2025
ချစ်ခြင်းနှင့်ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်း
ဇန်နဝါရီ ၂၀၂၅


“ချစ်ခြင်းနှင့်ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်း၊”လီယာဟိုနာ၊ ဇန်နဝါရီ ၂၀၂၅။

လစဉ် လီယာဟိုနာ အမှာစကား၊ ဇန်နဝါရီ ၂၀၂၅

ချစ်ခြင်းနှင့်ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်း

ပြန်လည်ဆောင်ယူခြင်း၏ကောင်းချီးများက ကျွန်တော်တို့ရဲ့စိတ်နှလုံးများကို ဝမ်းမြောက်စေသင့်ပြီး ဘုရားသခင်၏ကြီးစွာသောချစ်ခြင်းအတွက် ကျွန်တော်တို့ကို ကျေးဇူးတော်ဖြင့် ပြည့်စေပါတယ်။

နေဝင်ချိန်၌ တမန်တော်မော်ရော်နိုင်း၏ရုပ်တု

အားလုံးအတွက် ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်းနှင့်ငြိမ်သက်ခြင်း၏အမှာစကားက ယေရှုခရစ်တော်အသက်ရှင်ပြီး ဒီနောက်ပိုင်းကာလမှာ သူ့ရဲ့ဧဝံဂေလိတရားနှင့် အသင်းတော်ကို ပြန်လည်ဆောင်ယူခဲ့ကြောင်းဖြစ်ပါတယ်။

“လူသားများအတွက် ဤအရာများသည် ဖော်ပြမနိုင်လောက်အောင် ဘုန်းကျက်သရေရှိပါသည်” ဟု ပရောဖက်ဂျိုးဇက်စမစ်က ကြေညာခဲ့ပါတယ်။ “အမှန်စင်စစ် လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်စရာသတင်းအဖြစ် ၎င်းတို့ကို စဥ်းစားနိုင်ပါသည်။ ထို့ပြင် ထိုသတင်းသည်လည်း ကမ္ဘာမြေကိုပြည့်စေပြီး ကြားသောသူတိုင်း၏စိတ်နှလုံးများကို အားပေးနိုင်ပါတယ်။”

ကယ်တင်ရှင်၏ ကမ္ဘာမြေတွင်အမှုတော်ဆောင်ခြင်းပြီးနောက် ရာစုနှစ်များစွာအကြာတွင် ဘုရားသခင်၏သားသမီးများက သူ့ကိုရှာဖွေခဲ့ကြပြီး အလင်းနှင့် အမှန်တရားကို ပို၍တောင့်တခဲ့ကြပါတယ်။ ယခု ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ရဲ့ ဝမ်းသာစရာသတင်းနှင့် ဆက်လက်လုပ်ဆောင်နေသောပြန်လည်ဆောင်ယူခြင်းက လူသားအားလုံးကို ကောင်းချီးပေးဖို့နှင့် “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်အဖြစ်အုပ်ချုပ်” ဖို့ ယေရှုခရစ်တော်ပြန်လာမည့်နေ့အတွက် ကမ္ဘာကိုဆက်လက်ပြင်ဆင်နေပါတယ်။” ဒါက ကောင်းကင်ဘုံရှိကျွန်တော်တို့အဘနှင့် ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်၏ အဆုံးမရှိသော မေတ္တာ၏ လေးနက်သော ထင်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးသို့ ဒီအမှန်တရားများကို ကြေညာပြီး ကျွန်တော့်ဘဝကို ကုန်ဆုံးစေနိုင်တဲ့အတွက် ကျွန်တော်ဝမ်းမြောက်ပါတယ်။

