“တနင်္ဂနွေနေ့ဘုရားကျောင်းအစည်းအဝေးများ၌ မည်သည့်အရာဖြစ်ပျက်သနည်း။“Liahona ဇွန် ၂၀၂၂။
လစဉ် Liahona အမှာစကား၊ ဇွန် ၂၀၂၂
တနင်္ဂနွေနေ့ဘုရားကျောင်းအစည်းအဝေးများ၌ မည်သည့်အရာဖြစ်ပျက်သနည်း။
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အသင်းသားတွေဟာ ဘုရားသခင်ကို ကိုးကွယ်ဖို့နဲ့ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်တွေကို တစ်ယောက်ကိုတစ်ယောက်သွန်သင်ပေးဖို့ တနင်္ဂနွေနေ့တိုင်းမှာ စုဝေးကြပါတယ်။ တက်ရောက်ဖို့ အားလုံးကို ကြိုဆိုပါတယ်၊ အသင်းသားတွေဟာ ဆုတောင်းဖို့၊ ဒေသနာဟောဖို့၊ သူတို့အလိုရှိလျှင် သင်ခန်းစာတွေသင်ပေးဖို့ အခွင့်ရကြပါတယ်။ ဒီအစည်းအဝေးတွေက အသင်းသားတွေကို ယုံကြည်ခြင်း၌ တစ်ယောက်ကိုတစ်ယောက် ခွန်အားဖြည့်ပေးကြပါတယ်၊ သူတို့“စိတ်နှလုံးကို ညီညွတ်ခြင်းနှင့် တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်း၌ အတူတကွထုံးဖွဲ့ကြပါတယ်“ (မောဇိယ ၁၈း၂၁)။
ပွဲတော်အစည်းအဝေး
အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲ အသင်းသားတွေဟာ ပွဲတော်အစည်းအဝေးအတွက် တနင်္ဂနွေနေ့တိုင်း စုဝေးကြပါတယ်။ (ကျွန်တော်တို့နဲ့ ယုံကြည်ခြင်းမတူသူတွေကိုလည်း တက်ရောက်ဖို့ ကြိုဆိုပါတယ်။) ပွဲတော်ဟာ အသင်းသားတွေကို ဒီအစည်းအဝေးအတွင်းမှာ ယေရှုခရစ်တော်ကို အောက်မေ့ရန် ကူညီဖို့ ပေးထားတာဖြစ်ပါတယ်။ (ရှု၊ ဧပြီ ၂၀၂၂ ဧဝံဂေလိတရားတော်အခြေခံများ ဆောင်းပါး ပွဲတော်အကြောင်းအချက်အလက် ပို၍သိရန်)။ အစည်းအဝေးမှာ၊ ယေရှုခရစ်တော်အကြောင်း အသင်းသားတွေရဲ့ ဆုတောင်းခြင်းများ၊ ဝတ်ပြုတေးဂီတနဲ့ ဒေသနာတွေလည်း ပါဝင်ပါတယ်။
အခြားအစည်းအဝေးများ
ပွဲတော်အစည်းအဝေးအပြီးမှာ အသင်းသားတွေဟာ သင်တန်းတွေနဲ့ အဖွဲ့တွေဆိုပြီး ခွဲသွားကြပါတယ်။ အသက် ၁၈ လကနေ ၁၁ နှစ်အထိကလေးတွေဟာ မူလတန်းကို တက်ကြပါတယ်။ လတိုင်း ပထမနဲ့တတိယတနင်္ဂနွေနေ့တွေမှာ အခြားအသင်းသားအားလုံးဟာ တနင်္ဂနွေကျောင်းကို တက်ကြပါတယ်။ ဒုတိယနဲ့ စတုတ္ထတနင်္ဂနွေနေ့တွေမှာ သူတို့ဟာ လူမှုသက်သာရေးအဖွဲ့၊ အမျိုးသမီးငယ်အဖွဲ့၊ သို့မဟုတ် ယဇ်ပုရောဟိတ်အဖွဲ့တွေမှာ တက်ရောက်ကြပါတယ်။
ဆုတောင်းချက်များ
ဘုရားကျောင်းအစည်းအဝေးတွေမှာ ဆုတောင်းခြင်းတွေကို အသင်းသားတွေက ပြုကြပါတယ်။ ဆုတောင်းခြင်းတွေဟာ ရိုးရှင်းပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်လမ်းညွှန်တဲ့အတိုင်းဖြစ်ပါတယ်။ အသင်းသားတွေဟာ ကောင်းကင်ဘုံရှင်အဘကို ချစ်ခြင်းနဲ့ လေးစားခြင်းကို ဖော်ပြတဲ့ စကားလုံးတွေကို သုံးပြီး ဆုတောင်းကြပါတယ်။ သူ့ဆီကို ဆုတောင်းတဲ့အခါ၊ ကိုယ်တော်၊ ကိုယ်တော်သည်၊ ကိုယ်တော်၏ ပြီးတော့ ကိုယ်တော်သည် နာမ်စားတွေပါဝင်ပါတယ်။
