗတ္တိဇံမခံယူမီ၊ ကျွန်တော့်မိဘများသည် သူတို့သင်ယူခဲ့သည့်အရာများကို အလွန် သဘောကျနှစ်သက်ခဲ့သောကြောင့် သူတို့သည် အိမ်နီးချင်းများကို သာသနာပြုများ၏သင်ခန်းစာများတွင် သူတို့နှင့်အတူ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြပါသည်။

အသင်းလူကြီး ဆောရက်စ်၏မိဘများ ဓာတ်ပုံ

ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်၌ ကျွန်တော့်မိဘများ ဦးစွာစိတ်ဝင်စားစေခဲ့သော အကြောင်းရင်းများထဲမှ တစ်ခုမှာ အသင်းတော်က မိသားစုအပေါ်ထားသော အရေးပါမှုဖြစ်ပါသည်။

သူတို့သည် သာသနာပြုများနှင့်တွေ့ဆုံပြီး သူတို့၏ဗတ္တိဇံခံခြင်းပြီးနောက်၊ ဧဝံဂေလိတရားတော်ကို ဆက်လက်သင်ယူကြသည်နှင့်အမျှ၊ ကျွန်တော့်မိဘများသည် “[သူတို့၏]သားသမီးများကို အလင်းနှင့် သမ္မာတရားဖြင့် ပြုစုပျိုးထောင်ကြရန်” နည်းလမ်းများနှင့် ဝိညာဉ်ရေးအရ “[သူတို့၏]အိမ်ကို အစီအစဉ်တကျရှိစေ”ရန် နည်းများကို သင်ယူခဲ့ကြပါသည် (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၄၀၊ ၄၃)။

သူတို့သည် “မိသားစုမှာ ဖန်ဆင်းရှင်၏သားသမီးတို့၏ ထာဝရကံကြမ္မာအတွက် သူ့အစီအစဉ်၌ ဗဟိုချက်ဖြစ်ကြောင်း” နှင့် “သခင်ယေရှုခရစ်တော်၏ သွန်သင်မှုများအပေါ်တွင် တည်ဆောက်ထားသောအခါ မိသားစုဘဝ၌ ပျော်ရွှင်ခြင်းကို ရရှိနိုင်ခြေအရှိဆုံးဖြစ်”ကြောင်းကို သင်ယူခဲ့ကြပါသည်။

သူတို့သည် “အောင်မြင်သောအိမ်ထောင်များနှင့် မိသားစုများသည် ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ နောင်တရခြင်း၊ ခွင့်လွှတ်ခြင်း၊ လေးစားမှု၊ ချစ်ခြင်း၊ စာနာရိုင်းပင်းခြင်း၊ အလုပ်၊ ထို့အတူ ကောင်းကျိုးပေးသော အပန်းဖြေရေး လှုပ်ရှားမှုများ၏အခြေခံသဘောတရားများဖြင့် တည်ဆောက် ထိန်းသိမ်းထားခြင်းဖြစ်”ကြောင်း သင်ယူခဲ့ကြပါသည်။

မိသားစုများသည် ထာဝရဖြစ်နိုင်ကြောင်းနှင့် “ဤနေရာတွင် ကျွန်ုပ်တို့၌တည်ရှိသည့် အလားတူ လူမှုဆက်ဆံရေးသည် ထိုနေရာတွင် ကျွန်ုပ်တို့၌ တည်ရှိလိမ့်မည်၊ သို့ရာတွင် ထာဝရဘုန်းအသရေနှင့်အတူရှိလိမ့်မည်” (ဩဝါဒနှင့် ပဋိညာဉ်များ ၁၃၀:၂) ဖြစ်ကြောင်း သူတို့သင်ယူခဲ့ကြပါသည်။