မဖြစ်နိုင်ခြင်းနှင့် ထူးခြားခြင်း

သစ်တောအုပ်တစ်ခုရှိ လူသားမိသားစုအတွက် နေ့သစ်တစ်ရက်စတင်ခဲ့ပါတယ်၊ အဲ့ဒီနေရာမှာ မည်သည့်အသင်းတော်သို့ဝင်ရမည့်အကြောင်း လူငယ်လေးဂျိုးဇက်စမစ်၏ဆုတောင်းချက်ကိုအဖြေပေးရန် ဂျိုးဇက်စမစ်ထံသို့ အဘဘုရားသခင်နှင့် သူ၏သား‌တော်ယေရှုခရစ်တော် ပေါ်လာပြီး စကားပြောခဲ့ပါတယ် (ရှု ဂျိုးဇက်စမစ်—သမိုင်း ၁:၁၄-၂၀)။ ယေရှုခရစ်တော်က မည်သည့်အသင်းတော်တွင်မျှ မပါဝင်ရန် ဂျိုးဇက်ကို ပြောခဲ့ပါတယ်။ အနာဂတ်မှာ သူ့ရဲ့ဧဝံဂေလိတရားတော်အပြည့်အစုံကို ဂျိုးဇက်အား ဖော်ပြမည်ဟု သူကတိပြုခဲ့ပါတယ်။

များစွာသောလူများအတွက် ဂျိုးဇက်က ဤကဲ့သို့ အရေးကြီးသောအလုပ်အတွက် ခေါ်ခံရရန် မဖြစ်နိုင်ဆုံးပုံပေါက်နေပါတယ်၊ ပြီးတော့ သူတို့မှန်ခဲ့ပါတယ်။ သူက မထင်ရှားသောမြို့တစ်မြို့ ရှိ လယ်ယာငယ်တစ်ခုမှ ပညာမတတ်၊ အရေးမပါသော ကောင်လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကယ်တင်ရှင်၏ခေတ်မှာ သူနှင့်ပတ်သက်ပြီး တချို့ပြောဆိုခဲ့ကြသလို “နာဇရက်မြို့ထဲက ကောင်းသောအရာတစုံတခုမျှ ထွက်နိုင်သလော။” (ယောဟန် ၁:၄၆)၊ နယူးယောက်ပြည်နယ်၊ ပယ်လမိုင်ရာရှိ ပညာမတတ်သော အသက် ၁၄ နှစ်အရွယ်တစ်ဦးထံမှ ကောင်းတာ ဘာရနိုင်သလဲဆိုတာ လူအတော်များများ တွေးခဲ့ကြပါတယ်။ ဒါပေမယ့် ဂျိုးဇက်စမစ်အားဖြင့်—မဖြစ်နိုင်ဘူးလို့ သူ့ကိုထင်ရသလောက်—ကောင်းကင်ဘုံရှင်အဘနှင့် သခင်ယေရှုခရစ်တော်က အမှန်တကယ်ထူးခြားမှုကို ယူဆောင်စေခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရိုးရှင်းပြီး နှိမ့်ချတဲ့နည်းဖြင့် မျှော်လင့်ခြင်းပေးပါတယ်၊ ကိုယ်တော်ရှင်၏အမှုတော်အတွက် အဓိပ္ပာယ်ရှိသောနည်းများဖြင့် ကျွန်တော်တို့ ပံ့ပိုးပေးနိုင်ရန်အတွက်လည်း မျှော်လင့်ခြင်းယူဆောင်ပေးပါတယ်။