ဒေသနာများ
သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ သို့မဟုတ် အသင်းတော်ခွဲ ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးက အသင်းသားတွေကို ပွဲတော်အစည်းအဝေးမှာ ဒေသနာဟောဖို့ တောင်းဆိုပါတယ်။ ဒီဒေသနာတွေက ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ကို အာရုံစိုက်ပါတယ်။ ဟောပြောသူတွေဟာ မိမိတို့ဒေသနာတွေကို ပြင်ဆင်ရာမှာ ကျမ်းစာတွေနဲ့ အသင်းတော်ခေါင်းဆောင်တွေရဲ့ စကားတွေကို အသုံးပြုကြပါတယ်။ သူတို့ဘဝတွေမှာ ဧဝံဂေလိတရားတော် ကျင့်ဝတ်စည်းကမ်းတွေရဲ့ ကောင်းချီးမင်္ဂလာတွေကိုလည်း သက်သေခံကြပါတယ်။
သင်ခန်းစာများ
ပွဲတော်အစည်းအဝေးအပြီးမှာ၊ အသင်းသားတွေဟာ ဧဝံဂေလိတရားတော်အကြောင်းကို အတန်းငယ်တွေထဲမှာ သင်ယူကြပါတယ်။ သင်ခန်းစာတွေဟာ၊ ကျမ်းစာတွေ၊ အထွေထွေညီလာခံမှ သွန်သင်ချက်တွေ၊ သို့မဟုတ် အခြားအရာတွေအကြောင်းဖြစ်နိုင်ပါတယ်။ ဆရာက သင်ခန်းစာကို ဦးဆောင်ပေမယ့်၊ အဲဒါက ပို့ချချက်တစ်ခုမဟုတ်ပါဘူး။ စာသင်ခန်းအသင်းသားအားလုံးဟာ အကြောင်းအရာအကြောင်း မိမိတို့ အတွေးတွေကို ဝေငှနိုင်ကြပါတယ်။
သက်သေခံချက်
တစ်လမှာတစ်ကြိမ်၊ ပွဲတော်အစည်းအဝေးမှာ သက်သေခံအစည်းအဝေးတစ်ခုပါဝင်ပါတယ်။ အများအားဖြင့်၊ ဒါက လရဲ့ပထမဆုံးတနင်္ဂနွေမှာဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွင်းမှာ၊ အသင်းသားတွေဟာ ယေရှုခရစ်တော်နဲ့ သူ့ဧဝံဂေလိတရားတော်အကြောင်း မိမိတို့သက်သေခံချက်တွေကို သက်သေခံနိုင်ကြပါတယ်။ သက်သေခံချက်ကို သက်သေခံတယ်ဆိုတာ၊ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြလှုံ့ဆော်တဲ့အတိုင်း ဧဝံဂေလိသမ္မာတရားတွေကို ကြေညာတာကို ဆိုလိုတာပါ။
ပြင်ဆင်ချက်
အသင်းသားတွေဟာ ဆုတောင်းခြင်း၊ ကျမ်းစာတွေကို လေ့လာခြင်းတို့ဖြင့် တနင်္ဂနွေနေ့အစည်းအဝေးတွေအတွက် ပြင်ဆင်ကြပါတယ်၊ သန့်ရှင်းသောဝိညာဉ်တော်ဆီက လမ်းပြလှုံ့ဆော်မှုကို လက်ခံရရှိဖို့ အသင့်ဖြစ်နေကြပါတယ်။ သင်ဟာ ဒေသနာဟောပြောဖို့ သို့မဟုတ် သင်ခန်းစာတစ်ခုသင်ပေးဖို့ တောင်းဆိုခံရလျှင်၊ ဧဝံဂေလိတရားတော်အခြေခံသဘောတရားတွေကို ဘယ်လိုသင်ပေးနိုင်သလဲဆိုတာကို ဆုတောင်းခြင်းထက်သန်စွာနဲ့ စဉ်းစားပါ။ ကျမ်းစာတွေကို အသုံးပြုပါ။ သမ္မာတရားသက်သေခံချက်ကို သက်သေခံပါ။ လိုအပ်လျှင်၊ သင့်အသင်းတော်ခေါင်းဆောင်တွေက သင်ပြင်ဆင်ဖို့ ကူညီနိုင်ပါတယ်။
© 2022 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက် ၆/၁၉ ဘာသာပြန် ခွင့်ပြုချက် ၆/၁၉. Monthly Liahona Message, June 2022.၏ဘာသာပြန် Burmese. 18315 256