၂၀၂၁
ဗျာဒိတ်တော်အခြခံသဘောတရားထဲသို့ တိုးတက်လော့
၂၀၂၁ ဇန်နဝါရီ


“ဗျာဒိတ်တော်အခြခံသဘောတရားထဲသို့ တိုးတက်လော့၊” Liahona, ဇန္နဝါရီ ၂၀၂၁

လစဉ် Liahona အမှာစကား၊ ဇန္နဝါရီ ၂၀၂၁

တိုးတက်လော့ ဗျာဒိတ်တော်အခြခံသဘောတရားထဲသို့

သင်တို့ကို ကိုယ်တော်ရှင်ပေးလိုတဲ့ အလင်းရောက်ခြင်းကို ရရှိနိုင်ကြစေဖို့ သူ့ကို ပိုပြီးကောင်းစွာနဲ့ ပိုပြီးမကြာမကြာ ကြားနာရန် လိုအပ်အပ်တဲ့ အချက်တွေကို လုပ်ဆောင်ကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။

အပင်

Gettyပုံရိပ်မှ ဓာတ်ပုံ။

စက်တင်ဘာ ၃၀၊ ၂၀၁၇ မှာ၊ အထွေထွေညီလာခံ နေ့လည်ပိုင်းကဏ္ဍအပြီးမှာ၊ ကျွန်တော်ရဲ့ ချစ်သော အဖွဲ့သား အသင်းလူကြီး ရောဘတ် ဒီ၊ ဟေးလ်စ်ကို မေးမြန်းဖို့ ဆေးရုံကို ခဏဝင်ခဲ့ပါတယ်။ သူဟာ ယခင်ရက် အနည်းငယ်ကတည်းက နှလုံးရောဂါခံစားရလို့ ဆေးရုံတက်နေခဲ့ရတာပါ။

ကျွန်တော်တို့ သူ့ကို ကောင်းကောင်းကြည့်ရှုခဲ့ကြပါတယ်၊ သူလည်း နေကောင်းလာတဲ့ပုံပါပဲ။ သူ့ဘာသာသူအသက်ရှုနေတာမိုလို့၊ အဲဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်၊ အဲဒီညနေမှာပဲ၊ ဝိညာဉ်တော်က ကျွန်တော့်နှလုံးသားနဲ့ စိတ်ကို ပြောပါတယ်၊ တနင်္ဂနွေနေ့မှာ ဆေးရုံကို ကျွန်တော် ပြန်သွားရမယ့် အကြောင်းပဲဖြစ်ပါတယ်။ အထွေထွေညီလာခံ တနင်္ဂနွေနေ့မနက်ပိုင်းကဏ္ဍအတွင်းမှာ၊ အဲဒီခိုင်မာတဲ့ထင်မြင်ချက်က ပြန်လာခဲ့ပါတယ်။ မနက်ပိုင်းကဏ္ဍပြီးတာနဲ့ ကျွန်တော် နေ့လည်စာကို လွှတ်ပြီးတော့ အသင်းလူကြီးဟေးလ်စ် ရဲ့ဘေးကို အမြန်သွားဖို့ခံစားမိခဲ့ပါတယ်၊ အဲဒီအတိုင်း ကျွန်တော်လုပ်ခဲ့ပါတယ်။

ကျွန်တော်ရောက်သွားတဲ့အခါ၊ အသင်းလူကြီးဟေးလ်စ်ဟာ ပိုဆိုးလာလို့ အသည်းအသန်ဖြစ်နေခဲ့ပါပြီ။ ဝမ်းနည်းစရာပါပဲ၊ သူဟာ ကျွန်တော်ရောက်ပြီး ၁၀ မိနစ်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်ဟာ သူဒီဘဝကနေ ထွက်ခွာသွားတဲ့အချိန်မှာ သူ့ချစ်ဇနီး မေရီ၊ ပြီးတော့ သူတို့ရဲ့ သားနှစ်ယောက်တို့ နဲ့အတူ သူ့ဘေးမှာ ရှိနေခဲ့ရအတွက် ကျေးဇူးတင်ပါတယ်။