နောက်ဆုံး ကိုယ်တော်ရှင်က ဂျိူးဇက်ကို ခေါ် “ပြီး၊ သူ့ကို ကောင်းကင်ဘုံမှဟောပြောလျက်၊ မိန့်မှာ၏” (သြဝါဒနှင့်ပဋိညာဥ်များ ၁:၁၇)။ ဂျိုးဇက်က ကောင်းကင်ဘုံရှင်အဘ၏ ချစ်ခြင်းအစီအစဉ်နှင့် ယေရှုခရစ်တော်၏ ရွေးနုတ်သောချစ်ခြင်းနှင့် သူ့ရဲ့အပြစ်ဖြေရာ ယဇ်၏တန်ခိုးကို ကျွန်တော်တို့နားလည်စေဖို့ အသစ်သောနည်းလမ်းဖြင့် ယူဆောင်လာခဲ့တဲ့ အဖိုးတန်ဗျာဒိတ်တော်များနှင့် အရေးပါသောသြဝါဒများကို ရရှိခဲ့ပါတယ်။ ထူးခြားတာက ကိုယ်တော်ရဲ့ ပိုများတဲ့သားသမီးတွေကို ကောင်းချီးပေးဖို့၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဘုရားသခင်ရဲ့အလင်းကို အခွင့်ပေးတဲ့အခြားနယ်ပယ်များမှာ သိသိသာသာတိုးတက်လာတဲ့အခါ ဒီဝမ်းသာစရာသတင်းက တိကျတဲ့အချိန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

‌မော်ရော်နိုင်းမှ ရွှေပုရပိုက်ပြားများအား ဂျိုးဇက်စမစ်ထံ လွှဲအပ်ခြင်း

The Angel Moroni Delivering the Plates to Joseph Smith၊ စီ. စီ. အေ. ခရစ္စတန်ဆန် မှ

ဘုရားသခင်ချစ်ခြင်း၏ တန်ခိုးကြီးသောသက်သေ

ဂျိုးဇက်စမစ်ထံ ကောင်းကင်တမန်မော်ရော်နိုင်းပေါ်လာခြင်းက ပြန်လည်ဆောင်ယူခြင်းနှင့် ဘုရားသခင်ချစ်ခြင်း၏ တန်ခိုးကြီးသောသက်သေအတွက် မရှိမဖြစ်လိုအပ်ခဲ့ပါတယ်။ မော်ရော်နိုင်းက အနီးအနားမှာ မြှုပ်နှံထားတဲ့ ရွှေပုရပိုက်ပြားများပေါ်မှာ ရေးထားသော မှတ်တမ်းတစ်ခုအကြောင်း ဂျိုးဇက်ကို ပြောပြခဲ့ပါတယ် (ရှု ဂျိုးဇက်စမစ်—သမိုင်း ၁:၃၃-၃၄)။ နောက်ဆုံးမှာ သမ္မာကျမ်းစာကဲ့သို့ ထပ်တူအရေးကြီးပြီး ယေရှုခရစ်တော်အကြောင်း တခြားသောသက်သေခံချက်ဖြစ်တဲ့ မော်မုန်ကျမ်းဖြစ်လာမယ့် ထိုမှတ်တမ်းကို ဘာသာပြန်ဖို့ ဂျိုးဇက်စမစ်အား “အထက်မှ တန်ခိုး” သြဝါဒနှင့်ပဋိညာဥ်များ ၂၀:၈ပေးအပ်ခဲ့ပါတယ်။

