လီယာဟိုနာ
ကျွန်ုပ်တို့၏ချစ်လှစွာသောကယ်တင်ရှင်၏ အောင်နိုင်ခြင်း
ဧပြီ ၂၀၂၆ လီယာဟိုနာ


“ကျွန်ုပ်တို့၏ချစ်လှစွာသောကယ်တင်ရှင်၏ အောင်နိုင်ခြင်း၊” လီယာဟိုနာ၊ ဧပြီ ၂၀၂၆။

လစဉ် လီယာဟိုနာ အမှာစကား၊ ဧပြီ ၂၀၂၆

ကျွန်ုပ်တို့၏ချစ်လှစွာသောကယ်တင်ရှင်၏ အောင်နိုင်ခြင်း

ယေရှုခရစ်တော်၏ အဖိုးတန်သောဆုကျေးဇူး၏ အလွန်အရေးပါမှုကို ဖော်ပြရန် စကားလုံးများ မရှိပါ။ ၎င်းကို အခြားမည်သူထံမှ ဘယ်သောအခါမျှ လိုအပ်လိမ့်မည် မဟုတ်ပါ။ ကိုယ်တော်သည် “တစ်ခါတည်း” ဒုက္ခဝေဒနာခံစားတော်မူခဲ့ပါသည်။

လှစ်လပ်နေသောအုတ်ဂူ

နှစ်များကုန်လွန်လာသည်နှင့်အမျှ၊ ကျွန်တော်တို့ကယ်တင်ရှင်၏တိုင်းတာ၍မရသောဆုကျေးဇူး၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာ၌ ကြီးမားသောနှစ်သိမ့်မှုအကြောင်း ကျွန်တော်တွေးတော၊ လေ့လာပြီး ရှာဖွေတွေ့ရှိခဲ့သောအခါ ကျွန်တော်သည် ပို၍တိုးကာနှိမ့်ချလာခဲ့ပါသည်။ ဂေသရှေမန်အတွင်း၊ လက်ဝါးကပ်တိုင်ပေါ်နှင့် သင်္ချိုင်းတော်တွင်ဖြစ်ပွားခဲ့သည့်အရာကြောင့် လူသား၏ကံကြမ္မာမည်သို့လုံးဝပြောင်းလဲခဲ့သည်ကို လူ့စိတ်သည် နားလည်စပြုရန် အတော်အတန် ခက်ခဲနိုင်ပါသည်။

ကျွန်ုပ်တို့အားလုံးသည် စိတ်နှလုံးပူဆွေးမှုနှင့် ဒုက္ခဝေဒနာခံစားခြင်းကို ကြုံတွေ့ရကြသည်

တမန်တော်တစ်ပါးအဖြစ် ကျွန်တော့်တာဝန်ကိုထမ်းဆောင်ရာတွင်၊ ကျွန်တော်သည် ကျယ်ကျယ်ပြန့်ပြန့်ခရီးသွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းအများစုရှိ ကလေးများ၊ လူငယ်များနှင့် လူကြီးများကို တွေ့ဆုံရသည့်အခွင့်ထူးကို ရခဲ့ပါသည်။ ဘဝတွင်ကြီးမားသောဝမ်းမြောက်ခြင်း အခိုက်အတန့်များရှိပါသည်၊ သို့သော် ကျွန်တော့်ကိုယ်ပိုင်မျက်စိဖြင့်မြင်ခဲ့ပြီး ကျွန်တော့်နှလုံးသားအတွင်းမှခံစားခဲ့ရသည့်အရာတစ်ခုမှာ ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်ခြင်းအပြင်၊ ဘဝတွင် စိတ်နှလုံးပူဆွေးမှုနှင့် ဒုက္ခဝေဒနာခံစားရခြင်းအခိုက်အတန့်များ ရှိပါသည်။

