“ကျွန်ုပ်တို့အသက်တာများ၏သမ္မာတရား၊” လီယာဟိုနာ၊ သြ၊ ၂၀၂၅။
လစဉ် လီယာဟိုနာ အမှာစကား၊ ဩဂုတ် ၂၀၂၅
ကျွန်ုပ်တို့အသက်တာများ၏ သမ္မာတရား
ကျွန်ုပ်တို့၏ချစ်လှစွာသော ကောင်းကင်ဘုံရှင်အဘသည် ဆုကျေးဇူးအပေါင်းတို့အထဲမှ အကြီးမြတ်ဆုံးအား မည်သို့ရရှိနိုင်ကြောင်းအပါအဝင် ကျွန်ုပ်တို့၏အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်၏ သမ္မာတရားများကို ဖော်ပြတော်မူခဲ့ပါသည်။
၁၈၃၃ခုနှစ်၊ ဇန်နဝါရီလ ၂၂ရက်နေ့တွင် အိုဟိုင်းရိုပြည်နယ်၊ ကာ့တ်လန်း၌ နူဝယ် ကေ၊ ဝှတ်တနီ၏ ဂိုဒေါင်အပေါ် လှေခါးအထက်ရှိ သေးငယ်ပြီး ကြပ်သိပ်သောအခန်းတွင် အသင်းတော်၏ အသင်းလူကြီးများသည် ပရောဖက်ဂျိုးဇက်စမစ်နှင့်အတူ စုဝေးခဲ့ကြပါသည်။ ယခင်နှစ်ဒီဇင်ဘာလတွင်၊ သာသနာပြုခြင်းများအတွက် ညီအစ်ကိုများကိုပြင်ဆင်ပေးရန် အဓိကအားဖြင့် ကျောင်းတစ်ဆောင်ကိုဆောက်လုပ်ဖို့ သူ့အားညွှန်ကြားသော ဗျာဒိတ်တော်တစ်ခုကို ဂျိုးဇက်ရရှိခဲ့ပါသည်။
“သင်တို့ နိုင်ငံတော်၏ဩဝါဒကို တစ်ယောက်ကိုတစ်ယောက် သွန်သင်ပေးကြရမည့် အကြောင်း၊ ကိုယ်တော်ရှင်က ကြေညာခဲ့ပါသည်၊ “ငါသည် သင်တို့အား ပညတ်တော်ကို ပေး၏။”
“သင်တို့သည် လုံ့လဝီရိယထက်သန်စွာ သွန်သင်ကြလော့၊ ငါ၏ကျေးဇူးတော်သည် သင်တို့နှင့် အတူရှိလိမ့်မည်၊ သင်တို့သည် သဘောတရား၌၊ အခြေခံဩဝါဒ၌၊ ဩဝါဒ၌၊ ဧဝံဂေလိတရားတော်ဥပဒေ၌၊ သင်တို့နားလည်ရန် သင့်လျော်သည့်အရာများ တည်းဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သည့် ခပ်သိမ်းသောအရာတို့၌ ပို၍စုံလင်စွာ သွန်သင်ခံကြရ နိုင်စေခြင်းငှာပေတည်း၊ …
“သင်တို့ကို ငါခေါ်သွင်းတော်မူလေရာ အမှုတော်ဆောင်တာဝန်၊ ထို့အတူ သင်တို့ကို ငါအခွင့်အရာပေးတော်မူလေရာ သာသနာပြုခြင်းကို တိုးမြှင့်ဆောင်ရွက်ရန် သင်တို့ကို ငါတစ်ဖန်စေလွှတ်မည့်အချိန်၌ သင်တို့ပြင်ဆင်ပြီးသားရှိနိုင်ကြစေခြင်းငှာပေတည်း” (ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၇၇-၇၈၊ ၈၀)။