မော်မုန်ကျမ်းတစ်လျှောက်လုံးမှာ ခရစ်တော်မတိုင်မီ နှစ်ပေါင်းရာနှင့်ချီကာ သူ့ကြွလာမယ့်အကြောင်းကို သိခဲ့ပြီး ကြိုဟောခဲ့ကာ ၎င်းကို တောင့်တခဲ့သော လူများအကြောင်းကို ကျွန်တော်တို့ ဖတ်ရပါတယ်။ ရှင်ပြန်ထမြောက်တော်မူသော ကယ်တင်ရှင်၏ ကိုယ်ပိုင်အသွင်အပြင်နှင့် နီဖိုင်းအမျိုးသားများအကြား အမှုတော်ဆောင်ခြင်း၏ ထူးခြားသောမှတ်တမ်းကိုလည်း ကျွန်တော်တို့တွေ့ရှိရပါတယ်။ ထိုအတောအတွင်းမှာ သူ့ထံသို့ လာ​ကြဖို့နှင့် သူ့ရဲ့နံ​ဘေးတော် သူ့ရဲ့​လက်နှင့် သူ့ရဲ့​ခြေတို့မှ သံရိုက်ရာ​ချက်တို့ကိုလည်း တို့စမ်းကြဖို့ သူဖိတ်ခေါ်ခဲ့ပါတယ် (ရှု ၃ နီဖိုင်း ၁၁:၁၄-၁၅)။ သူက ဖျားနာ‌သောသူ၊ ခြေ​မစွမ်းသော​သူ၊ မျက်​စိ​ကန်းသော​သူ—“ဒုက္ခ​အမျိုး​မျိုး​ရောက်သော​သူများအားလုံး”—ကို အနာကင်းစေခဲ့ပြီး ကလေး​သူငယ်တို့​ကို ကောင်းချီး​ပေးတော်မူ​ပြီးလျှင်၊ သူတို့​အတွက် ဆုတောင်းခဲ့ပါတယ် (ရှု ၃ နီဖိုင်း ၁၇:၇-၉၊ ၂၁)။ ဒီသန့်ရှင်းမွန်မြတ်သောမှတ်တမ်းမှ ကယ်တင်ရှင်၏ချစ်ခြင်းနှင့် သနားခြင်းအကြောင်းကို ကျွန်တော်တို့ များစွာ သင်ယူရပါတယ်။

“ယေရှုသည်ခရစ်တော်ဖြစ်” ကြောင်း မော်မုန်ကျမ်းက သက်သေခံပါတယ်။ မော်မုန်ကျမ်းထဲမှ အာမခံချက်များက ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘနှင့် ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ကျွန်တော်တို့ စိတ်ကူးနိုင်တာထက်မက ကျွန်တော်တို့ကို ချစ်ကြောင်း အကြိမ်ကြိမ် သတိပေးထားပါတယ်။

ယဇ်ပုရောဟိတ်အခွင့်နှင့် အသင်းတော်၏ ကောင်းချီးများ

ပြန်လည်ဆောင်ယူခြင်းက ဂျိုးဇက်စမစ်ထံ အခြားကောင်းကင်ဘုံရှင်တမန်တော်များ၏ ပေါ်ထွက်လာခြင်းဖြင့် ဆက်လက်တည်ရှိခဲ့ပါတယ်။ “အပြစ်များမှလွှတ်ခြင်းအတွက် ရေနှစ်မြှုပ်ခြင်းအားဖြင့် ဗတ္တိဇံပေးရန်အခွင့်အာဏာကို ရှင်ပြန်ထမြောက်သော နှစ်ခြင်းဆရာယောဟန်က ပြန်လည်ပေးအပ်ခဲ့ပါသည်။ မူလတမန်တော်များထဲမှ သုံးဦး—ပေတရု၊ ယာကုပ်နှင့် ယောဟန်—တို့က တမန်တော်ဖြစ်ခြင်းနှင့် ယဇ်ပုရောဟိတ်အခွင့်သော့များကို ပြန်လည်ပေးအပ်ခဲ့ပါသည်။ သေခြင်းကိုကျော်လွန်သည့် ထာဝရဆက်သွယ်မှု၌ မိသားစုများကာလအစဉ်အဆက် အတူတကွပေါင်းစည်းရန် အခွင့်အာဏာကို ပြန်လည်ပေးအပ်ခဲ့သူ ဧလိယအပါအဝင်၊ အခြားသူများလည်း ကြွရောက်လာခဲ့ကြပါသည်။”

၁၈၃၀ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ယေရှုခရစ်‌တော်က ဓမ္မသစ်ကျမ်းကာလမှာ သူဖွဲ့စည်းခဲ့တဲ့အသင်းတော်အတိုင်း ပုံစံပြုထားတဲ့ အသင်းတော်တစ်ခုကို ပရောဖက်ဂျိုးဇက်အားဖြင့် တည်ထောင်ခဲ့ပါတယ် (ရှု ယုံကြည်ခံယူချက်များ ၁:၆)၊ “တမန်တော်များနှင့် ပရောဖက်များ၏တိုက်မြစ်၊ တိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။”နှင့် ပြည့်စုံစေသည် (ဧဖက် ၂:၂၀)။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများ၏အသင်းတော်က လက်ခံရရှိဖို့ မိမိကိုယ်ကို ပြင်ဆင်နေတဲ့ ဘုရားသခင်၏သားသမီးများအားလုံး ရနိုင်သည့် ပြန်လည်အပ်နှင်းထားသော ယဇ်ပုရောဟိတ်အခွင့်တန်ခိုးတော်၏ ကောင်းချီးများကို ပြုလုပ်ပေးပါတယ်။

