2025
ဘုရားသခင်မဟုတ်သူ
သြဂုတ် ၂၀၂၅


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဩဂုတ် ၂၀၂၅

ဘုရားသခင်မဟုတ်သူ

ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘအကြောင်း အမှန်တရား ၅ခု

ဘုရားသခင်သည်မည်သူမဟုတ်ကြောင်းကို ကျွန်ုပ်တို့နားလည်သောအခါ ဘုရားသခင်သည် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့များစွာသင်ယူနိုင်ပါသည်။

ဆေးနှင့်စုတ်တံ

ခမီလာ ဂရေး ၏ သရုပ်ဖော်ပုံ

ပြန်လည်ဆောင်ယူခြင်း၏အကြီးမားဆုံးကောင်းချီးများမှတစ်ခုမှာ ဘုရားသခင်သည်မိမိကိုယ်ကိုယ်နှင့် ချစ်ခြင်းမေတ္တာပြည့်ဝသော ကောင်းကင်ဘုံရှင်အဘတစ်ဦးအဖြစ် သူ၏ဝိသေသလက္ခဏာကို တဖန်ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ရံ ကျွန်မတို့တွင် အမှန်မဟုတ်သည့် ဘုရားသခင်နှင့်ပတ်သက်သောအတွေးများ သို့မဟုတ် စိတ်ကူးများရှိကြပါသည်။ ဤသို့ဖြစ်ပေါ်လာသောအခါ၊ ဘုရားသခင်သည်မည်သူမဟုတ်ကြောင်းကို နားလည်ခြင်းအားဖြင့် ဘုရားသခင်သည်မည်သူဖြစ်ကြောင်း ကျွန်မတို့များစွာသင်ယူနိုင်ပါသည်။

ဘုရားသခင်သည် အလွန်ဝေးလှသောအရပ် ပလ္လင်တော်ထက်မှ သူစိမ်းတစ်ယောက်မဟုတ်ပါ

သူသည် သင်စိတ်ကူးကြည့်နိုင်သော အကောင်းဆုံးလောကီဖခင်ထက်ပင်လျှင် ပို၍ အံ့ဩဖွယ်ကောင်းသော ကျွန်မတို့၏ဖခင်ဖြစ်ပါသည်။ သူနှင့်အတူရှိခဲ့သည့် ကျွန်မတို့၏သေခြင်းရှိရာမတိုင်မီဘဝကို ကျွန်မတို့မမှတ်မိနိုင်သော်လည်း၊ သူသည် ကျွန်မတို့ကို တစ်ဦးချင်းစီကို စုံလင်စွာသိပါသည်။ သူ့တွင် အသားနှင့် အရိုးတို့ရှိသည့် စုံလင်သောကိုယ်ခန္ဓာရှိပြီး၊ ကျွန်မတို့သည် သူ၏ပုံသဏ္ဌာန်အတိုင်းဖြစ်ကြပါသည်။

ဘုရားသခင်သည်မည်ကဲ့သို့ဖြစ်ကြောင်း ပုံဖော်ကြည့်ရန် သင်အခက်တွေ့နေပါက၊ စုံလင်သောပုံသက်သေတစ်ပါး၊ သူ၏သားတော်၊ ယေရှုခရစ်တော်ရှိပါသည်။ ခရစ်တော်က ပြောခဲ့ပါသည်၊ “ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။ သင်​တို့​သည် ငါ့​ကို​သိ​လျှင် ငါ့​ခ​မည်း​တော်​ကို မ​သိ​ဘဲ​မ​နေ​ကြ” (ရှင်ယောဟန် ၁၄:၆–၇)။ တစ်နည်းဆိုရသော်၊ ကောင်းကင်ဘုံရှင်အဘသည် မည်ကဲ့သို့ဖြစ်ကြောင်း ကျွန်မတို့သိလိုပါက၊ ယေရှုခရစ်တော်သည် မည်ကဲ့သို့ဖြစ်ကြောင်း ကျွန်မတို့သင်ယူနိုင်ပါသည်။ သူတို့သည် ရည်ရွယ်ချက်၌ အပြည့်အဝညီညွှတ်ကြပါသည်။