ကလေးများအိပ်ပျော်နေစဉ် သူတို့၏ကိုယ်ပိုင်အိမ်တွင် ကျူးကျော်သူတစ်ဦးက ရက်စက်ကြမ်းကြုတ်စွာ သူတို့မိဘများ၏အသက်များကို အဆုံးသတ်ခံခဲ့ရသည့် ငယ်ရွယ်သောကလေး လေးယောက်နှင့်အတူထိုင်ခဲ့ခြင်းကိုသော်လည်းကောင်း၊ ငယ်ရွယ်သော မိန်းကလေးအရွယ်တွင် ယုံကြည်ရသောဆွေမျိုးတစ်ဦးမှ အကြမ်းဖက်မှုကိုခံခဲ့ရသည့် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခြင်းကိုသော်လည်းကောင်း၊ စက်ဘီးမှလဲကျပြီးနောက် ဦးနှောက်ဒဏ်ရာ ခံစားခဲ့ရပြီး မကြာမီသေဆုံးတော့မည့် မိန်းမငယ်လေး၏ ကုတင်ဘေးတွင်ထိုင်ခဲ့ရခြင်းကိုသော်လည်းကောင်း၊ သူမနှင့် သူကိုယ်တိုင်၏ဗိမာန်တော်ပဋိညာဉ်များကို အလွန်ဆိုးရွားသောနည်းလမ်းဖြင့် နှစ်ပေါင်းများစွာ ခင်ပွန်းသည်၏သစ္စာဖောက်မှုကိုခံခဲ့ရသည့် အမျိုးသမီး၏ရှိုက်ငိုသံများအား နားထောင်ခဲ့ခြင်းကိုသော်လည်းကောင်း ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။

ဧဝံဂေလိတရားတော်၏သမ္မာတရားများကို ယုံကြည်မှုမရှိတော့ဘဲ မိသားစုအတွင်းရှိအခြားသူများ၏ ယုံကြည်ခြင်းအားနည်းစေရန် ကြိုးပမ်းနေသော အရွယ်ရောက်ကလေးရှိသည့် စုံတွဲ၏နာကျင်မှုကို ကျွန်တော်ခံစားခဲ့ရပါသည်။ အနာဂတ်အလားအလာအပြည့်အဝရှိသော်လည်း မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သော လူငယ်တစ်ဦး၏ သောကရောက်နေသောမိဘများနှင့် မိတ်ဆွေများအား ကျွန်တော်သွားရောက်တွေ့ဆုံခဲ့ပါသည်။ အပြစ်ကျူးလွန်ခဲ့ပြီး အမှန်ပင်နောင်တရလိုသောသူတို့၏ ဘုရားအလိုတော်နှင့်ညီသောဝမ်းနည်းခြင်းနှင့် အပြစ်ကြောင့်ထိခိုက်ခံခဲ့ရသူများ၏ နာကျင်မှုကို ကျွန်တော်ခံစားခဲ့ရပါသည်။

စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားရသူတွင်လည်းကောင်း ကူညီနိုင်စွမ်းအနည်းငယ်ဖြင့်သာ စောင့်ကြည့်ရင်း တိတ်တဆိတ်ခံစားနေရသူများတွင်လည်းကောင်း စိတ်နှလုံးပူဆွေးမှုကို ကျွန်တော်မြင်တွေ့ခဲ့ရပါသည်။ သဘာဝဘေးအန္တရာယ်များ၊ ရေကြီးခြင်းများ၊ မုန်တိုင်းများ၊ မီးဘေးနှင့် ငလျင်တို့ကြောင့် ဖြစ်ပေါ်သည့် အလွန်ကြီးမားသော ကိုယ်ပိုင်ဆုံးရှုံးမှုကို ကျွန်တော်မြင်တွေ့ခဲ့ရပါသည်။ နိုင်ငံရေးပဋိပက္ခများ၊ စစ်ပွဲများနှင့် ဖျက်ဆီးမှုများမှ နိုင်ငံများရှိမတည်ငြိမ်မှုများနှင့် အပြစ်ကင်းပြီး မှန်ကန်သောအရာကိုလုပ်ရန် ကြိုးပမ်းနေသူများအပေါ် မမျှော်လင့်သောအရာ ကျရောက်သောအခါ ဖြစ်ပေါ်လာသောပူပင်သောကကို ကျွန်တော်မျက်မြင်တွေ့ခဲ့ရပါသည်။