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လဆင်က ကျွန်တော်တို့ကို သွန်သင်ခဲ့အတိုင်း ကောင်းကင်ဘုံရှင်အဘနှင့် ကျွန်တော်တို့၏ကယ်တင်ရှင်ထံ ကျွန်တော်တို့ လှည့်လာတဲ့အခါ နေ့စဥ်နောင်တရခြင်းမှ ဝမ်းမြောက်ခြင်းကို ကျွန်တော်တို့တွေ့ရှိနိုင်ပါတယ်။ စိတ်ဓာတ်ကျသူ သို့မဟုတ် လုံလောက်စွာ ကောင်းမွန်ခြင်းမရှိ သို့မဟုတ် မသက်ဆိုင်ဘူးလို့ ခံစားနေရသူတွေအတွက် ခရစ်တော်နှင့် သူ၏အသင်းတော်ထံလာဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။ အသင်းတော်က စုံလင်သူများအတွက် ဘုန်းကြီးကျောင်းတစ်ခုမဟုတ်ဘဲ ဖျားနာသူများအတွက် ဆေးရုံတစ်ခုဖြစ်ပါတယ်။ တမန်တော် တစ်ဆယ့်နှစ်ပါးအဖွဲ့ မှ အသင်းလူကြီး ဒီရက်တာ အက်ဖ်၊ ဥဒေါ့ဖ်က “ကျွန်တော်တို့ရဲ့ပြဿနာတွေကို ဖုံးကွယ်ဖို့မဟုတ်ဘဲ ကုသဖို့ ဘုရားကျောင်းကို ကျွန်တော်တို့လာကြပါတယ်” လို့ ကျွန်တော်တို့ကို သတိပေးပါတယ်။

အသင်းတော်မှာ မိမိကိုယ်ကို အပြင်ဘက်ပြန်လှည့်ဖို့၊ မေတ္တာဖြင့်အခြားသူများကို အစေခံဖို့နှင့် ခရစ်တော်၏ကောင်းမြတ်မှု အမြောက်အများနှင့်အတူ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံများကိုဝေမျှဖို့ အခွင့်အရေးများမှာ ဝမ်းမြောက်မှုကို ကျွန်တော်တို့ ရှာဖွေရပါတယ်။ ကျွန်တော်တို့ “ခရစ်တော်၏​အသင်းတော်​ရှိလူများ၌ ရေတွက်​ခံရကြ” ပြီး “အောက်​မေ့၍၊ ဘုရားသခင်၏​ကောင်း​မြတ်​တော်မူသော နှုတ်ကပတ်တော်​အားဖြင့် အား​ဖြည့်​” နိုင်ပါတယ် (မော်ရော်နိုင်း ၆:၄)။ တကယ့်ကို ကြီးမားတဲ့ကောင်းချီးပါပဲ။

