ကျမ်းစာများ
ယုံကြည်ခံယူချက်များ ၁


ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏
ယုံကြည်ခံယူချက်များ

အခန်းကြီး ၁

ကျွန်ုပ်တို့သည် ဘုရားသခင်၊ ထာဝရ​အဘကို၊ ထို့အတူ သူ၏​သားတော် ယေရှု​ခရစ်တော်ကို၊ ထို့အတူ သန့်ရှင်းသော​ဝိညာဉ်တော်ကို ယုံကြည်​ပါ၏။

လူ​သားတို့သည် အာဒံ၏​လွန်​ကျူးခြင်း​ကြောင့်​မဟုတ်ဘဲ သူတို့​ကိုယ်​တိုင်​၏​အပြစ်များ​ကြောင့် အပြစ်​ဒဏ်​ပေး​ခံရ​ကြမည့်​အကြောင်း ကျွန်ုပ်တို့​ယုံကြည်​ပါ၏။

ခရစ်တော်၏ အပြစ်​ဖြေခြင်း​မင်္ဂလာ အားဖြင့်၊ ဧဝံဂေလိ​တရားတော်၏ ပညတ်​တရားနှင့် ဘိသိက်​မင်္ဂလာများကို နာခံခြင်း​အားဖြင့် ခပ်သိမ်းသောလူသားတို့ ကယ်တင်ခြင်းသို့ ရောက်နိုင်ကြောင်း ကျွန်ုပ်တို့ ယုံကြည်​ပါ၏။

ကျွန်ုပ်တို့သည် ဧဝံဂေလိ​တရားတော်၏ ပထမ​ဦးဆုံး အခြေခံ​ဩဝါဒများနှင့် ဘိသိက်​မင်္ဂလာများ​သည်​ကား၊ ပထမ၊ ကိုယ်တော်ရှင် ယေရှု​ခရစ်တော်ကို ယုံကြည်ခြင်း၊ ဒုတိယ၊ နောင်တ​ရခြင်း၊ တတိယ၊ အပြစ်များမှ လွှတ်ခြင်း​အတွက် ရေ​နှစ်​မြှုပ်ခြင်း​အားဖြင့် ဗတ္တိဇံ​၊ စတုတ္ထ၊ သန့်ရှင်းသော​ဝိညာဉ်တော်၏​ဆုကျေးဇူး​အတွက် လက်​တင်ခြင်းတို့​ဖြစ်ကြောင်း ယုံကြည်​ပါ၏။

ကျွန်ုပ်တို့သည် လူ​တစ်ဦး ဧဝံဂေလိ​တရားတော်​ကို ဟော​ပြောရန်နှင့် ထို​တရားတော်၏ ဘိသိက်​မင်္ဂလာများကို စီမံ​ဆောင်ရွက်​ရန်မှာ ပရောဖက်​ပြု​ဟောချက်​အားဖြင့်လည်းကောင်း၊ အခွင့်​အာဏာ​ရှိသော​သူတို့၏လက်​တင်ခြင်းအားဖြင့် လည်း​ကောင်း ဘုရားသခင်​အားဖြင့် ခေါ်သွင်းခံရမည်ဖြစ်ကြောင်း ယုံကြည်​ပါ၏။

ကျွန်ုပ်တို့သည် ရှေး​ယခင်​အသင်းတော်၌ ပေါ်ထွန်း​ခဲ့သော၊ အမည်​အားဖြင့် တမန်​တော်များ၊ ပရောဖက်များ၊ သင်း​အုပ်များ၊ ဆရာများ၊ ဧဝံဂေလိ​အမှုတော်​ဆောင်များ အစ​ရှိသည့် အလား​တူဖွဲ့​စည်းခြင်းကို ယုံကြည်​ပါ၏။

ကျွန်ုပ်တို့သည် အမျိုး​မျိုးသော​ဘာသာစကား​ပြောခြင်း၊ ပရောဖက်​ပြု​ဟောခြင်း၊ ဗျာဒိတ်တော်၊ ရူပါရုံများ၊ အနာ​ကင်း​စေခြင်း၊ အခြားသော​ဘာသာစကားများကို အနက်​ဖွင့်ပြခြင်း၊ အစ​ရှိသည်တို့၏​ဆု​ကျေးဇူးတို့ကို ယုံကြည်​ပါ၏။

ကျွန်ုပ်တို့သည် သမ္မာကျမ်းအား မှန်​ကန်​စွာ​ဘာ​သာ​ပြန်​ထားခြင်း​ရှိသမျှ ဘုရားသခင်၏​နှုတ်ကပတ်တော်​အဖြစ် ယုံကြည်​ပါ၏။ မော်မုန်​ကျမ်းကို​လည်း ဘုရားသခင်၏​နှုတ်ကပတ်တော်​အဖြစ်​ယုံကြည်​ပါ၏။

