“ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်းသည် ကျွန်ုပ်တို့အား သန်မာစေ၏၊” လီယဟိုနာ၊ ဩဂုတ်၊ ၂၀၂၃။
လစဉ် လီယဟိုနာ အမှာစကား၊ ဩဂုတ်လ၂၀၂၃
ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်းသည် ကျွန်ုပ်တို့အား သန်မာစေ၏
ကိုယ်ထူကိုယ်ထစွမ်းဆောင်နိုင်ခြင်းဆိုသည်မှာ မိမိတို့ကိုယ်တိုင်နှင့် မိမိတို့မိသားစုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ထူကိုယ်ထစွမ်းဆောင်နိုင်သောအခါ ၊ ကိုယ်တော်ရှင်အား ပိုမိုကောင်းမွန်စွာ အစေခံနိုင်ပြီး တစ်ပါးသူများကိုလည်း ဂရုစိုက်နိုင်သည်။ သို့ရာတွင် ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်းသည် ကျွန်ုပ်တို့၏စိန်ခေါ်မှုများကို တစ်ဦးတည်းရင်ဆိုင်ရမည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့သည် အကူအညီလိုအပ်ပါက သူငယ်ချင်းများ၊ မိသားစုများ၊ အသင်းတော်စု (သို့) အသင်းခွဲမှ အသင်းဝင်များကို အကူအညီတောင်းခံနိုင်ပါသည်။
ကိုယ်ထူကိုယ်ထခြင်း၏နိယာမများ
ကိုယ်ထူကိုယ်ထ စွမ်းဆောင်နိုင်လာစေရန် ပညာရေး၊ နာခံခြင်း နှင့် အလုပ်ကြိုးစားခြင်းတို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို ဂရုစိုက်ရန် အကောင်းဆုံးကြိုးစားပြီး တစ်ပါးသူများကိုလည်း အကူအညီလိုအပ်ပါက တောင်းခံနိုင်ပါသည်။ အမှန်တကယ် ကိုယ်ထူကိုယ်ထ စွမ်းဆောင်နိုင်လာစေရန် ယေရှုခရစ်တော်၌ ယုံကြည်မှုရှိဖို့ရာ သင်ယူရပါမည်။ ကျွန်ုပ်တို့ကိုယ်တိုင်အတွက် အထောက်အကူဖြစ်စေရန် အလုပ်လုပ်သောအခါ ကိုယ်တော်ရှင်မှ ကျွန်ုပ်တို့အားခွန်အားပေးတော်မူပါလိမ့်မည်။
ဝိညာဉ်ရေးရာ၌ ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်း
ကျွန်ုပ်တို့သည် ယေရှုခရစ်တော်အကြောင်း သက်သေခံချက်ကို ခိုင်မာစေခြင်းအားဖြင့် ဝိညာဉ်ရေးရာ၌ ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်းကို အလေ့အကျင့်ဖြစ်စေသည်။ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ဘုရားကျောင်းတက်ရောက်ခြင်း၊ ပညတ်တော်များအားလိုက်နာခြင်း နှင့် ယေရှုခရစ်တော်နှင့်ပိုမိုနီးကပ်စေသော တခြားအရာများကို လုပ်ဆောင်ခြင်းဖြင့် ထိုသက်သေခံချက်အား ခိုင်မာစေသည်။ ကျွန်ုပ်တို့အား ကိုယ်တော်မှ ကူညီရန် ဆန္ဒရှိကြောင်း သိရှိလျှင် ခက်ခဲပင်ပန်းသည့်တိုင် ကြံ့ကြံ့ခံရန် ယုံကြည်ခြင်းကို ပေးပါလိမ့်မည်။
ရုပ်ပိုင်းဆိုင်ရာ၌ ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်း
ရုပ်ပိုင်းဆိုင်ရာ၌ ကိုယ်ထူကိုယ်ထ စွမ်းဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်နှင့်မိမိတို့မိသားစုများ၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ ထိုလိုအပ်ချက်များတွင် အစားအစာ၊ အိမ်ရာ၊ ကျန်းမာရေး နှင့် တခြားလိုအပ်ချက်များပါဝင်သည်။ ကျွန်ုပ်တို့သည် ပညာကောင်းစွာသင်ယူခြင်း၊ လိုအပ်သော အရည်အချင်းများကို သင်ယူခြင်း (သို့) တိုးပွားခြင်း၊ အလုပ်ကြိုးစားခြင်း၊ အချိန်ကိုအမြော်အမြင်ရှိစွာ အသုံးချခြင်း နှင့် ငွေကြေးကိုကောင်းမွန်စွာစီမံခန့်ခွဲခြင်းတို့ဖြင့် ရုပ်ပိုင်းဆိုင်ရာ၌ ကိုယ်ထူကိုယ်ထစွမ်းဆောင်နိုင်သည်။