ပြီးနောက် သူတို့သည် “အသင်းတော်၌ သွန်သင်ချက်တိုင်း၊ လှုပ်ရှားမှုတိုင်း၏အဓိကရည်ရွယ်ချက်သည် မိဘများနှင့် သူတို့၏သားသမီးများ အိမ်တွင်ပျော်ရွှင်ပြီး၊ ထာဝရထိမ်းမြားခြင်း၌ တံဆိပ်ခတ်ထားကာ၊ သူတို့၏မျိုးဆက်များနှင့် ဆက်သွယ်ထားခြင်းဖြစ်ကြောင်း” သင်ယူခဲ့ကြပါသည်။

ထိုအသိပညာဖြင့်၊ သူတို့သည် ထာဝရမိသားစုအဖြစ် တံဆိပ်ခတ်ခြင်းခံရရန် ဆန္ဒရှိခဲ့ကြပါသည်။

ထာဝရသို့ ရှေးရှုခြင်း

ကျွန်တော့်မိဘများဗတ္တိဇံခံပြီးနောက်၊ သူတို့သည် လောကအရာမှ ဧဝံဂေလိတရားနိုင်ငံတော်ဆီသို့ ကူးပြောင်းကာ သူတို့သင်ယူခဲ့သည်များကို လက်တွေ့ကျင့်သုံးခဲ့ကြပါသည်။ သူတို့သည် အိမ်တွင်းညနေခင်းဝတ်ပြုခြင်းနှင့် မိသားစုကျမ်းစာလေ့လာခြင်း၊ ဘုရားကျောင်းအစည်းအဝေးများကို သစ္စာရှိစွာတက်ရောက်ခြင်းနှင့် မိသားစုသမိုင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့၏မိသားစုကို စည်းလုံးရန် ကြိုးပမ်းခဲ့ပါသည်။ စည်းလုံးညီညွတ်ခြင်းကိုဦးတည်သည့် ထိုအားထုတ်မှုများဖြင့်၊ သူတို့သည် ထာဝရသို့ ရှေးရှုလျက် ကယ်တင်ခြင်းအစီအစဉ်အပေါ် ဗဟိုပြုသည့် မိသားစုတစ်စုကိုဖန်တီးရန် မျှော်လင့်ခဲ့ကြပါသည်။

ကျွန်တော့်မိဘများဗတ္တိဇံခံခဲ့သည့် ၁၉၆၅ ခုနှစ်တွင်၊ စော ပေါလို၊ ဘရာဇီးနှင့် အနီးဆုံးဗိမာန်တော်သည် မိုင် ၆,၀၀၀ နီးပါး (ကီလိုမီတာ ၉,၆၅၀ ခန့်) အကွာတွင် ရှိသည့် မီဆာ၊ အရီဇိုးနားတွင် ရှိခဲ့ပါသည်။ ကျွန်တော်တို့မိသားစုအတွက် ခရီးထွက်ခြင်းက အတော်စရိတ်ကြီးလွန်းသောကြောင့်၊ ကျွန်တော်မိဘများသည် သူတို့၏ဗိမာန်တော်ဘိသိက်မင်္ဂလာများခံယူပြီး တံဆိတ်ခတ်ခြင်းခံရနိုင်ရန် ၁၉၇၈ခုနှစ်တွင် စော ပေါလို ဘရာဇီး ဗိမာန်တော်ဆက်ကပ်ခြင်းအထိ စောင့်ဆိုင်းခဲ့ရပါသည်။ ထိုအချိန်တွင်၊ ကျွန်တော်သည် ဟီရို ဒီ ဂျနေဒိုတွင် သာသနာအမှုဆောင်နေခဲ့ပါသည်။

