ကျမ်းစာများ
မော်မုန်၏စကားများ ၁


မော်မုန်၏စကားများ

အခန်းကြီး ၁

မော်မုန်သည် နီဖိုင်း၏​ပုရပိုက်ပြား​အကြီးတို့ကို အကျဉ်းချုပ်၏—သူသည် ပုရပိုက်ပြား​အငယ်တို့ကို အခြား​ပုရပိုက်ပြားတို့နှင့်​အတူထား၏—ဗင်္ယာမိန်​မင်းကြီးသည် ထိုပြည်၌ ငြိမ်းချမ်းခြင်းကို တည်ဆောက်၏။ အေဒီ ၃၈၅ ခန့်။

ယခုမူကား၊ ငါ၊ မော်မုန်သည် ပြုလျက်ရှိသော​မှတ်တမ်းကို ငါ့သား​မော်ရော်နိုင်း၏ လက်ထဲသို့ ပေးအပ်​တော့မည်။ ရှုလော့၊ ငါသည် ငါ၏​လူမျိုး နီဖိုင်း​အမျိုး​သားတို့ ခပ်သိမ်း​နီးပါး​ပျက်စီးခြင်းကို ရှုမြင်​ခဲ့ရလေပြီ။

ခရစ်တော်​ကြွလာတော်မူ​ပြီးနောက်၊ နှစ်ရာပေါင်းများစွာ​ကြာသော​အခါ၌ ငါသည် ဤမှတ်တမ်းတို့ကို ငါ့သား​လက်သို့ ပေးအပ်၏။ ငါ့လူမျိုးတို့၏ ပျက်စီးခြင်း​အလုံးစုံကိုလည်း သူရှုမြင်​လိမ့်မည်ဟု ငါ​ထင်မှတ်၏။ သို့ရာတွင်၊ ထိုအရာတို့​အကြောင်း အတော်​အသင့်ကို​လည်းကောင်း၊ အချို့သော​ကာလတွင် သူတို့ကို အကျိုး​ပြုကောင်းပြုနိုင်စေကြောင်း ခရစ်တော်​အကြောင်း​အတော်​အသင့်ကို​လည်းကောင်း သူရေးနိုင်​စေခြင်းငှာ၊ ဘုရားသခင်သည် ထိုအရာတို့ကို ဘေးအန္တရာယ်မှ လွတ်မြောက်ခွင့်​ပေးတော်မူပါစေ။

ယခုမူကား၊ ငါသည် ငါရေး​လေသော​အရာ၏​အကြောင်းကို အတော်​အသင့်​ပြော၏။ အကြောင်းမူကား၊ ငါသည် အာမလေခိ​ပြောသည့် ဤဗင်္ယာမိန်​မင်းကြီး​နန်းစံသည်​အထိ၊ နီဖိုင်း၏​ပုရပိုက်ပြားတို့မှ အကျဉ်း​ချုပ်ကို ပြု​လေပြီးနောက် ငါ့လက်သို့အပ်ထားလေသည့် မှတ်တမ်းတို့၌ ရှာဖွေ​စစ်ဆေးရာ၊ ယာကုပ်မှ​စ၍ ဗင်္ယာမိန်​မင်းကြီး​နန်းစံသည်​အထိ ပရောဖက်တို့​အကြောင်း​ဤမှတ်တမ်း​ငယ်နှင့် နီဖိုင်း၏​စကား​များစွာတို့လည်း​ပါရှိသည့် ဤပုရပိုက်ပြားတို့ကို တွေ့ရ၏။

ခရစ်တော်ကြွလာ​တော်မူမည့်​အကြောင်း ပရောဖက်ပြု​ဟောချက်များကြောင့်၊ ဤပုရပိုက်ပြားများ​ပေါ်​ရှိအရာတို့သည် ငါ့ကို နှစ်သက်​စေလျက်ရှိ၏။ ငါ၏​ဘိုးဘေးတို့ကလည်း ထိုအရာတို့မှ များစွာတို့ ပြီးပြည့်စုံ​စေလေသည်ကို သိကြ၏။ ထိုမှတစ်ပါး၊ ငါတို့​အကြောင်းကို ဤကာလ​အထိ ပရောဖက်ပြု၍​ဟောထားလေ​သမျှ ပြီးပြည့်စုံ​စေလေသည်ကို​လည်းကောင်း၊ ဤကာလ​နောက်၌ လာမည့်​အရာတို့ ဧကန်အမှန်ဖြစ်​လာရမည်ကို​လည်းကောင်း ငါသိ၏—

သို့ဖြစ်၍၊ ငါသည် နီဖိုင်း၏​ပုရပိုက်ပြားတို့မှ ကောက်နုတ်မည့် ငါ့မှတ်တမ်း၏​နိဂုံးပိုင်းဖြစ်သည့် အရာတို့​အကြောင်းကို အဆုံးသတ်ခြင်းငှာ၊ ဤအကြောင်း​အရာတို့ကို ရွေးချယ်၏။ ငါသည် ငါ့လူမျိုးတို့နှင့် စပ်လျဉ်းသည့် အရာ​အနည်းငယ်ကိုမျှ မရေးနိုင်။