လှုံ့ဆော်မှုသာ မရှိခဲ့လျှင်၊ ကျွန်တော်လုပ်နိုင်ခဲ့မှာ မဟုတ်တဲ့ အရာတစ်ခုကို ပြုလုပ်ဖို့ တိုးတိုးလေးပြောခဲ့တဲ့ သန့်ရှင်းသောဝိညာဉ်တော်အတွက် ကျွန်တော်အင်မတန်ကျေးဇူးတင်ပါတယ်။ ဗျာဒိတ်တော်အစစ်အမှန်ရှိခြင်းနဲ့ ကောင်းကင်တွေ တစ်ဖန် ပြန်ပွင့်ခြင်းကြောင့် ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။

ဒီနှစ်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နဲ့ စာသင်ခန်းလေ့လာရေးမှာ ကျွန်တော်တို့အာရုံစိုက်ရမှာက ဩဝါဒနဲ့ပဋိညာဉ်များကျမ်းဖြစ်ပါတယ်။ “မြင့်မြတ်သောဗျာဒိတ်တော်များနှင့် လမ်းပြလှုံ့ဆော်သောကြေညာချက်များ” က လေ့လာသူတွေနဲ့ အဲဒါတွေရဲ့ မြင့်မြတ်သောလမ်းညွှန်ချက်တွေကို လုပ်ဆောင်တဲ့သူတွေကို ကောင်းချီးပေးနိုင်ပါတယ်။ “နေရာတိုင်းမှာရှိတဲ့လူတွေကို ကိုယ်တော်ရှင်ယေရှုခရစ်တော်ရဲ့ အသံ”ကို ကြားနာကြဖို့” အဲဒါတွေက ဖိတ်ခေါ်ပါတယ်၊ “ကိုယ်တော်ရှင်၏အသံသည် လူသားအပေါင်းတို့ထံ အမှန် ရောက်တော်မူ၏” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁:၂) လို့ပဲ ဖြစ်ပါတယ်။

အန္တရာယ်၊ မှောင်မိုက်၊ လှည့်စားခြင်း

ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်တော်တို့ကို သတိပေးခဲ့သလိုပါပဲ၊ ဇာတိပကတိနဲ့ ဝိညာဉ်ပကတိ မိုးသက်မုန်တိုင်းတွေဟာ မြေကြီးပေါ်ရှိ ဘဝရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ကိုယ်တော်ရှင်က သူ့ရဲ့ ဒုတိယအကြိမ် ကြွလာတော်မူခြင်းမတိုင်မီမှာ ကြီးစွာသော အတိဒုက္ခကာလ ရှိမယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ “အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ထို့အတူ ကာလနာဘေး၊ ထို့အတူ မြေကြီးလှုပ်ခြင်းတို့ ရှိကြလိမ့်မည်” (ဂျိုးဇက်စမစ်—မဿဲ ၁:၂၉) လို့ သူမိန့်တော်မူခဲ့ပါတယ်။

အဲသလိုအတိဒုက္ခအပေါ်မှာ ထပ်ပေါင်းနေတာကတော့ တိုးလာနေတဲ့ မှောင်မိုက်နဲ့ ကျွန်တော်တို့ ပတ်လည်မှာရှိတဲ့ လှည့်စားခြင်းဖြစ်ပါတယ်။ တပည့်တော်တွေကို ယေရှုပြောခဲ့သလိုပါပဲ၊ သူပြန်ကြွမလာမီမှာ “ဒုစရိုက်များပြားလာ” (ဂျိုးဇက်စမစ်—မဿဲ ၁:၃၀) ပါလိမ့်မယ်။