ကျွန်ုပ်တို့​သည် ဘုရားသခင်​ဖော်​ပြ​တော်မူခဲ့သည့် ခပ်သိမ်းသော​အရာများ၊ သူ​ယခု​ဖော်ပြ​တော်မူသည့် ခပ်သိမ်းသော​အရာများကို ယုံကြည်ပါ၏၊ ဘုရားသခင်၏​နိုင်ငံတော်နှင့်​စပ်​ဆိုင်သည့် ကြီးမြတ်ပြီး အရေး​ကြီးသော​အရာ​များစွာတို့ကို သူ​ဖော်​ပြတော်​မူ​လိမ့်​မည်​ဖြစ်​ကြောင်းကိုလည်း ကျွန်ုပ်တို့​ယုံကြည်​ပါ၏။

၁၀ ဣသရေလ​အမျိုးတို့ ဧကန်​အမှန်​စုဝေးခြင်းနှင့် မျိုး​နွယ်​စု​ဆယ်စုတို့ကို ပြန်လည်​ဆောင်ယူခြင်း​အကြောင်း၊ ဇိအုန် (ယေရုရှလင်​မြို့​သစ်) ကို အမေရိက​တိုက်၌ တည်​ဆောက်မည့်​အကြောင်း၊ ခရစ်တော်သည် မြေ​ကြီး​ပေါ်၌ ကိုယ်တိုင်အုပ်စိုး​တော်မူမည့်​အကြောင်း၊ ထို့အတူ၊ မြေကြီးသည်​ပြန်၍​တည်​ဆောက်​သည်ကိုခံရ၍ ၎င်း၏​အတိသုခ​ဘုံကဲ့သို့​သော​ဘုန်း​အသ​ရေကို ရရှိ​လိမ့်မည်​ဖြစ်​ကြောင်းတို့​ကို ကျွန်ုပ်တို့​ယုံကြည်​ပါ၏။

၁၁ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့​အသိ​စိတ်၏​လမ်းညွှန်မှု​အတိုင်း၊ အနန္တ​တန်ခိုးရှင်​ဘုရားသခင်ကို ကိုး​ကွယ်နိုင်သည့် အထူး​အခွင့်​အရေး​ရှိသည်ဟု ခံယူပါ၏၊ လူ​သား​အားလုံးတို့​အား ထိုတူညီသော အထူး​အခွင့်​အရေးကို ပေး၍၊ မည်သည့်နည်း၊ မည်သည့်​နေရာ သို့မဟုတ် မည့်သည့်​အရာကို​ဖြစ်စေ ကိုးကွယ်ရန် အခွင့်​ပေးပါစေ။

၁၂ ကျွန်ုပ်တို့သည် ရှင်ဘုရင်များ၊ သမ္မတများ၊ အုပ်စိုး​သူများနှင့် ရာဇဝတ်​တရား​သူကြီးများ၏ ဩဇာကို ခံယူ၍၊ တရား​ဥပဒေကို နာခံခြင်း၊ လေး​စားခြင်းနှင့် ထောက်ခံခြင်းတို့​ကို ယုံကြည်​ပါ၏။

၁၃ ကျွန်ုပ်တို့သည် ရိုး​သားခြင်း၊ မှန်​ကန်ခြင်း၊ ကာမ​အပြစ်​ကင်းခြင်း၊ သဘောထား​ကောင်းမွန်ခြင်း၊ ကောင်းမြတ်စွာ​ကျင့်ကြံခြင်းနှင့်၊ ခပ်သိမ်းသော​လူသားတို့အား ကောင်းကျိုး​ပြုခြင်းတို့ကို ယုံကြည်​ပါ၏။ အမှန်​စင်စစ်၊ ကျွန်ုပ်တို့သည် ပေါလု၏​ဆုံးမစာကို လိုက်နာ​သည်ဟု ဆို​နိုင်​ပါ၏—ကျွန်ုပ်တို့သည် ခပ်သိမ်းသော​အရာတို့ကို ယုံကြည်​ပါ၏၊ ကျွန်ုပ်တို့သည် ခပ်သိမ်းသော​အရာတို့ကို မျှော်လင့်​ပါ၏၊ ကျွန်ုပ်တို့သည် များစွာသော​အရာတို့ကို ကြံ့ကြံ့​ခံကြ​လေပြီး၊ ခပ်သိမ်းသော​အရာတို့​ကို​လည်း ကြံ့ကြံ့ခံ​နိုင်​လိမ့်မည်ဟု မျှော်လင့်​ပါ၏။ ကောင်း​မြတ်သော၊ နှစ်သက်​ဖွယ်သော သို့မဟုတ် အသရေ​ရှိသော၊ သို့မဟုတ် ချီးမွမ်းဖွယ်​ဖြစ်သော​အရာတစ်စုံတစ်ခုရှိလျှင်၊ ကျွန်ုပ်တို့သည် ထိုအရာကို ရှာဖွေကြ​ပါ၏။

ဂျိုးဇက်စမစ်။