ဘုရားသခင်သည် သင့်အတွက်အလွန်အလုပ်များသည့် တစ်စုံတစ်ယောက် မဟုတ်ပါ

အမှန်တော့၊ ထာဝရအသက်ရရှိစေရန် သင့်အားကူညီခြင်းသည် သူ၏အမှုတော်နှင့် ဘုန်းတော်ဖြစ်ပါသည်။ သင်သည် သူ၏နံပါတ်၁ အာရုံစိုက်မှုဖြစ်ပါသည်။ ကျွန်မတို့ကဲ့သို့ သူ့ကိုအချိန်အားဖြင့် ကန့်သတ်ချည်နှောင်ထားခြင်းမရှိပါ။ မည်သည့်အချိန်တွင်မဆို ဆုတောင်းခြင်းဖြင့် သူ့ထံဆက်သွယ်ပါ။ ထို့နောက် သူအဖြေပေးသည့်နည်းလမ်းများစွာအတွက် နားထောင်ပါ။

ဘုရားသခင်သည် သူ့နောက်လိုက်လျှောက်ရန် သင့်ကိုအတင်းအကျပ်စေခိုင်းနေသည့် တစ်စုံတစ်ယောက် မဟုတ်ပါ။

တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ အသင်းလူကြီး ဒေးလ် ဂျီ၊ ရန်လန်သည် တစ်ခါက သွန်သင်ခဲ့ပါသည်၊ “မိဘအုပ်ထိန်းခြင်းတွင် ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘ၏ ပန်းတိုင်မှာ သူ၏သားသမီးများကို မှန်ရာကိုလုပ်ဆောင်ဖို့ မဖြစ်စေရန်ဖြစ်ပါတယ်၊ မှန်ရာကို လုပ်ဆောင်ရန် သူ၏သားသမီးများကို ရွေးချယ် စေပြီး နောက်ဆုံးတွင် သူကဲ့သို့ ဖြစ်လာစေဖို့ဖြစ်ပါတယ်။” သူသည်သင့်ကိုဖိတ်ခေါ်ပြီး သင်နှင့်တိုင်ပင်ကာ သင့်အားအမှန်တရားကိုသင်ကြားပေးပါလိမ့်မည်၊ သို့သော် သူ့နောက်သို့လိုက်လျှောက်ရန် သင့်အားအတင်းအကျပ်စေခိုင်းခြင်းဖြင့် သင်၏ရွေးချယ်ပြုမူနိုင်ခွင့်ကို သူဖယ်ရှားလိမ့်မည်မဟုတ်ပါ။

ဘုရားသခင်သည် သင့်ကိုအပြစ်ပေးနိုင်ရန် သင်အမှားလုပ်သည့်အရာကိုဖမ်းမိဖို့ ကြိုးစားနေသောသူမဟုတ်ပါ။

ယင်းအစား၊ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ အသင်းလူကြီး ပက်ထရစ်ခ် ခီးရွန် ပြောသည့်အတိုင်း၊ “ဘုရားသခင်က သင့်နောက်ကို မဆုတ်မနစ်လိုက်နေပါတယ်” ဆိုလိုသည်မှာ သူ့ထံသို့ပြန်လာဖို့သင့်ကိုကူညီရန် သူသည်ကြိုးစားခြင်းကို ဘယ်တော့မှလက်လျှော့လိမ့်မည်မဟုတ်ပါ။ ကျွန်မတို့အမှားများကိုလုပ်မိသောအခါ သဘာဝအလျောက် ခက်ခဲသောအရာများကို ကျွန်မတို့အားလုံး ရင်ဆိုင်ရလိမ့်မည်ကို သူသိပါသည်။ ထို့ကြောင့် အပြစ်မှသန့်စင်ပြီး သူ၏သားတော်၏ အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ခွန်အားကိုရှာတွေ့ရန် ကျွန်မတို့အတွက် နည်းလမ်းတစ်ခုကို သူထောက်ပံ့ပေးပါသည်။

ဘုရားသခင်သည် သင့်ကို သူချစ်မလာခင်၊ သင်သည် “လုံလောက်” သို့မဟုတ် “စုံလင်” နေရန်အတွက် စောင့်နေသော တစ်စုံတစ်ယောက်မဟုတ်ပါ။