စာတန်က သူ့တပ်တွေကိုစီစဉ်ထားပါတယ်၊ ကိုယ်တော်ရှင်ရဲ့အမှုတော်၊ ပြီးတော့ အဲဒီမှာ ပါဝင်နေကြတဲ့ ကျွန်တော်တို့ကို တစ်ဖက်ကနေ ရန်စနေပါတယ်။ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ တိုးလာနေတဲ့ အန္တရာယ်တွေကြောင့်၊ မြင့်မြတ်သော လမ်းညွှန်ချက်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့လိုအပ်ချက်ဟာ ပိုကြီးလာခဲ့ပါပြီ၊ ပြီးတော့—ကျွန်တော်တို့ရဲ့ စေ့စပ်ရှင်၊ ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင်—ယေရှုခရစ်တော်ရဲ့အသံကို ကြားနာဖို့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေဟာလည်း ဘယ်တုန်းကမှ အခုလိုအလျင်စလိုမရှိခဲ့ဖူးပါဘူး။

အသင်းတော်ရဲ့ဥက္ကဌအဖြစ်ခေါ်သွင်းခံရပြီး မကြာခင်လေးမှာ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကိုယ်တော်ရှင်က သူ့စိတ်ကို ကျွန်တော်တို့ဆီ ဖော်ပြဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒါက ကျွန်တော်တို့အဖို့ သူ့ရဲ့အကြီးမားဆုံးကောင်းချီးမင်္ဂလာတွေထဲက တစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ခေတ်မှာ၊ သူက သင်တို့သည် တောင်းကြလျှင်၊ ဗျာဒိတ်တော်အပေါ် ဗျာဒိတ်တော်ကို ထပ်၍၊ အသိဉာဏ်အပေါ် အသိဉာဏ်ကို ထပ်၍ လက်ခံရရှိလိမ့်မည် လို့ မိန့်တော်မူခဲ့ပါတယ် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂:၆၁)။

ကျွန်တော်တို့ရဲ့ အသနားခံခြင်းတွေကို သူတုန့်ပြန်မယ်ဆိုတာ ကျွန်တော်သိပါတယ်။

ကျွန်တော်တို့သူ့ကို ဘယ်လိုကြားနာကြမှာလဲ

ဝိညာဉ်တော်ဘယ်လိုမိန့်တော်မူတယ်ဆိုတာကို သိခြင်းဟာ ဒီနေ့မှာမရှိမဖြစ်လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ဗျာဒိတ်တော်ကို လက်ခံရရှိဖို့၊ အဖြေတွေရှာဖို့၊ ပြီးတော့ အကာအကွယ်နဲ့ လမ်းညွှန်ချက်ရရှိဖို့၊ ကျွန်တော်တို့အတွက် ပရောဖက်ဂျိုးဇက်စမစ်ချမှတ်ခဲ့တဲ့ ပုံစံကို သတိရ ကြပါတယ်။

ပထမ၊ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကျမ်းစာတွေထဲမှာ နှစ်မြှုပ်ကြပါတယ်။ အဲဒီလိုလုပ်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်တွေနဲ့ နှလုံးသားတွေကို ကယ်တင်ရှင်ရဲ့ သွန်သင်ခြင်းတွေနဲ့ သမ္မာတရားတွေအတွက် ဖွင့်ပေးပါတယ်။ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်တွေက “[ကျွန်တော်တို့] လုပ်ရမယ့်အရာခပ်သိမ်းကို [ကျွန်တော်တို့ကို] ပြောပြ” (၂ နီဖိုင်း ၃၂:၃ ) ပါတယ်၊ အထူးသဖြင့် ဒီ မသေချာမှုနဲ့ အုံကြွခြင်းကာလတွေမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဆုတောင်းဖို့ဖြစ်ပါတယ်။ ဆုတောင်းခြင်းမှာ ကိုယ်ဘာသာကိုယ်အစပြုဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဘုရားသခင်ရှေ့မှာ နှိမ့်ချကြပါတယ်၊ ကျွန်တော်တို့ ပုံမှန်သွားနိုင်တဲ့၊ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာပါ၊ ပြီးတော့၊ ကျွန်တော်တို့စိတ်နှလုံးကို သူ့ဆီသွန်းလောင်းပါ။