၁၉၈၀ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော်၏သာသနာပြုခြင်း မပြီးဆုံးခင် နှစ်လခန့်တွင်၊ ကျွန်တော့်သာသနာဥက္ကဋ္ဌက ကျွန်တော်ဝိညာဉ်ပကတိအပ်နှင်းခံရနိုင်ရန်နှင့် ကျွန်တော့်မိဘများနှင့် တံဆိပ်ခတ်ခံရနိုင်ရန်အတွက် စော ပေါလိုရှိ ဗိမာန်တော်သို့ ဟီရို ဒီ ဂျနေဒိုမှ ပန္နက်အသင်းသားများနှင့်အတူ ညအိပ်ခရီးသွားရန် ကျွန်တော့်အလုပ်ဖော်နှင့် ကျွန်တော့်ကိုခွင့်ပြုခဲ့ပါသည်။ ကျွန်တော့်မိဘများကဲ့သို့၊ ကျွန်တော်သည် ဗိမာန်တော်ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များ၏ ကတိပြုထားသောကောင်းချီးများအတွက် နှစ်များစွာစောင့်ဆိုင်းခဲ့ပါသည်။

ထိုအတွေ့အကြုံက ကျွန်တော့်ရဲ့အနာဂတ်အပေါ်အမြင်ကို ပြောင်းလဲပေးခဲ့ပြီး ဥက္ကဋ္ဌ ရပ်ဆဲလ် အမ် နယ်လ်ဆင်၏ မကြာသေးမီကစကားများဖြစ်သော “ဗိမာန်တော်ထဲမှာရှိတဲ့အချိန်က သင့်ကို ဆီလက်ရှယ်လ်စဥ်းစားရန် ကူညီပေးနိုင်ပြီး၊ သင်တကယ်ဘယ်သူဖြစ်တယ်ဆိုတာ၊ ဘယ်သူဖြစ်လာနိုင်တယ်ဆိုတာ၊ ဘယ်လိုဘဝမျိုးကိုထာဝရ ရနိုင်တယ်ဆိုတာကို မြင်လာခွင့်ရနိုင်ပါတယ်”ဆိုသည့် စစ်မှန်သောသမ္မာတရားအား ကျွန်တော့်ကို ပထမဆုံးရိပ်ခနဲမြင်တွေ့စေခဲ့ပါတယ်။

ထိုအခိုက်အတန့်မှာ ဗိမာန်တော်ရှိ ကျွန်တော်၏ခဏတာအချိန်သည် ကျန်ရှိသော ကျွန်တော်၏သာသနာအမှုဆောင်ခြင်းကို နက်ရှိုင်းစွာလွှမ်းမိုးခဲ့ပါသည်။ ထိုရူပါရုံအသစ်ဖြင့်၊ ဗိမာန်တော်နှင့် မိသားစုများအတွက် ဘုရားသခင့်အစီအစဉ်၏အရေးပါမှုကို သက်သေခံခြင်းသည်လည်း ကျွန်တော့်ဘဝအပေါ် အစဉ်အမြဲ သက်ရောက်မှုရှိခဲ့ပါသည်။

ကျွန်တော့်သာသနာပြုခြင်းအပြီး နှစ်နှစ်အကြာမှာ ကျွန်တော့်ဇနီး ရိုဇနာနဲ့ကျွန်တော်တို့လက်ထပ်ခဲ့ကြသောအခါ၊ ကျွန်တော်တို့၏ကိုယ်ပိုင်ထာဝရမိသားစုကို ပြုစုပျိုးထောင်ဖို့ရည်ရွယ်ချက်ဖြင့် ဗိမာန်တော်၌ ကျွန်တော်တို့တံဆိပ်ခတ်ခဲ့ကြပါသည်။ ထိုသို့ပြုလုပ်ရန်၊ ကျွန်တော်တို့၏မိဘများက ကျွန်တော်တို့ကိုသင်ကြားပေးခဲ့သည့်အရာများအတိုင်း မိသားစုအစဥ်အလာများကို ဖန်တီးရန် ကျွန်တော်တို့အတူအကွ ကြိုးပမ်းခဲ့ကြပြီး အားလုံးကို ကယ်တင်ရှင်၊ သူ၏သွန်သင်ချက်များနှင့် သူ၏ယနေ့ခတ်ပရောဖက်များ၏သွန်သင်ချက်များအပေါ် အာရုံစိုက်ခဲ့ကြပါသည်။