၎င်းကိုခေါ်ဆိုသည့်အတိုင်း၊ ဤ“ပရောဖက်တို့၏ကျောင်း”သည် အံ့သြဖွယ်ဝိညာဉ်ရေးရာ သွန်းလောင်းခြင်းကို ထောက်ပံ့ပေးခဲ့ပါသည်။ အသင်းတော်၏အစောပိုင်းခေါင်းဆောင်အများအပြားကို ထိုနေရာတွင်သင်ကြားခဲ့ပါသည်။ ယခုအခါ ကမ္ဘာသည် လုံးဝခြားနားသောနေရာတစ်ခုဖြစ်ပါသည်၊ သို့သော် ထိုအချိန်က ကိုယ်တော်ရှင်ပေးခဲ့သည့်လမ်းပြမှုသည် မယုံနိုင်လောက်အောင် သက်ဆိုင်နေပါသေးသည်။ ကျွန်တော်တို့သည်လည်း “အမှုအရာတို့ အကြောင်းကို ၎င်းတို့ဖြစ်လျက်ရှိသည့်အတိုင်း၊ ထို့အတူ ၎င်းတို့ဖြစ်လေပြီးသည့်အတိုင်း၊ ထို့အတူ ၎င်းတို့ဖြစ်လေမည့်အတိုင်း” (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၂၄) သိခြင်းနှင့် သမ္မာတရားကို ရှာဖွေရပါမည်။
သမ္မာတရားအား ကျွန်ုပ်တို့၏ရှာဖွေမှု
ကျွန်တော်တို့နေထိုင်နေသော ဤခေတ်ကာလတွင်၊ ယခင်ကထက် ကျွန်တော်တို့အသိပညာကို ပိုမိုရရှိနိုင်ပါသည်။ ယခင်က၊ တစ်စုံတစ်ခုကိုသင်သိလိုပါက သင်သည် စာကြည့်တိုက်သို့သွားပြီး ရှာဖွေကြည့်ခဲ့ရပါသည်။ ယနေ့ခေတ်တွင် အင်တာနက်နှင့်လက်ကိုင်ကိရိယာများသည် ချက်ချင်းနီးပါးဆိုသလို ကျွန်တော်တို့ရှာတွေ့နိုင်သည့် အဆုံးမရှိသောအချက်အလက်များကိုရယူခွင့်ပေးပါသည်။
ကျွန်တော်တို့ရနိုင်သည့် အရင်းမြစ်များအား ပညာရှိစွာအသုံးပြုသောအခါ ကိုယ်တော်ရှင်သည် ကျေနပ်အားရပါသည်၊ သို့သော် သူသည် ဤအချိန်မရွေးတန်ဖိုးရှိသော အကြံပြုချက်ကို ပေးထားခဲ့ပါသည်၊ “ဉာဏ်ပညာစကားတို့ကို သင်တို့ လုံ့လဝီရိယထက်သန်စွာရှာပြီး၊ တစ်ယောက်ကို တစ်ယောက် သွန်သင်ပေးကြလော့။ ထိုမှတစ်ပါး၊ အကောင်းဆုံးစာအုပ်များမှ ဉာဏ်ပညာစကားတို့ကို သင်တို့ရှာကြလော့။ သင်ယူခြင်းကို အမှန်စင်စစ်၊ လေ့လာခြင်းအားဖြင့်၊ ထို့အတူ ယုံကြည်ခြင်းအားဖြင့်လည်း အားထုတ်ကြလော့” (ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၁၁၈)။ ကျွန်တော်တို့ဝန်းကျင်ရှိ ကမ္ဘာကြီးအကြောင်းလေ့လာဖို့ ကျွန်တော်တို့ကိုသူတိုက်တွန်းပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၇၉၊ ၉၃:၅၃)၊ သို့သော် သမ္မာတရားအား ကျွန်တော်တို့၏ရှာဖွေမှုတွင်၊ “ခပ်သိမ်းသောအရာတို့ကို နားလည်၏၊ ထို့အတူ ခပ်သိမ်းသောအရာတို့သည် သူ့ရှေ့၌ရှိ၏၊ … ထို့အတူ သူသည် ခပ်သိမ်းသောအရာတို့ အထက်၌၊ … ထို့အတူ ခပ်သိမ်းသောအရာတို့သည် သူ့အားဖြင့်၊ ထို့အတူ သူ့ထံမှ” ဖြစ်သူ၊ ဘုရားသခင်အား ကျွန်တော်တို့မျှော်ကြည့်ကြရပါမည် (ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၄၁)။