“ငါ့ထံသို့ ချဉ်းကပ်ကြလော့၊ ငါသည်လည်း သင်တို့ထံသို့ ချဉ်းကပ်တော်မူမည်။ ငါ့ကို လုံ့လဝီရိယထက်သန်စွာ ရှာကြလော့၊ သင်တို့သည် ငါ့ကို တွေ့ကြလိမ့်မည်။ တောင်းကြလော့၊ သင်တို့ရကြလိမ့်မည်။ ခေါက်ကြလော့၊ သင်တို့အား ဖွင့်ပေးလိမ့်မည်” (ဩဝါဒနှင့်ပဋိညာဉ်များ ၈၈:၆၃) လို့ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါတယ်။

ကိုယ်တော်ရှင်ထံ ချဉ်းကပ်ခြင်းက နှစ်သိမ့်ခြင်းနဲ့ အားပေးမှု၊ မျှော်လင့်ခြင်းနဲ့ အနာငြိမ်းခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေ၊ အားနည်းချက်တွေ၊ ကျွန်တော်တို့ရဲ့ တမ်းတမှုတွေနဲ့ ကျွန်တော်တို့ရဲ့ ချစ်တဲ့သူတွေ၊ ကျွန်တော်တို့ရဲ့ အမှုတော်ဆောင်တာဝန်တွေနဲ့ ကျွန်တော်တို့ရဲ့ မေးခွန်းတွေနဲ့ပတ်သက်လို့ သူရဲ့နာမတော်နဲ့ ကျွန်တော်တို့ဆုတောင်းကြပါတယ်။

အဲဒီနောက် ကျွန်တော်တို့ နားထောင်ကြပါတယ်။

ကျွန်တော်တို့ရဲ့ ဆုတောင်းခြင်း ပြီးတဲ့နောက် ကျွန်တော်တို့ ခဏလေးဆက်ပြီး ဒူးထောက် နေကြမယ်ဆိုရင်၊ အတွေးတွေ၊ ခံစားချက်တွေနဲ့၊ လမ်းညွှန်မှု ကျွန်တော်တို့စိတ်ထဲကို ဝင်လာမှာဖြစ်ပါတယ်။ အဲဒီထင်မြင်ချက်တွေကို မှတ်သားခြင်းက၊ ကိုယ်တော်ရှင်က ကျွန်တော်တို့လုပ်ဆောင်စေချင်တဲ့ အရာကို ကျွန်တော်သတိရစေဖို့ ကူညီပါလိမ့်မယ်။

လေ့လာနေသောအမျိုးသမီး

ကျွန်တော်တို့တတွေဟာ ဒီလုပ်ငန်းစဉ်ကို ထပ်ထပ်ပြီးလုပ်တဲ့အခါ၊ ပရောဖက်ဂျိုးဇက်စမစ်ရဲ့ စကားတွေလို “ဗျာဒိတ်တော်အခြေခံသဘောတရားမှာ တိုးတက်ကြမှာဖြစ်ပါတယ်။”

ဗျာဒိတ်တော်ကို လက်ခံရရှိဖို့ ထိုက်တန်ပါစေ

သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တိုးတိုးပြောခြင်းကို ကျွန်တော်တို့ရဲ့ အသိအမှတ်ပြုနိုင်စွမ်းကို တိုးတက်စေခြင်းနဲ့ ဗျာဒိတ်တော်ကို လက်ခံရရှိဖို့ ကျွန်တော်တို့ရဲ့ စွမ်းအားကို တိုးစေခြင်းမှာ ထိုက်တန်မှုလိုအပ်ပါတယ်။ ထိုက်တန်မှုက စုံလင်ခြင်းကို မလိုအပ်ပါဘူး၊ ဒါပေမယ့် သန့်စင်မှု တိုးတက်စေခြင်း အတွက် ကျွန်တော်တို့ကြိုးစားဖို့ လိုအပ်ပါတယ်။