သင့်အတွက် သူ၏ချစ်ခြင်းမေတ္တာသည် အဆုံးမရှိပါ။ မစုံလင်သော သင်၏အရှိအတိုင်း၊ ဘုရားသခင်သည် သင့်အား ယခုပင် ချစ်ခင်ပါသည်။ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ ယာယီဥက္ကဋ္ဌ၊ ဥက္ကဋ္ဌဂျက်ဖရီ အာရ်၊ ဟော်လန်သည် ဤအမှန်တရားအကြောင်း အစွမ်းထက်သောရှင်းလင်းချက်တစ်ခုကို ပေးပါသည်၊ “‘သင်ရှိတဲ့အတိုင်းပဲလာပါ၊’ ကျွန်တော်တို့အယောက်စီတိုင်းကို ချစ်သောအဘကပြောပါတယ်၊ ဒါပေမဲ့ သူထပ်ပြောတာက၊ သင်ဒီအတိုင်းနေဖို့ အစီအစဉ်‘မ’ဆွဲပါနဲ့။’ ဘုရားသခင်က ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ထင်ခဲ့တာထက် ပိုကောင်းအောင်လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းကို ကျွန်တော်တို့ပြုံးပြီး သတိရကြပါတယ်။” စုံလင်သောမေတ္တာနှင့်အားပေးတိုက်တွန်းခြင်းဖြင့်၊ ကောင်းကင်ဘုံရှင်အဘသည် သူကဲ့သို့ဖြစ်လာပြီး သူ၌ရှိသည့်အရာခပ်သိမ်းကို တစ်ဆင့်ပြီးတစ်ဆင့် ရရှိရန် သင့်ကိုကူညီဖို့ကြိုးစားနေပါသည်။

ဘုရားသခင်ဖြစ်သူ

သင်၏ကောင်းကင်ဘုံရှင်အဘအားသိကျွမ်းရန် အကောင်းဆုံးနည်းလမ်းသည် သူနှင့်အတူအတွေ့အကြုံများဆက်လက်ရှိနေရန်ဖြစ်ပါသည်။ မည်သို့နည်း။ သူနှင့်သူ့သားတော်အကြောင်းကို ကျမ်းစာများနှင့် အသက်ရှင်သောပရောဖက်များ၏စကားများမှ သင်ယူပါ။ သူ့ထံဆုတောင်းပါ။ သူ၏ပညတ်တော်များကိုစောင့်ထိန်းပါ။ ဆိတ်ငြိမ်သောကိုယ်ပိုင်အချိန်ယူကာ ဘုရားကျောင်း၌၊ ဗိမာန်တော်ထဲနှင့် အခြားသန့်ရှင်းသောနေရာများတွင် သူ့အားကိုးကွယ်ဝတ်ပြုပါ။ သူနှင့်အတူ ပဋိညာဉ်များပြုလုပ်၍စောင့်ထိန်းပါ။ ဘုရားသခင်သည် မည်သူဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သင့်အားမည်ကဲ့သို့ထင်မြင်ကြောင်း သင်သိစေရန် ကူညီပေးပါလိမ့်မည်။

မှတ်စုများ

  1. ရှု သြဝါဒနှင့် ပဋိညာဥ်များ ၁၃၀:၂၂

  2. ရှု လူငယ်တို့အတွက်ခွန်အား၊ A Guide for Making Choices (၂၀၂၂)၊ ၂၃။

  3. ရှု မောရှေ ၁:၃၉

  4. ဒေးလ် ဂျီ၊ ရန်လန်၊ အောက်၊ ၂၀၁၈ အထွေထွေညီလာခံ (အန်ဇိုင်း သို့မဟုတ် လီယာဟိုနာ နို၊ ၂၀၁၈၊ ၁၀၄)။

  5. ပက်ထရစ်ခ် ခီးရွန်၊ ဧပြီ၊ ၂၀၂၄ အထွေထွေညီလာခံ (အန်ဇိုင်း၊ မေ ၂၀၂၄၊ ၈၇)

  6. ဂျက်ဖရီ အာရ်၊ ဟော်လန်၊ ဧပြီ၊ ၂၀၁၇ အထွေထွေညီလာခံ (အန်ဇိုင်း သို့မဟုတ် လီယာဟိုနာ၊ မေ၊ ၂၀၁၇၊ ၅၁)။