တစ်စုံတစ်ဦး၏လက်ကိုကိုင်ထားသော ကယ်တင်ရှင်

ကုသပေးသောလက်များ၊ ခေါလ်ဘီ လာဆန် မှ၊ ကူးယူခွင့်မပြုပါ

ကယ်တင်ရှင်သည် ကျွန်ုပ်တို့ကို မစပါသည်

ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအကြောင်းပြောရာတွင်၊ ဥက္ကဋ္ဌဂျိမ်းစ် အီး၊ ဖောက်စ်ထ် (၁၉၂၀–၂၀၀၇)၊ ပထမဥက္ကဋ္ဌအဖွဲ့၏ ဒုတိယအတိုင်ပင်ခံက ပြောခဲ့သည်မှာ၊ “ထိခိုက်နစ်နာသူများသည် သူတို့၏စုံစမ်းခြင်းများကို ကျော်လွှားရန် သူတို့တတ်နိုင်သည်ကိုလုပ်ဆောင်သင့်ပြီး၊ ကယ်တင်ရှင်သည် ‘မိမိလူမျိုးတို့ကို သူတို့၏အနာရောဂါဝေဒနာများအလျောက် မစ’တော်မူပါလိမ့်မည် [အယ်လမာ ၇:၁၂]။ ကိုယ်တော်သည် ကျွန်တော်တို့၏ဝန်များကို သယ်ဆောင်ရန် ကျွန်တော်တို့ကိုကူညီပေးပါလိမ့်မည်။ အချို့သောဒဏ်ရာများသည် အလွန်နာကျင်ပြီး နက်ရှိုင်းလှသဖြင့် ၎င်းတို့ကို သာ၍ကြီးမြင့်သောတန်ခိုးတော်ထံမှ အကူအညီနှင့် နောင်ဘဝ၌ စုံလင်သောတရားမျှတမှုနှင့် ပြန်၍အပ်နှင်းခြင်းအတွက် မျှော်လင့်ချက်မရှိဘဲ ကုသနိုင်မည် မဟုတ်ပါ။ … ကိုယ်တော်သည် ကျွန်တော်တို့၏နာကျင်မှုကို နားလည်ပြီး ကျွန်တော်တို့၏အမှောင်မိုက်ဆုံးအချိန်များတွင်ပင်လျှင် ကျွန်တော်တို့နှင့်အတူ လျှောက်လှမ်းမည်ဖြစ်ပါသည်။”

ကယ်တင်ရှင်၏ချစ်ခြင်းနှင့် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကျွန်တော်တို့အား ကတိထားတော်မူသည့် အဆုံးမရှိသောကောင်းချီးများဆီသို့ ပိုမိုဆွဲဆောင်ခံရသည်ဟု ကျွန်တော်ခံစားရပါသည်။ ကိုယ်တော်သည် တိုင်းတာ၍မရသောနာကျင်မှုကို ယူဆောင်လာသည့် ဘဝ၏ခက်ခဲသောအတွေ့အကြုံများမှ ကျွန်တော်တို့ကိုကာကွယ်မပေးခဲ့ပါ၊ သို့သော် ကိုယ်တော်သည် ထာဝရတည်မြဲသောဒုက္ခဝေဒနာခံစားခြင်းနှင့် ကောင်းကင်ဘုံရှင်အဘထံမှကင်းကွာခြင်းမှ ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့ပြီး ကိုယ်တော်၏အလုံးစုံလွှမ်းခြုံသောဒုက္ခဝေဒနာခံစားခြင်းအားဖြင့်၊ ဘုရားသခင်၏မျက်မှောက်တော်၌ စုံလင်သောဝမ်းမြောက်ခြင်းနှင့် ထာဝရပျော်ရွှင်ခြင်း၏အခွင့်အလမ်းရရှိရန် ကျွန်တော်တို့ကို အခွင့်ပေးခဲ့ပါသည်။