ကိုယ်တော်ရှင်က နေ့စဉ်ကြိုးပမ်းခြင်း၊ နေ့စဉ်တိုးတက်ခြင်း၊ နေ့စဉ်နောင်တရခြင်းကို မျှော်လင့်ပါတယ်။ ထိုက်တန်မှုက စင်ကြယ်မှုကို ဖြစ်စေပါတယ်၊ စင်ကြယ်မှုကလည်း ကျွန်တော်တို့ကို သန့်ရှင်းတော်ဝိညာဉ်တော်အတွက် အရည်အချင်း ပြည့်မီစေပါတယ်။ ကျွန်တော်တို့ဟာ “သန့်ရှင်းသောဝိညာဉ်တော်ကို [ကျွန်တော်တို့ရဲ့]လမ်းညွှန်ရာအဖြစ်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၅:၅၇)၊ လက်ခံတဲ့အခါ၊ ကိုယ်ပိုင်ဗျာဒိတ်တော်အတွက် အရည်အချင်းပြည့်မီစေကြပါတယ်။

ကောင်းကင်ဘုံရှင်လမ်းညွှန်ချက်ဆီသွားတဲ့ တံခါးကို ဖွင့်ခြင်းမှ တစ်စုံတစ်ခုက ပိတ်ပင်နေတယ်ဆိုရင်၊ ကျွန်တော်တို့ နောင်တရဖို့ လိုပါမယ်။ နောင်တရခြင်းက ကျွန်တော်တို့ကို ကိုယ်တော်ရှင်ရဲ့အသံကို ပိုပြီးမကြာမကြာနဲ့ ရှင်းလင်းစွာကြားစေရန် တံခါးကို ဖွင့်ဖို့အခွင့်ပေးပါတယ်။

“စံနှုန်းက ရှင်းပါတယ်” လို့ တမန်တော်တစ်ဆယ်နှစ်ပါးအဖွဲ့ဝင် အသင်းလူကြီး ဒေးဗစ် အေ၊ ဘက်ဒ်နာ သွန်သင်ခဲ့ပါတယ်။ ကျွန်တော်တို့ တွေးတဲ့၊ ကြည့်တဲ့၊ နားထောင်တဲ့၊ သို့မဟုတ် ပြုလုပ်တဲ့အရာ တစ်စုံတစ်ခုက ကျွန်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်နဲ့ ဝေးကွာစေမယ်ဆိုရင်တော့၊ အဲဒါကို တွေးတာ၊ ကြည့်တာ၊ နားထောင်တာ သို့မဟုတ် ပြုလုပ်တာကို ကျွန်တော်တို့ ရပ်ပစ်ရမှာဖြစ်ပါတယ်။ “ဥပမာ၊ ဖျော်ဖြေရာတစ်ခုဟာ၊ ကျွန်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်နဲ့ ကင်းကွာစေမယ်ဆိုရင်၊ အဲဒီဖျော်ဖြေမှုမျိုးဟာ ကျွန်တော်တို့အတွက် မဟုတ်တာအသေအချာပါပဲ။ ဝိညာဉ်တော်ဟာ ညစ်ညမ်းတဲ့၊ ရိုင်းတဲ့၊ သို့မဟုတ် ဣန္ဒြေမရှိတဲ့အရာမှာ မတည်နိုင်တာကြောင့်၊ အဲသလိုအရာတွေဟာ ကျွန်တော်တို့အတွက်မဟုတ်ဘူးဆိုတာရှင်းပါတယ်။”

ကျွန်တော်တို့ဟာ တိုးလာတဲ့ စင်ကြယ်ခြင်းနဲ့ နာခံခြင်းတွေကို အစာရှောင်ခြင်း၊ လုံ့လဝီရိယထက်သန်စွာရှာခြင်း၊ ကျမ်းစာတွေနဲ့ အသက်ရှင်တဲ့ ပရောဖက်တွေရဲ့ စကားတွေကို လေ့လာခြင်းတို့နဲ့ ပေါင်းစပ်တဲ့အခါ ကောင်းကင်တွေပွင့်ပါလိမ့်မယ်။ ကိုယ်တော်ရှင်ကလည်း “သင်၏စိတ်ကို အလင်းသို့ရောက်စေသည့် ငါ့ဝိညာဉ်တော်၏ တစ်စိတ်တစ်ပိုင်းကို သင့်ထံသို့ ငါဝေငှတော်မူမည်” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၁:၁၃) ဆိုတဲ့ သူ့ကတိတော်ကို ပြီးပြည့်စုံစေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ သည်းခံကြဖို့လိုအပ်နိုင်ပါတယ်၊ ဒါပေမယ့် ဘုရားသခင်က ကျွန်တော်တို့ကို သူ့နည်း၊ သူ့အချိန်အတိုင်း မိန့်တော်မူမှာ ဖြစ်ပါတယ်။

