“ချို့တဲ့သူများအားဖေးမခြင်း၊“လီယဟိုနာ၊ စက်၊ ၂၀၂၃။
လစဉ် လီယဟိုနာ အမှာစကား၊ စက်တင်ဘာ ၂၀၂၃
ချို့တဲ့သူများအားဖေးမခြင်း
ကိုယ်တော်သည် အနာရောဂါအမျိုးမျိုးကို ပျောက်ကင်းစေခဲ့သည်၊ ဂျေ၊ ကာခ့် ရစ်ချတ် မှ၊ ကူးယူခြင်းသည်းခံပါ
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အသင်းသားများအနေနှင့်၊ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်၏သင်ကြားခြင်းကိုလိုက်နာပြီး ချို့တဲ့သူများကိုဖေးမကြပါသည်။ တခြားသူများအား အစေခံခြင်း၊ ကိုယ်ထူကိုယ်ထ ဖြစ်လာစေရန်ကူညီပေးခြင်း နှင့် ကျွန်ုပ်တို့တွင်ရှိသောအရာများကို ဝေငှခြင်းဖြင့် ဖေးမကူညီကြပါသည်။
ယေရှုခရစ်တော်၏ဥပမာ
ယေရှုခရစ်တော်သည် ချစ်ခြင်းမေတ္တာပြသခြင်း၊ နှစ်သိမ့်ပေးခြင်းရှိခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိသူများအတွက် ဆုတောင်းခြင်းပြုခဲ့သည်။ သူသည် “ချမ်းသာကိုပေး“တော်မူခဲ့သည်(တမန်တော်ဝတ္ထု၁၀း၃၈)။ ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာပြသခြင်း၊ နှစ်သိမ့်ပေးခြင်း၊ အစေခံခြင်း နှင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင်ရှိသောသူများအတွက်ဆုတောင်းပေးခြင်းဖြင့် ကိုယ်တော်၏ ဥပမာကို လိုက်လျှောက်နိုင်သည်။ ကျွန်ုပ်တို့သည် တခြားသူများကိုကူညီရန် နည်းလမ်းများကိုအမြဲတမ်း ရှာဖွေနိုင်သည်။
အမှုတော်ဆောင်ခြင်း
အမှုတော်ဆောင်ခြင်း ဆိုသည့်စကားလုံးကို ကျမ်းစာများထဲတွင်အသုံးပြုထားပြီး ကိုယ်တော်ရှင်၏အသင်းတော်တွင် တစ်ဦးနှင့်တစ်ဦးမည်ကဲ့သို့ ဖေးမကူညီကြောင်း ဖော်ညွှန်းသည်။ ယဇ်ပရောဟိတ်အခွင့်ကိုင်ဆောင်သူများအား အသင်းတော်စု နှင့် အသင်းတော်ခွဲမှ တစ်ဦးချင်းနှင့် မိသားစုများအတွက် အမှုတော်ဆောင်ညီအစ်ကိုများအနေဖြင့် တာဝန်ပေးသည်။ အမှုတော်ဆောင်ညီအစ်မများသည် အရွယ်ရောက်အမျိုးသမီးတစ်ဦးစီအတွက် တာဝန်ပေးအပ်ခြင်းခံရသည်။ အမှုတော်ဆောင်ညီအစ်ကိုများနှင့် ညီအစ်မများသည် အသင်းသားများအားလုံးကို အောက်မေ့သတိရပြီး ကူညီဖေးမရန် အခိုင်အမာလုပ်ဆောင်ကြသည်။
တစ်ပါးသူများအား ကိုယ်ထူကိုယ်ထဖြစ်စေရန် ကူညီပေးခြင်း
ကျွန်ုပ်တို့သည် မိသားစုဝင်များနှင့် မိတ်ဆွေများကို သူတို့၏ပြဿနာများအတွက် ရေရှည်ဖြေရှင်းရန်နည်းလမ်းများကို ရှာဖွေရန်အားပေးခြင်းဖြင့် ကိုယ်ထူကိုယ်ထဖြစ်လာစေရန် ကူညီပေးနိုင်သည်။ ကျွန်ုပ်တို့သည် သူတို့၏ပန်းတိုင်များအတွက်အလုပ်လုပ်ရာတွင် ကူညီအားပေးနိုင်သည်။ ကိုယ်ထူကိုယ်ထနှင့်ပတ်သက်သည့်အချက်အလက်များကို သြဂုတ်လ ၂၀၂၃လီယဟိုနာ ဧဝံဂေလိတရားတော်အခြေခံများစာစောင်တွင် ပိုမိုတွေ့ရှိနိုင်သည်။