ကျွန်တော်တို့အားဘုရားသခင်ပေးခဲ့သော သမ္မာတရားများအနက်၊ မြေကြီးပေါ်ရှိ ကျွန်တော်တို့၏အသက်တာများအတွက် အခြေခံအကျဆုံးတစ်ခုမှာ သူသည် ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘဖြစ်ကြောင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် သူ၏ဝိညာဉ်သားများနှင့်သမီးများဖြစ်ကြပါသည်။ သူသည်ကျွန်တော်တို့ကိုစုံလင်စွာသိကျွမ်းပြီး ချစ်ပါသည်။ ထို့အတူ သူ၏ဝိညာဉ်သားသမီးများအဖြစ်၊ ကျွန်တော်တို့တွင်မြင့်မြတ်သောသဘောနှင့် ကံကြမ္မာရှိပါသည်။ ဤထာဝရသမ္မာတရားများကိုနားလည်ခြင်းနှင့် လှိုက်လှိုက်လှဲလှဲလက်ခံခြင်းသည် ကျွန်တော်တို့၏ကမ္ဘာမြေမတည်ရှိမီဘဝတွင် ကျွန်တော်တို့ကို ကောင်းချီးပေး၍လမ်းညွှန်ခဲ့သည့် ကိုယ်ပိုင်လက္ခဏာ၊ တန်ဖိုးနှင့် ရည်ရွယ်ချက်ကို ကျွန်တော်တို့အားပေးပြီး ယခုနှင့်ထာဝရတိုင် ထိုသို့ဆက်လက်လုပ်ဆောင်ပါလိမ့်မည်။
ကျွန်ုပ်တို့သည် ရှေးဦးစွာ၌ ခမည်းတော်နှင့်အတူ ရှိကြ၏
အမှုအရာတို့၏သမ္မာတရားကို “၎င်းတို့ဖြစ်လေပြီးသည့် အတိုင်း” ကျွန်တော်တို့ရှာဖွေကြသည်နှင့်အမျှ၊ ကျွန်တော်တို့၏ကယ်တင်ရှင်၊ ယေရှုခရစ်တော်ထံမှ ဤစကားများကို ကျွန်တော်တို့ရှာဖွေတွေ့ရှိကြပါသည်၊ “ယခုမူကား၊ သင်တို့ကို ငါအမှန်ဆိုသည်မှာ၊ ငါသည် ရှေးဦးစွာ၌ ခမည်းတော်နှင့် အတူရှိတော်မူ၏၊ သားဦးလည်းဖြစ်တော်မူ၏၊” ထို့အတူ “သင်တို့သည်လည်း ရှေးဦးစွာ၌ ခမည်းတော်နှင့်အတူ ရှိကြ၏” (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၂၁၊ ၂၃)။
မြေကြီးပေါ်ရှိကျွန်တော်တို့၏ဘဝမတိုင်ခင်၊ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘသည် သူ၏ကြီးမြတ်သောပျော်ရွှင်ခြင်းအစီအစဉ်ကို တင်ပြခဲ့သည့် ကောင်းကင်ဘုံရှိ အစည်းအဝေးတစ်ခုကို ကျွန်တော်တို့ တက်ရောက်ခဲ့ကြပါသည်။ ပရောဖက်ဂျိုးဇက်စမစ်က ကိုယ်တော်၏အစီအစဉ်အတွက် ဘုရားသခင်၏စေ့ဆော်အားထုတ်မှုသည် “သူကိုယ်တော်တိုင်ကဲ့သို့တိုးတက်စေရန်[နှင့်] သူကိုယ်တော်တိုင်နှင့်အတူချီးမြှောက်ခံရရန် အခွင့်ထူးတစ်ခု” ကျွန်တော်တို့အား ပေးအပ်ရန်ဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်။ သူ၏အမှုတော်နှင့် ဘုန်းတော်သည် “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်” ဖြစ်ပါသည် (မောရှေ ၁:၃၉)။