နားလည်ခြင်းဝိညာဉ်တော်

ယောဘက ပြောခဲ့ပါတယ် “လူထဲ၌ ဝိညာဉ်ရှိ၏၊ အနန္တတန်ခိုးရှင်၏လမ်းပြလှုံ့ဆော်မှုကြောင့် နားလည်ခြင်းရှိ၏” (ယောဘ ၃၂:၈)။ ဒီနှစ်သစ်မှာ၊ သင်တို့ကို ကိုယ်တော်ရှင်ပေးလိုတဲ့ အလင်းရောက်ခြင်းကို ရရှိနိုင်ကြစေဖို့ သူ့ကို ပိုပြီးကောင်းစွာနဲ့ ပိုပြီးမကြာမကြာ ကြားနာရန် လိုအပ်အပ်တဲ့ အချက်တွေကို လုပ်ဆောင်ကြဖို့ သင်တို့ကို ကျွန်တော်တိုက်တွန်းပါတယ်။

အသင်းလူကြီးဟေးလ်စ်ဟာ သူမကွယ်လွန်မီ ၂၀၁၇ ခုနှစ် အောက်တိုဘာလတစ်နေ့မှာ၊ အထွေထွေညီလာခံဒေသနာအတိုလေးတစ်ခုကို ပြင်ဆင်ခဲ့ပါတယ်၊ အဲဒါကို သူမဟောနိုင်ခဲ့ပါဘူး။ အဲဒီဒေသနာထဲမှာ သူရေးထားပါတယ်၊ “ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက ကျွန်တော်တို့ကို ကိုယ်တော်ရှင်ရဲ့မျက်မှောက်တော်မှာ ရှိစေဖို့ ပြင်ဆင်ပါတယ်။”

ကျွန်တော်တို့ဟာ ဗျာဒိတ်တော်ကို ရရှိတဲ့အခါ၊ ဘုရားသခင်က သူ့စိတ်၊ အလိုတော်နဲ့ အသံကို ကျွန်တော်တို့ဆီ ဖော်ပြစဉ်မှာ ကျွန်တော်တို့ဟာ မျက်မှောက်တော်မှာ ရှိကြပါတယ်။ (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၆၈:၄) တွင်ကြည့်ပါ)။ ကျွန်တော်တို့ လက်ခံရရှိတဲ့လမ်းညွှန်မှုများအပေါ် လုပ်ဆောင်ခြင်း၊ ကိုယ်တော်ရှင်ကတိပေးထားသော လမ်းပြလှုံဆော်မှုများ၌ ထိုက်တန်မှုရှိစွာနေထိုင်ခြင်း၊ ကိုယ်တော်ရှင်နာမခံယူခြင်းတို့၌ ကျွန်တော်တို့ရဲ့ယုံကြည်မှုကို လုပ်ဆောင်မှုသို့ ထားရှိရပါမယ်။

မှတ်စုများ

  1. ဩဝါဒနှင့်ပဋိညာဉ်များကျမ်း နိဒါန်း

  2. ရပ်ဆဲလ် အမ်၊ နယ်လဆင်၊ “Revelation for the Church, Revelation for Our Lives,” Liahona,မေ ၂၀၁၈၊ ၉၄ တွင်ကြည့်ပါ။

  3. Teachings of Presidents of the Church: Joseph Smith(၂၀၀၇)၊ ၁၃၂။

  4. ဒေးဗစ် အေ၊ ဘက်ဒနာ၊ “That We May Always Have His Spirit to Be with Us,” Liahona,မေ ၂၀၀၆၊ ၃၀။

  5. နီးလ် အယ်လ်၊ အန်ဒါဆင်၊“The Voice of the Lord,” Liahona,နို၊ ၂၀၁၇၊ ၁၂၅ ၌။