စိတ်ပိုင်းဆိုင်ရာ၌ ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်း
စိတ်ပိုင်းဆိုင်ရာ၌ ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်းသည် စိတ်ခံစားမှုပြဿနာများကို သတ္တိနှင့်ယုံကြည်မှုတို့ဖြင့် လိုက်လျောညီထွေဖြစ်စေသည့် အရည်အချင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အားလုံးတွင် စိန်ခေါ်မှုများ နှင့် လျှော့နည်းလက်လျော့မှုများ ရှိကြပါသည်။ ဧဝံဂေလိတရားကြောင့် ကျွန်ုပ်တို့သည် ၎င်းတို့အား မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်ရန် ရွေးချယ်ရမည်ကို သိနိုင်ပါသည်။ ကိုယ်တော်ရှင်အား ယုံကြည်ခြင်းဖြင့် တုံ့ပြန်ဆောင်ရွက်ခြင်းသည် တခြားသောအခက်အခဲများကို မျှော်လင့်ချက်ပိုမိုထားရှိခြင်းဖြင့် ရင်ဆိုင်နိုင်စွမ်းကို တိုးပွားစေသည်။
ပညာရေး
ကျွန်ုပ်တို့သည် အမြဲတမ်း လေ့လာသင်ယူနေသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ စိတ်များကို သွန်သင်ရန်နှင့် ကျွန်ုပ်တို့၏ အရည်အချင်းများကို ယခုဘဝတစ်လျှောက်လုံး နှင့် နောင်ဘဝအထိ တိုးတက်စေရန် အလိုရှိပါသည်။ ကျွန်ုပ်တို့သည် ပိုမိုသင်ယူသည်နှင့်အမျှ ပိုမိုကောင်းကျိုးသက်ရောက်မှုရှိပြီး မိမိတို့ကိုယ်တိုင်နှင့်မိမိတို့မိသားစုအတွက်သာမက လိုအပ်သူများအတွက် ဖြည့်ဆည်းပေးနိုင်ပါသည်။
ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်း၏ ကောင်းချီးများ
ကျွန်ုပ်တို့သည် ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်းကို တိုးတက်လာစေသည်နှင့်အမျှ ပိုမိုထူးကဲသော မျှော်လင့်ခြင်းနှင့်ငြိမ်းချမ်းခြင်းတို့ဖြင့် ကောင်းချီးပေးခံရလိမ့်မည်ဟု ပရောဖက်များမှသင်ကြားခဲ့ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏မိသားစုများနှင့် တခြားလိုအပ်သူများကို ကူညီနိုင်ပါလိမ့်မည်။ ထို့နောက် ကျွန်ုပ်တို့သည် နောက်ထပ်အခွင့်အလမ်းများနှင့် ဆက်လက်တိုးတက်နိုင်သော အစွမ်းတို့ဖြင့် ချီးမြှောက်ခြင်းကိုခံရပါလိမ့်မည်။
အသင်းတော်မှအထောက်အပံ့များ
သင်၏ပန္နက်သည် ကိုယ်ထူကိုယ်ထသင်တန်းများ ပေးပါလိမ့်မည်။ ၎င်းတို့သည် ကိုယ်ထူကိုယ်ထနည်းလမ်းများ နှင့် ငွေကြေးစီမံခြင်း (သို့) ပိုမိုကောင်းမွန်သောအလုပ်တစ်ခုရှာဖွေခြင်းများကဲ့သို့ အရည်အချင်းများကို သင့်အား သင်ကြားပေးနိုင်ပါသည်။ သင်သည် ဧဝံဂေလိတရားတော်စာကြည့်တိုက်တွင် သက်ဆိုင်ရာအထောက်အပံ့များကို ရှာဖွေနိုင်ပါသည်။ “စာအုပ်များနှင့်သင်ခန်းစာများ” ကိုရွေးပြီး ထို့နောက် “ကိုယ်ထူကိုယ်ထစွမ်းဆောင်ခြင်း” ကိုရွေးပါ။
© 2023 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, August 2023. ၏ဘာသာပြန် Language. 19046 256