သို့ရာတွင်၊ ရှုလော့၊ ငါသည် ဤပရောဖက်​ပြု၍​ဟောခြင်းတို့နှင့် ဗျာဒိတ်တော်တို့​ပါရှိသော ဤပုရပိုက်ပြားတို့ကို​ယူ၍၊ ငါ့မှတ်တမ်း၏​နိဂုံးပိုင်း၌ ထားရှိမည်။ အကြောင်းမူကား၊ ထိုပုရပိုက်ပြားတို့သည် ငါ့အတွက် အမြတ်ဆုံးဖြစ်၏။ ငါ့ညီအစ်ကိုတို့​အတွက် အမြတ်ဆုံး​ဖြစ်မည်​ကိုလည်း သိ၏။

ငါသည်လည်း ဤအရာကို ဉာဏ်ပညာ​ရှိသည့် အကြံ​အစည်​အတွက် ပြု၏။ အကြောင်းမူကား၊ ထိုကဲ့သို့အားဖြင့် ငါ့ကို တိုးတိုးမြွက်​ဆိုတော်မူ၏၊ ငါ့အထဲ၌​ရှိသော ကိုယ်တော်ရှင်၏​ဝိညာဉ်တော်​ပြုပြင်ခြင်းတို့​အတိုင်းပေတည်း။ ယခုမူကား၊ ငါသည် ခပ်သိမ်းသော​အရာတို့ကို မသိ။ သို့ရာတွင်၊ ကိုယ်တော်ရှင်သည် ဖြစ်လာမည့် ခပ်သိမ်းသော​အရာတို့ကို သိတော်မူ၏။ သို့ဖြစ်၍၊ သူ၏​အလိုတော်​အတိုင်း​ဆောင်ရွက်စေခြင်းငှာ ငါ့ကို ပြုတော်မူ၏။

ဘုရားသခင်ထံသို့ ငါ၏​ဆုတောင်းခြင်း​သည်လည်း ငါ၏​ညီအစ်ကိုတို့နှင့် စပ်လျဉ်း၍၊ သူတို့သည် ဘုရားသခင်၊ အကယ်စင်စစ်၊ ခရစ်တော်၏​ရွေးနုတ်ခြင်းအကြောင်း အသိပညာသို့ နောက်ထပ်​တစ်ဖန် ရောက်နိုင်ကြစေမည့်​အကြောင်းနှင့်၊ နှစ်သက်ဖွယ်​လူမျိုးများ နောက်ထပ်​တစ်ဖန် ဖြစ်လာနိုင်စေမည့်​အကြောင်းတို့​ပေတည်း။

ယခုမူကား၊ ငါ၊ မော်မုန်သည် နီဖိုင်း၏​ပုရပိုက်ပြားတို့မှ ကောက်နုတ်သော ငါ၏​မှတ်တမ်းကို အဆုံး​သတ်ခြင်းငှာ ဆက်၍​ပြု၏။ ငါသည် ဘုရားသခင်​ပေးထား​တော်မူခဲ့သော အသိပညာနှင့် နားလည်ခြင်းတို့​အတိုင်း ပြု၏။

၁၀ သို့ဖြစ်၍၊ အချိန်တန်​လာသော​အခါ၊ အာမလေခိက ဤပုရပိုက်ပြားများကို ဗင်္ယာမိန်​မင်းကြီး​လက်ထဲသို့ ပေးအပ်လျှင် ဗင်္ယာမိန်​မင်းကြီးက​ယူ၍၊ သူ့လက်ထက်​ထိတိုင်အောင်၊ လူမျိုး​အစဉ်​အဆက်၊ ရှင်ဘုရင်တို့မှ လက်ဆင့်​ကမ်း၍​ပေးထား​လေသော မှတ်တမ်းများ​ပါရှိသည့် အခြား​ပုရပိုက်ပြားများနှင့်​အတူထား၏။

၁၁ ဗင်္ယာမိန်​မင်းကြီးမှ​စ၍၊ ငါ့လက်ထဲသို့ ကျရောက်​လေသည့်​တိုင်အောင် ထိုမှတ်တမ်းတို့ကို လူမျိုး​အစဉ်အဆက် လက်ဆင့်​ကမ်း၍​ပေးခဲ့၏။ ငါ၊ မော်မုန်သည်လည်း ဤအချိန်ယခုမှ​စ၍၊ ထိုမှတ်တမ်းတို့ကို ထိန်းသိမ်း​စောင့်ရှောက်​ရာ၌ ရှိနိုင်စေမည့်​အကြောင်း ဘုရားသခင်ထံ ဆုတောင်း၏။ ၎င်းတို့ ထိန်းသိမ်း​စောင့်ရှောက်​ခံရလိမ့်ကိုလည်း ငါသိ၏။ အကြောင်းမူကား၊ ပုရပိုက်ပြားတို့​ပေါ်၌ ရေးထားလေသည့် ကြီးစွာသော​အရာတို့ရှိ၏။ ထိုအရာတို့​အတိုင်း ငါ၏​လူမျိုးတို့နှင့် သူတို့၏​ညီအစ်ကိုတို့သည် ထိုကြီးစွာသော နောက်ဆုံး​နေ့၌ တရားစီရင်​ခံရမည်မှာ ရေးထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်​အတိုင်း​ဖြစ်၏။