ကျွန်တော်တို့သည် ကျွန်တော်တို့၏ရွေးချယ်ပြုမှုနိုင်ခွင့်ကို ကျင့်သုံးခဲ့ကြပြီး ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်ကို လိုက်လျှောက်ရန်ရွေးချယ်ပါသည်။ ကျွန်တော်တို့မှာ ရွေးချယ်ပြုမှုနိုင်ခွင့်ဆက်လက်ရှိနေပြီး သေခြင်းရှိရာဘဝကိုတွေ့ကြုံ၊ သင်ယူ၍ ထာဝရအသက်ဆီသို့တိုးတက်နိုင်သော ဤဘဝသို့မွေးဖွားလာရခြင်းဖြင့် ကျွန်တော်တို့ကောင်းချီးခံစားခဲ့ကြရပါသည်။
ကျွန်တော်တို့၏သေခြင်းရှိရာခရီးစဉ်အတွင်း၊ စိန်ခေါ်မှုများနှင့် အတားအဆီးများကို ကျွန်တော်တို့တွေ့ကြုံရပါလိမ့်မည်။ သို့သော်လည်း ကျွန်တော်တို့သည် ဘဝ၏ဒုက္ခကို တစ်ကိုယ်တည်းရင်ဆိုင်ရန် မလိုအပ်ပါ။ ဂျိုးဇက်စမစ်က ကောင်းကင်ဘုံရှင်အဘ၊ “စကြဝဠာ၏ကြီးမြတ်သောမိဘသည်[၊] ဖခင်သဖွယ်ဂရုစိုက်မှုနှင့် မိဘသဖွယ်စောင့်ရှောက်မှုနှင့်အတူ လူသားမိသားစုတစ်ခုလုံးအပေါ် ကြည့်ရှု” ကြောင်း သွန်သင်ခဲ့ပါသည်။
ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘ၊ “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်၊” သည်ကျွန်တော်တို့ကို ကောင်းချီးပေး၊ ကျွန်တော်တို့ကိုချီးမြှောက်ပြီး “ငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌” (၂ ကောရိန္သု ၁:၃–၄) ကျွန်တော်တို့ကို သက်သာစေပါလိမ့်မည် ။ သူ့အစီအစဉ်၏ပဓာနကျသောအစိတ်အပိုင်းတစ်ခုအဖြစ်၊ ကောင်းကင်ဘုံရှင်အဘသည် သူ့ထံပြန်လာနိုင်ဖို့ ကျွန်တော်တို့အတွက် နည်းလမ်းကိုပေးထားခဲ့ပါသည်။
ကျွန်ုပ်တို့၏ အဘ ထံတော်သို့လမ်း
“အမှုအရာတို့အမှန်ရှိကြသည့်အတိုင်း” (ယာကုပ် ၄:၁၃) သမ္မာတရားသည် ရှင်းလင်းပါသည်၊ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘ၏သားသမီးများအဖြစ် ကျွန်တော်တို့၏စွမ်းရည်အပြည့်အဝကို ကျွန်တော်တို့ တစ်ဦးတည်းမဖြည့်စွမ်းနိုင်ပါ။ ယေရှုခရစ်တော်၊ ဝိညာဉ်၌ အဘ၏အဦးဖွားသောသားတော်သည် ကျွန်တော်တို့၏ကယ်တင်ရှင်နှင့်ရွေးနုတ်ရှင်ဖြစ်ရန် ပဋိညာဉ်ပြုခဲ့ပါသည်။