ယနေ့ ကျွန်တော်တို့၏ကလေးများသည် အလားတူ ပျော်ရွှင်မှု၏ဧဝံဂေလိအခြခံဩဝါဒများဖြင့် သူတို့၏ကလေးများကို ပြုစုပျိုးထောင်နေကြပါသည်။ ကျွန်တော်တို့အတွက်၊ ဘုရားသခင်၏အစီအစဉ်၌ မိသားစု၏အချက်အချာကျမှုကို ကျွန်တော်တို့နားလည်သောကြောင့် မိသားစုသည် အရာရာတိုင်းဖြစ်ပါသည်။

အထွေထွေအာဏာပိုင်တစ်ဦးအနေဖြင့်၊ ကျွန်တော့်သားသမီးသုံးယောက်ကို သူတို့၏အိမ်ထောင်ဖက်များနှင့် ဗိမာန်တော်၌ တံဆိပ်ခတ်ပေးခြင်းကောင်းချီးကို ကျွန်တော်ရရှိခဲ့ပါတယ်။ ဗိမာန်တော်ရှိ ပလ္လင်၌ သူတို့ဒူးထောက်နေသည့်အခိုက်အတန့်တွင် သူတို့၏မျက်လုံးများထဲကိုကြည့်ခြင်းသည် လှပသောအတွေ့အကြုံတစ်ခုဖြစ်ပါသည်။ ကျွန်တော့်ကိုကျွန်တော့်မိဘများ သင်ကြားပေးခဲ့သည့်၊ ထို့အတူ သူတို့ကို ရိုဇနာနှင့်ကျွန်တော် သင်ကြားပေးခဲ့သည့် အလားတူ ဧဝံဂေလိအခြခံဩဝါဒများဖြင့် ကျွန်တော့်သားစဉ်မြေးဆက်တို့ ကောင်းချီးခံစားနေရသည်ကို ကျွန်တော်မြင်နိုင်ခဲ့ပါသည်။ ထိုကောင်းချီးများသည် အနာဂတ်မျိုးဆက်များတွက် ဆက်လက်တည်ရှိနေမည်ကို ကျွန်တော်မြင်နိုင်ခဲ့ပါသည်။ ပြီးနောက် အားလုံးကိုဖြစ်နိုင်အောင်ပြုလုပ်ပေးသူကို ကျွန်တော့်အားသတိရစေခဲ့ပါသည်။

စင်ပေါ်ရှိ ခရစ်တော်မွေးဖွားရာ ဇာတ်ရုပ်ပုံစံအစုံ အမျိုးအမျိုး

ခရစ္စမတ် နှိုးဆော်မှု

မိသားစုသည် ဘုရားသခင်၏ပျော်ရွှင်ခြင်း​အစီအစဉ်အတွက် အချက်အချာကျပါသည်၊ သို့သော် ကယ်တင်ရှင်ယေရှုခရစ်တော်မပါဘဲ ထိုအစီအစဉ် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါ။ ကိုယ်တော်၏ဧဝံဂေလိတရားတော်၌တွေ့ရသည့် ကိုယ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၊ ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များသည် ချီးမြှောက်ခြင်းကတိတော်ကို ဖြစ်မြောက်စေပါသည်။

ဥက္ကဋ္ဌ နယ်လ်ဆင်က ယခုလိုကြေညာခဲ့ပါသည်၊ “ချီးမြှောက်ခြင်းက မိသားစုအရေးကိစ္စဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်၏ ကယ်တင်ခြင်းဘိသိက်မင်္ဂလာများအားဖြင့်သာ မိသားစုများကို ချီးမြှောက်နိုင်ပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းအားထုတ်ရခြင်းရဲ့ နောက်ဆုံးပန်းတိုင်က ဝိညာဉ်ပကတိအပ်နှင်းခြင်း၊ တံဆိပ်ခတ်ခြင်းနဲ့ ဘုရားသခင်ရဲ့မျက်မှောက်တော်မှာ ထာဝရအသက်အတွက် ပြင်ဆင်ပြီး မိသားစုတစ်စုအဖြစ် ကျွန်တော်တို့ပျော်ရွှင်လာကြဖို့ပဲ ဖြစ်ပါတယ်။”