တစ်ပါးသူများအား အစေခံခြင်း
ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိသူများအား အစေခံရန်နှင့် ထိုသူတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များပြည့်ဝဖို့ရာ ကူညီပေးရန်နည်းလမ်းများစွာရှိသည်။ ကျွန်ုပ်တို့သည် တစ်ပါးသူများအကြောင်းလေ့လာခြင်းဖြင့် ၎င်းတို့ကို မည်ကဲ့သို့ ပိုမိုကောင်းမွန်စွာ အစေခံနိုင်ကြောင်း သိနိုင်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့အား ကူညီရာတွင် မည်သို့လုပ်ဆောင်သင့်ကြောင်း လမ်းညွှန်ပေးရန်လည်း ဆုတောင်းနိုင်သည်။
ကျွန်ုပ်တို့တွင်ရှိသောအရာများအားဝေငှခြင်း
ကျွန်ုပ်တို့အား ဘုရားသခင်ချီးမြှောက်ထားသောအရာများကို ဝေငှခြင်းဖြင့် တစ်ပါးသူများကိုအစေခံနိုင်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် ရက်ရောစွာဖြင့် အစာရှောင်အလှူငွေများကိုလှူဒါန်းနိုင်သည် (သို့) အသင်းတော်၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များတွင် ရန်ပုံငွေလှူဒါန်းနိုင်သည်။ ကျွန်ုပ်တို့၏ရပ်ရွာဝန်ဆောင်မှုများ နှင့် အသင်းတော်မှအမှုတော်ဆောင်ရန်ခေါ်ဆိုမှုများတွင်လည်း အစေခံနိုင်သည်။
အသင်းတော်ခေါင်းဆောင်များ၏တာဝန်များ
သင်းအုပ်သည် သူ၏အသင်းတော်စုမှ ချို့တဲ့သူများကို ကူညီဖေးမရာတွင် ကြည့်ရှုစောင့်ကြပ်သည်။ သူသည် ချို့တဲ့နေသောအသင်းသားများကိုကူညီရန် အစာရှောင်အလှူငွေများကို အသုံးပြုနိုင်သည်။ တခြားသောခေါင်းဆောင်များ၊ သူ၏အတိုင်ပင်ခံများအပါအဝင် လူမှုဖူလုံရေးအဖွဲ့ နှင့် အသင်းလူကြီးဥက္ကဋ္ဌအဖွဲ့ဝင်များသည်၊ အသင်းသားတို့၏ လိုအပ်ချက်များကိုပြည့်ဝစေရန် အထောက်အပံ့များရှာဖွေရာတွင် ကူညီပေးသည်။
အသင်းတော်၏ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ် ကြိုးပမ်းဆောင်ရွက်ချက်များ
အသင်းတော်သည် ကမ္ဘာတစ်ဝှမ်းရှိလူများအား အရေးပေါ်ကယ်ဆယ်မှု၊ ရပ်ရွာလုပ်ငန်းဆောင်တာများ၊ ရေသန့်နှင့် ကာကွယ်ဆေးထိုးခြင်းကဲ့သို့သော တခြားလုပ်ငန်းစဥ်များတွင် ကူညီဆောင်ရွက်ပေးပါသည်။ ပိုမိုလေ့လာရန်၊ ရှု ဒယ်လန် အိတ်ချ်၊ အုတ်ခ်၊ “ Helping the Poor and Distressed၊“လီယဟိုနာ၊ နို၊ ၂၀၂၂၊ ၆-၈။
© 2023 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် Monthly Liahona Message၊ စက်တင်ဘာ ၂၀၂၃။ Language. 19047 ၀၀၀