ယေရှုခရစ်တော်၊ “ကျေးဇူးတော်၊ သမ္မာတရားတို့နှင့် ပြည့်စုံသည့်၊ ခမည်းတော်ဖြစ်ဖွားစေသည့် တစ်ပါးတည်းသောသားတော်၊ အထူးသဖြင့် သမ္မာတရားဝိညာဉ်တော်၊ … ကြွလာတော်မူပြီး၊ ဇာတိကိုယ်ခန္ဓာ၌ နေထိုင်၏၊ ထို့အတူ ငါတို့၌ နေထိုင်၏” (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၁၁)။ သူသည် ယခုဘဝနှင့် ထာဝရဘဝတွင် ပျော်ရွှင်ခြင်း၊ ရည်မှန်းချက်နှင့် ဝမ်းမြောက်ခြင်းကို ရှာတွေ့ရန်နည်းလမ်းကို ကျွန်တော်တို့အား ပြသရန်လာခဲ့ပါသည်။
“ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။
“လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူမည်မဟုတ်၊ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ရမည့်အကြောင်းကြောင့် စေလွှတ်တော်မူ၏” (ရှင်ယောဟန် ၃:၁၆–၁၇)။
ကယ်တင်ရှင်၏ကမ္ဘာမြေအတွေ့အကြုံသည် အရေးကြီးပါသည်။ သူသည် “ပထမဦးဆုံး၌ အပြည့်အစုံကို ရရှိခြင်းမရှိ၊ သို့ရာတွင် ကျေးဇူးတော်အပေါ် ကျေးဇူးတော်ကို ထပ်၍ရရှိ” (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၁၂) ခဲ့ပါသည်။ “သူသည် ခမည်းတော်၏ ဘုန်းတော် အပြည့်အစုံကို ရရှိ”သည့်တိုင် ကြီးပြင်းခဲ့ပြီး “ကောင်းကင်နှင့် မြေကြီးနှစ်ခုစလုံးရှိ ခပ်သိမ်းသောတန်ခိုးကို ရရှိ၏၊ ခမည်းတော်၏ ဘုန်းတော်သည်လည်း သူနှင့်အတူ ရှိတော်မူ၏၊ အကြောင်းမူကား၊ သူ့၌ ရှိတော်မူ၏” (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၁၆-၁၇)။ ကယ်တင်ရှင်က သွန်သင်ခဲ့ပါသည်၊
“သင်တို့သည် ငါ၏နာမတော်အားဖြင့် ခမည်းတော်ထံသို့ လာနိုင်ကြ၊ ထို့အတူ ကာလအချိန်တန်သောအခါ သူ၏ပြည့်စုံခြင်းကို ရရှိနိုင်ကြစေမည့် အကြောင်း အဘယ်သို့ ကိုးကွယ်ရမည်ကို နားလည်ပြီးသိနိုင်ကြစေခြင်းငှာနှင့် အဘယ်အရာကို ကိုးကွယ်ရမည်ကို သိနိုင်ကြစေခြင်းငှာ ဤစကားများကို သင်တို့အား ငါပေး၏။
“အကြောင်းမူကား၊ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သူ၏ပြည့်စုံခြင်းကို ရရှိကြလိမ့်မည်၊ ထို့အတူ ခမည်းတော်အားဖြင့် ငါဘုန်းထင်ရှားသကဲ့သို့ ငါအားဖြင့် ဘုန်းထင်ရှားကြလိမ့်မည်။ ထို့ကြောင့်၊ သင်တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ကျေးဇူးတော်အပေါ် ကျေးဇူးတော်ကို ထပ်၍ရရှိကြလိမ့်မည်” (ဩဝါဒနှင့် ပဋိညာဉ်များ ၉၃:၁၉-၂၀)။