၁၂ ယခုမူကား၊ ဤဗင်္ယာမိန်​မင်းကြီး​အကြောင်းတွင်—သူ့လူမျိုးတို့၌ ရန်တွေ့ခြင်း အတော်​အသင့်ရှိ၏။

၁၃ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏​တပ်တို့သည် သူ၏​လူမျိုးတို့ကို စစ်တိုက်ကြခြင်းငှာ၊ နီဖိုင်းပြည်မှ ဆင်းလာကြ၏။ သို့ရာတွင်၊ ရှုလော့၊ ဗင်္ယာမိန်​မင်းကြီးသည် မိမိတပ်တို့ကို အတူ​တကွစုစည်း၍၊ ထိုသူတို့ကို ဆီးတား၏။ သူ၏​လက်ရုံး​ခွန်အားဖြင့်၊ လာဗန်၏​ဓားဖြင့် တိုက်ခိုက်၏။

၁၄ သူတို့သည် ထောင်ပေါင်း​များစွာသော​လာမန်​အမျိုးသားတို့ကို ကွပ်မျက်လေသည့်​တိုင်အောင် ကိုယ်တော်ရှင်၏​ခွန်အားဖြင့်၊ သူတို့၏ရန်သူတို့ကို တိုက်ခိုက်ခဲ့ကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့ကို သူတို့​အမွေခံရာမြေ​ခပ်သိမ်းတို့၏ အပြင်သို့ နှင်ထုတ်​လေသည့်​တိုင်အောင် တိုက်ခိုက်ခဲ့ကြ၏။

၁၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ခရစ်တော်​အယောင်​ဆောင်သော​သူတို့ ပေါ်လာကြ​လေပြီးနောက်၊ သူတို့သည်​နှုတ်ကို အပိတ်ခံရ​လေပြီးလျှင်၊ သူတို့၏​ပြစ်မှုတို့​အတိုင်း၊ အပြစ်ဒဏ်ပေး ခံကြရလေ၏။

၁၆ လူမျိုးတို့၌ မိစ္ဆာပရောဖက်များ၊ မိစ္ဆာဟော​ပြောသူများနှင့် ဆရာများလည်း ပေါ်လာ၍၊ ဤလူ​ခပ်သိမ်းတို့သည် သူတို့၏​ပြစ်မှုတို့​အတိုင်း အပြစ်ဒဏ်​ပေးခံရ​လေပြီးနောက်၊ လာမန်​အမျိုး​သားတို့ကို ရန်တွေ့ခြင်းများစွာနှင့် ငြင်းခုံခြင်းများစွာ​ရှိလေပြီးနောက်၊ ရှုလော့၊ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ ဗင်္ယာမိန်​မင်းကြီးသည် သူ့လူမျိုးတို့​အထဲ၌​ရှိသည့် သန့်ရှင်းသော​ပရောဖက်တို့၏​အကူအညီဖြင့်—

၁၇ ရှုလော့၊ ဗင်္ယာမိန်​မင်းကြီးသည် သန့်ရှင်းသော​သူတစ်ဦး​ဖြစ်၍၊ သူ၏​လူမျိုးတို့​အပေါ်၌ ဖြောင့်မတ်ခြင်းဖြင့် အုပ်စိုးခဲ့၏။ ထိုပြည်၌ သန့်ရှင်းသော​သူများစွာတို့လည်း ရှိလေပြီး၊ ဘုရားသခင်၏​နှုတ်ကပတ်တော်ကို တန်ခိုးနှင့် အခွင့်​အာဏာတို့ဖြင့် ဟောပြောခဲ့ကြ၏။ လူမျိုးတို့၏​လည်ပင်း​ခိုင်မာခြင်း​ကြောင့်လည်း အလွန်ပြင်း​ထန်စွာ ဟောပြောခဲ့ကြ၏—

၁၈ သို့ဖြစ်၍၊ ဤလူတို့၏​အကူအညီဖြင့် ဗင်္ယာမိန်​မင်းကြီးသည် ပရောဖက်တို့နှင့်​အတူ သူ့ကိုယ်ခန္ဓာ၏​အစွမ်း​သတ္တိ​ရှိသမျှ၊ စိတ်​ဝိညာဉ်​တစ်ခုလုံး၏​စွမ်းရည်တို့ဖြင့် အလုပ်လုပ်ခြင်း​အားဖြင့်၊ ထိုပြည်၌ ငြိမ်းချမ်းခြင်းကို နောက်တစ်ကြိမ် ထပ်၍​တည်ဆောက်၏။