ကြီးစွာသောဝမ်းမြောက်ခြင်း၏ အကြောင်းရင်း

ပရောဖက်ဂျိုးဇက်စမစ် တစ်ခါကကြေညာခဲ့တာက “ယခုတွင်၊ ကျွန်ုပ်တို့လက်ခံရရှိလေသည့် ဧဝံဂေလိတရားတော်၌ အဘယ်အရာကို ကျွန်ုပ်တို့ကြားရသနည်း။ ဝမ်းသာခြင်းအသံ၊ ကောင်းကင်ဘုံမှကရုဏာအသံ၊ ထို့အတူ မြေကြီးမှ ထွက်သည့် သမ္မာတရားအသံ၊ သေသူတို့ အတွက် ဝမ်းသာစရာသတင်း၊ အသက်ရှင်သူတို့နှင့် သေသူတို့အတွက် ဝမ်းသာစရာအသံ၊ ကြီးစွာသောဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာ သတင်းပေတည်း။”(သြဝါဒနှင့်ပဋိညာဥ်များ ၁၂၈:၁၉)။

ကောင်းကင်ဘုံရှင်အဘနှင့် သူ၏ချစ်သား ယေရှုခရစ်တော်က ကျွန်တော်တို့ကို—ဘယ်အရာထက်မဆိုပို—ချစ်ပြီး သူတို့အသက်ရှင်နေတဲ့ ဘဝမျိုးကို ကျွန်တော်တို့ ထာဝရရရှိနိုင်ဖို့ သူတို့မျက်မှောက်တော်သို့ ပြန်လာရန် ကျွန်တော်တို့ကို ကြိုဆိုဖို့ ဆန္ဒရှိကြတာကြောင့် ဒီဝမ်းသာစရာသတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ပြန်လည်ဆောင်ယူခြင်းက ၎င်းကို ကျွန်တော်တို့အားလုံးအတွက် ဘုန်းကျက်သရေရှိစေရန် လိုအပ်သမျှသူတို့လုပ်ဆောင်ခဲ့ကြကြောင်း ဖော်ပြပါတယ်။ ကျွန်တော်တို့ရဲ့ ထာဝစဉ် ခရီးစဉ်မှာ စမ်းသပ်မှုတွေနဲ့ အခက်အခဲတွေ ကျွန်တော်တို့ ကြုံတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ယခုဘဝနှင့်နောင်လာမယ့်ဘဝမှာ “[ကျွန်တော်တို့] သည် [ကျွန်တော်တို့] ဝမ်း​မြောက်​ခြင်း​ရှိ​နိုင်​ကြ​စေ​ကြောင်း ဖြစ်​တည်​ကြ​၏”(၂ နီဖိုင်း ၂:၂၅)။ ပရောဖက်ဂျိုးဇက်က ဒါကို အများစုထက်ပိုသိခဲ့ပါတယ်။

ဂျိုးဇက်က မကြာခဏဆန့်ကျင်မှုနှင့် ညှဉ်းဆဲခြင်းကို ရင်ဆိုင်ခဲ့ရပေမယ့် သူ့ရဲ့ “ပင်ကိုယ်မြူးကြွ ရွှင်ပြသောစိတ်နေသဘောထား” ကို ထိန်းသိမ်းထားခဲ့တယ် (ဂျိုးဇက်စမစ်—သမိုင်း ၁:၂၈)။ သူက ဝမ်းမြောက်၊ သန်မာကာ ခံနိုင်ရည် ဆက်ရှိနေခဲ့ပြီး သူလုပ်ဆောင်ဖို့ပေးအပ်ထားတဲ့ ထူးခြားသောအလုပ်ကို သူပြီးမြောက်ခဲ့တယ်။ ပရောဖက်ဂျိုးဇက်စမစ်ကို ယုံကြည်၊ ထောက်မကာ နောက်လိုက်ပြီး အသင်းတော်တည်ထောင်ရေးမှာ မိမိကိုယ်ကို ဆက်ကပ်ခဲ့တဲ့ အစောပိုင်း သန့်ရှင်းသူများအားလုံးကို ကျွန်တော်ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့မှာ သူတို့အပေါ် ကျေးဇူးနှင့် ဂုဏ်ယူခြင်းရဲ့ အကြွေးတစ်ခုရှိပါတယ်။