ဂေသရှေမန်ဥယျာဉ်ထဲနှင့် လက်ဝါးကပ်တိုင်ပေါ်တွင်၊ ယေရှုခရစ်တော်သည် လောက၏အပြစ်များကို သူကိုယ်တိုင်တော်ပေါ်၌ခံယူခဲ့ပြီး ဝမ်းနည်းမှုများအားလုံးနှင့် “နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းအမျိုမျိုး”(အယ်လမာ ၇:၁၁) ကို ခံစားခဲ့ပါသည်။ ဤသည်မှာ “[သူ့အား]၊ … ခပ်သိမ်းသောသူတို့ထက် အကြီးမြတ်ဆုံးဖြစ်သူကိုပင်၊ နာကျင်မှုကြောင့် တုန်စေ၊ ချွေးပေါက်မှန်သမျှမှ အသွေးတော်ထွက် … ခံစားစေ” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၉:၁၈) ခဲ့ပါသည်။ ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းနှင့်ချီးမြှောက်ခြင်းဖြစ်လာနိုင်ပါသည်။
ကယ်တင်ရှင်၏ ကျေးဇူးတော်နှင့်အပြစ်ဖြေခြင်းယဇ်အားဖြင့်၊ ကျွန်တော်တို့အပြည့်အစုံရရှိသည့်တိုင်အောင် ကျွန်တော်တို့တိုးတက်လာနိုင်ပြီး တစ်နေ့မှာစုံလင်ခြင်းသို့ ရောက်ရှိနိုင်ပါမည်။ ကျွန်တော်တို့သည် ကယ်တင်ရှင်၏ပုံသက်သေနောက်ကို လိုက်လျှောက်ပြီး သူ၏ပညတ်တော်များကိုနာခံပါက၊ ကောင်းကင်ဘုံရှိကျွန်တော်တို့အဘ၏ အသရေထင်ရှားသည့်မျက်မှောက်တော်သို့ ကျွန်တော်တို့၏အပြန်လမ်းတွင် ကျွန်တော်တို့ကို သူသည်ဦးဆောင်၍လမ်းပြပါလိမ့်မည်။
Christ on the Road to Jerusalem၊ မိုက်ကယ် ခိုးမန်း မှ၊ ကူးယူခွင့်မပြုပါ
သူ၏ဆုကျေးဇူးကို သင်လက်ခံရရှိပါမည်လား။
“အမှုအရာတို့အမှန်ဖြစ်လာမည့်အတိုင်း” (ယာကုပ် ၄:၁၃) သမ္မာတရားများအနက်၊ ထာဝရဘဝ၌ကျွန်တော်တို့၏အတွေ့အကြုံကို ယေရှုခရစ်တော်နောက်လိုက်ရန်နှင့် သူပေးသောဆုကျေးဇူးများကိုလက်ခံရရှိရန် ကျွန်တော်တို့၏ရွေးချယ်မှုအားဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း ကျွန်တော်တို့သင်ယူရပါသည်။ ကျွန်တော်တို့သည် “ရရှိရန် [ကျွန်တော်တို့] လိုလိုလားလားရှိသည့်အရာနှင့် ပျော်မွေ့”လိမ့်မည်ဟု ကျမ်းစာများကသွန်သင်ပါသည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ၊ အချို့သည် “သူတို့သည် ရရှိနိုင်ခဲ့လေမည့်အရာနှင့် ပျော်မွေ့ရန် လိုလိုလားလား” (ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၃၂) ရှိကြမည်မဟုတ်ပါ။