ကျွန်တော်တစ်ခါမှမမြင်ဖူးသောနေရာများသို့ ကျွန်တော်လည်ပတ်သောအခါ၊ ရိုဇနာနှင့်ကျွန်တော်ကို ကယ်တင်ရှင်အား သတိရစေသည့် သေးငယ်သော ခရစ်တော်မွေးဖွားရာ ဇာတ်ရုပ်ပုံစံကို ကျွန်တော်ကြိုးစားရှာဖွေပါသည်။ ကျွန်တော် အတော်လေး စုဆောင်းမိနေပါသည်။

ထိုခရစ်တော်မွေးဖွားရာဇာတ်ရုပ်ပုံစံများကို တွေးတောဆင်ခြင်နေစဉ်မှာ၊ ကျွန်တော့်ဇနီးနှင့်ကျွန်တော်သည် တစ်ခါက ဤသို့ ဆင်ခြင်စဉ်းစားမိကြပါသည်၊ “ကျွန်တော်တို့ရဲ့ အသက်တာတွေမှာ အမှန်တကယ် အရေးပါဆုံးက ဘာဖြစ်ပါသလဲ။” အ​ဖြေ​က၊​ တ​ကယ်​တော့၊ ကယ်​တင်​ရှင်၊ သူ၏ဧဝံဂေလိတရားတော်နှင့် ကျွန်တော်တို့၏မိသားစု​ဖြစ်​ပါ​သည်။ ကျွန်တော်တို့အပေါ်ထားသည့် ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘ၏ချစ်ခြင်းနှင့် ကယ်တင်ရှင်အားဖြင့် ထာဝရမိသားစုများ၏ကတိတော်ဖြစ်လာနိုင်ကြောင်းကို ကျွန်တော်တို့အမှတ်ရစေရန်၊ ခရစ္စမတ်မတိုင်မီ လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော်တို့အိမ်ရှိ စင်ကြီးနှစ်ခုပေါ်တွင် ကျွန်တော်တို့၏ခရစ်တော်မွေးဖွားရာ ဇာတ်ရုပ်ပုံစံအားလုံးကို တင်ထားခဲ့ပြီး ခရစ္စမတ်အားလပ်ရက်များပြီးနောက် ၎င်းတို့ကိုပြန်သိမ်းမည့်အစား ထိုအတိုင်းပြသထားခဲ့ပါသည်။ ထိုအစဥ်အလာသည် ကျွန်တော်တို့အိမ်တွင် တစ်နှစ်ပတ်လုံး ခရစ္စမတ်၏အနှစ်သာရကိုထိန်းထားပေးရန် ကျွန်တော်တို့ကိုကူညီပေးပါသည်။