အသင်းတော်ရဲ့အစောပိုင်းရက်တွေက မသက်မသာဖြစ်ခဲ့ပြီး၊ ယနေ့လည်း မသက်မသာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြန်လည်ဆောင်ယူခြင်းက ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီအသင်းတော်ရဲ့ဦးခေါင်းမှာ ယေရှုခရစ်တော်နှင့်အတူ အသက်ရှင်သောပရောဖက်များက ကျွန်တော်တို့ကို ဆက်လက်လမ်းညွှန်ပေးပါလိမ့်မယ်။ ဘုရားသခင်နှင့်ပြုသော ထာဝရပဋိညာဉ်များ၏ ကောင်းချီးများဟာ သူနှင့် ကန်လန့်ကာရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ ကျွန်တော်တို့ချစ်ရတဲ့သူတွေနှင့် ကျွန်တော်တို့ကို ချည်နှောင်နိုင်စေကြောင်း ကိုယ်တော်ရှင်ရဲ့ အိမ်တော်တွေကို ဆက်တည်ဆောက်နေကြပါလိမ့်မယ်။ (ရှု ရှင်မဿဲ ၁၆:၁၉)။ သူ့ရဲ့သိုးတွေကို ကျွေးမွေးဖို့နဲ့ သူ့ရဲ့ဧဝံဂေလိတရားကိုဝေမျှဖို့ ကယ်တင်ရှင်ရဲ့မိန့်မှာချက်ကို ကျွန်တော်တို့လိုက်လျှောက်တဲ့အခါ ဘုရားသခင်နှင့် ယေရှုခရစ်တော်ရဲ့ချစ်ခြင်းက ကမ္ဘာတစ်ဝှမ်းလုံးအထိ တိုးချဲ့သွားပါလိမ့်မယ်။ ပြန်လည်ဆောင်ယူခြင်းရဲ့ အမှန်တရားတွေကို နည်းလမ်းများနှင့် ဂျိုးဇက်ခေတ်မှာ စိတ်ကူးလို့မရနိုင်တဲ့ နေရာတွေဆီ ရောက်သွားတာကို ကျွန်တော်တို့ သက်သေခံပါလိမ့်မယ်။

ပရောဖက်ဂျိုးဇက်ပြုခဲ့သလို—ကျွန်တော်တို့ ဒီအဖိုးတန်တဲ့အမှန်တရားတွေကို လက်ခံပြီး အသက်ရှင်တဲ့အခါ ခွန်အားနဲ့ကြီးစွာသောဝမ်း‌မြောက်မှုကို ကျွန်တော်တို့တွေ့နိုင်ပါတယ်။ သန့်ရှင်းသူများကို သူ့ခေတ်မှာ ဂျိုးဇက်ပြုသောခေါ်ဆိုမှုက ယနေ့ကျွန်တော်တို့နှင့်အတူ ဆက်လက်တည်ရှိနေပါတယ် “ကျွန်ုပ်တို့သည် ထိုမျှကြီးမြတ်သော အကြောင်းရင်းကို ဆက်၍မပြုကြသလော။ ရှေ့သို့သွားကြလော့၊ နောက်သို့မသွားကြနှင့်။ ရဲရင့်ကြလော့၊… ထို့အတူ အောင်နိုင်ခြင်းသို့ ဆက်၍၊ ဆက်၍ သွားကြကုန်အံ့။ သင်တို့၏စိတ်နှလုံးကိုရွှင်လန်းဝမ်းမြောက်စေကြလော့၊ ထို့အတူ အလွန်ဝမ်းသာကြလော့”(သြဝါဒနှင့်ပဋိညာဥ်များ ၁၂၈:၂၂)။

ပြန်လည်ဆောင်ယူခြင်းမှ ယူဆောင်လာပေးသော ချစ်ခြင်းနှင့် ဝမ်းမြောက်ခြင်း၏ ဝမ်းသာစရာသတင်းသည် ကျွန်တော်တို့ဘဝများကို—ယခုနှင့် အစဥ်အမြဲ ကောင်းချီးနှင့် လမ်းပြပေးပါစေ။