အထွေထွေအာဏာပိုင်ခုနစ်ကျိပ်အဖွဲ့ဝင်တစ်ဦးအဖြစ် အမှုတော်ဆောင်ခဲ့သည့် ကျွန်တော်၏သာသနာဥက္ကဋ္ဌ၊ အသင်းလူကြီး မယ်ရီယန် ဒီ၊ ဟန့်ခ်စ် (၁၉၂၁–၂၀၁၁) က ကျွန်တော်တို့လက်ခံရရှိပြီး မွေ့လျော်ရန် လိုလိုလားလားရှိသည့်အရာအတွက် တောင်းလျှောက်ခြင်းသည် ကျွန်တော်တို့၏ဝိညာဉ်ရေးရာခရီးစဉ်တွင် ကျွန်တော်တို့မည်မျှတိုးတက်မှုပြုခဲ့သည်ကို ကျွန်တော်တို့ဆုံးဖြတ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း သူ၏သာသနာပြုများကို သွန်သင်ခဲ့ပါသည်။ “အကြောင်းမူကား၊ လူသည် မိမိအား ဆုကျေးဇူးပေးသော်လည်း ထိုဆုကျေးဇူးကို လက်ခံခြင်းမရှိလျှင် အဘယ်အကျိုးရှိသနည်း။” အလေးအနက်ရှာဖွေခြင်းနှင့် သူ့နောက်လိုက်လျှောက်ခြင်းအားဖြင့် ကယ်တင်ရှင်၏ဆုကျေးဇူးများကိုကျွန်တော်တို့လက်ခံရရှိသည်နှင့်အမျှ၊ ကျွန်တော်တို့သည့် ထာဝရအသက်၏မျှော်လင့်ခြင်း၌ ထို့အတူ “[ထို] ဆုကျေးဇူးကို ပေးသောသူ၌” (ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၃၃) ဝမ်းမြောက်ပါလိမ့်မည်။ ချစ်ခြင်းမေတ္တာပြည့်ဝစွာပေးထားသည့် ဤဆုကျေးဇူးသည် “ဘုရားသခင်၏ဆုကျေးဇူးအပေါင်းတို့အထဲတွင် အကြီးမြတ်ဆုံး” (ဩဝါဒနှင့် ပဋိညာဉ်များ ၁၄:၇) ဖြစ်ပါသည်။
ဘုရားသခင်သည် ကျွန်တော်တို့၏ ကောင်းကင်ဘုံရှင်အဘ ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့ကို သိပြီး ချစ်ပါသည်။ သမ္မာတရားအတွက် ကျွန်တော်တို့၏ရှာဖွေမှု၌ သူ့ဘက်သို့ကျွန်တော်တို့လှည့်သည်နှင့်အမျှ၊ ကျွန်တော်တို့သည် အသိဉာဏ်၌ စွဲမြဲ၊ ဉာဏ်ပညာကို လက်ခံ၊ သမ္မာတရားကို လှိုက်လှိုက်လှဲလှဲလက်ခံ၊ ကိုယ်ကျင့်သီလကို ချစ်ပြီး သူ့ထံမှလာသောအလင်း၌ စွဲမြဲနိုင်ကြပါသည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၄၀)။ ထို့နောက် ကျွန်တော်တို့သည် “ဘုရားသခင်ကို [ကျွန်တော်တို့] နားလည်ပြီး၊ သူ့၌လည်းကောင်း၊ သူ့အားဖြင့်လည်းကောင်း ရှင်သန်စေလျက်ရှိသည့်နေ့ ကျရောက်လာလိမ့်မည်” (ဩဝါဒနှင့် ပဋိညာဉ်များ ၈၈:၄၉) တိုင်အောင် ကျွန်တော်တို့၏အသက်တာများတစ်လျှောက် ဆက်လက်လုပ်ဆောင်ကြပါသည်။
ထိုနေ့သည် အသရေထင်ရှားဆုံးနှင့် ပျော်ရွှင်ဖွယ်အကောင်းဆုံးနေ့တစ်နေ့ဖြစ်လာပါလိမ့်မည်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, August 2025 ၏ဘာသာပြန်။ Burmese. 19613 256