နေ့စဉ် ထိုခရစ်တော်မွေးဖွားရာ ဇာတ်ရုပ်ပုံစံများကို ကျွန်တော်တို့ကြည့်သည်နှင့်အမျှ၊ ၎င်းတို့သည် ကျွန်တော်တို့အသက်တာများတွင် ကယ်တင်ရှင်၏ အဓိကကျသောအခန်းကဏ္ဍကို ကျွန်တော်တို့အား ညင်သာစွာသတိပေးပါသည်။ ၎င်းတို့သည် ယခုတွင် မြေ​ကြီး​ပေါ်​၌​ ငြိမ်​သက်​ခြင်း (ရှု လုကာ ၂:၁၄) နှင့် ကယ်တင်ရှင်နှင့် သူနှင့်ပြုသောကျွန်တော်တို့၏ပဋိညာဉ်များကို စောင့်ထိန်းခြင်းပေါ်မူတည်၍ နောက်လာမည့်လောကရှိ ထာဝရပျော်ရွှင်ခြင်းကို ကျွန်တော်တို့အားအမှတ်ရစေပါသည်။ ပြီးနောက် ၎င်းတို့သည် ကျွန်တော်တို့အားအမှတ်ရစေသည်မှာ “လောကအတွက် လက်ဝါးကပ်တိုင်မှာကွပ်မျက်ခံရဖို့၊ ထို့အတူ လောကီသားတို့၏အပြစ်များကို ခံခြင်းငှာ၊ ထို့အတူ လောကကို သန့်ရှင်းစေခြင်းငှာ၊ ထို့အတူ ခပ်သိမ်းသော မတရားမှုမှ သန့်စင်စေခြင်းငှာ၊ သူ၊ ယေရှုသည်ပင်၊ လောကထဲသို့ ကြွလာတော်မူခဲ့သည့်အကြောင်း၊

“ခမည်းတော်က မိမိတန်ခိုးတော်အောက်၌ထား၍ ဖန်ဆင်းတော်မူခဲ့သူတည်းဟူသော သူအားဖြင့် ခပ်သိမ်းသောသူတို့ ကယ်တင်ခြင်းသို့ ရောက်နိုင်စေသည့် အကြောင်းပေတည်း။” (ဩဝါဒနှင့် ပဋိညာဉ်များ ၇၆:၄၁–၄၂)။

ကျွန်တော်တို့မိဘများထံမှ ဤသမ္မာတရားများကို ကျွန်တော်တို့သင်ယူခဲ့သည့်အတိုင်းပင်၊ ရိုဇနာနှင့်ကျွန်တော်သည် ၎င်းတို့ကို ကျွန်တော်တို့၏သားသမီးများထံ လက်ဆင့်ကမ်းပေးရန် ကြိုးပမ်းခဲ့ကြပါသည်။ ယခု ကျွန်တော်တို့၏သားသမီးများသည် ဤအလားတူသမ္မာတရားများကို သူတို့၏သားသမီးများအား သင်ကြားပေးနေကြပါသည်။ ဘရာဇီးနိုင်ငံရှိ ကျွန်တော်တို့အိမ်ငယ်လေးတွင် လွန်ခဲ့သောနှစ်ပေါင်း ၆၀က ကျွန်တော့်မိဘများ၏နှလုံးသားထဲ၌ စိုက်ပျိုးခဲ့သော မျိုးစေ့များသည် ပေါက်ဖွားခဲ့ပြီး “အဖိုး​အထိုက်ဆုံး​ဖြစ်သော၊ ချိုသော​အရာ​အားလုံးတို့ထက် သာ၍​ချိုသော၊ ဖြူသည့်​အရာ​အားလုံးတို့ထက် သာ၍​ဖြူသော၊ ထိုမှတစ်ပါး၊ စင်ကြယ်သော​အရာ​အားလုံးထက် သာ၍​စင်ကြယ်သော​” (အယ်လမာ ၃၂:၄၂) အသီးကို သီးပွင့်စေခဲ့ပါသည်။

မိသားစုများအတွက် ဘုရားသခင်၏အစီအစဉ်ကို လှိုက်လှိုက်လှဲလှဲလက်ခံသော၊ ကယ်တင်ရှင်ချစ်တော်မူသကဲ့သို့ ချစ်သော၊ သူတို့၏ပဋိညာဉ်များကိုစောင့်ထိန်းသော သူများသည် တစ်နေ့တွင် သူတို့ချစ်ရသောသူများနှင့်အတူ၊ ခမည်းတော်နှင့်သားတော်နှင့်အတူ “ထာဝရအသက်ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသောဝမ်းမြောက်ခြင်း” ကို ဆက်ခံမည်ဖြစ်ကြောင်း ကျွန်တော်သက်သေခံပါသည်။