ဥက္ကဋ္ဌဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်က ကျွန်တော်တို့ကို သတိပေးခဲ့သည်မှာ၊ “အဖိုးအခပေးဖို့ ဒုက္ခဝေဒနာခံစားတော်မူပြီး နောင်တရတဲ့အပြစ်တွေအတွက် ခွင့်လွှတ်ပေးတော်မူမယ့်၊ ကယ်တင်ရှင် ယေရှုခရစ်တော်ကို ပေးခြင်းဟာ ဘုရားသခင်ရဲ့ အထက်မြက်ဆုံးသေခြင်းရှိရာအကူအညီဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဟာ ဧဝံဂေလိတရားတော်ရဲ့ ပထမအခြေခံသဘောတရားဖြစ်ရတဲ့အကြောင်းရင်းကို ကရုဏာကြီးပြီး အသရေတင့်တဲ့ ထိုအပြစ်ဖြေခြင်းမင်္ဂလာက ရှင်းပြပေးထားပါတယ်။ ကိုယ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာဟာ ‘သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းကိုလည်းဖြစ်ပေါ်စေခြင်း’ (အယ်လမာ ၄၂:၂၃) နှင့် ‘လောကီသားတို့၏အပြစ်များအတွက် အပြစ်ဖြေတော်မူခြင်း’ (အယ်လမာ ၃၄:၈)ဖြင့်၊ ကျွန်တော်တို့ရဲ့ နောင်တရတဲ့ အပြစ်ခပ်သိမ်းကို ပယ်ဖျက်ပေးပြီး သေခြင်းရှိရာ အနာရောဂါဝေဒနာတွေမှ ကျွန်တော်တို့ကိုမစရန် ကျွန်တော်တို့ရဲ့ကယ်တင်ရှင်အား တန်ခိုးတော်ကိုပေးပါတယ်။”

ဂေသရှေမန်အရပ်၌ရှိသော ကယ်တင်ရှင်

ဂေသရှေမန်၌ ဆုတောင်းခြင်းမှ အသေးစိတ်၊ ဒဲလ် ပါဆင်မှ၊ အသင်းတော်အသုံးပြုမှုအတွက်သာ ကူးယူခွင့်ပြုသည်

ထာဝရကာလ၏ အချက်အချာကျသောဖြစ်ရပ်

ကျွန်တော်ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံခဲ့ရသော ဒုက္ခဝေဒနာခံစားခြင်းအကြောင်းကို ကျွန်တော်စဉ်းစားသောအခါ၊ ၎င်းသည် ကမ္ဘာပေါ်တွင် ရှိသည့် သို့မဟုတ် ရှိဦးမည့်သူအားလုံးနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးငယ်လှပါသည်။ လူသားအားလုံး၏ အပြစ်များနှင့် နာကျင်မှုများအတွက် ကိုယ်တော်၏အလုံးစုံလွှမ်းခြုံသောဒုက္ခဝေဒနာခံစားခြင်း၏ သန့်ရှင်းမွန်မြတ်သောအခိုက်အတန့်များ၌ ကယ်တင်ရှင်၏နှလုံးသား၊ စိတ်၊ ခန္ဓာနှင့် စိတ်ဝိညာဉ်တွင် ဖြစ်ပေါ်ခဲ့သည့်အရာများအတွက် ကျွန်တော့်နှလုံးသားထဲရှိ ခံစားချက်များကို ကျွန်တော်သိထားသော မည်သည့်စကားလုံးများနှင့်မျှ ဖော်ပြ၍မရနိုင်ပါ။

ထာဝရကာလခပ်သိမ်း၏အချက်အခြာကျသောဖြစ်ရပ်သည် ယေရုရှလင်မြို့၏ မြို့ရိုးအပြင်ဖက် သံလွင်တောင်ရှိ “ဂေသရှေမန်အရပ်သို့” (ရှင်မဿဲ ၂၆:၂၆) ယေရှုသွားခဲ့သည့်အချိန်တွင် စတင်ခဲ့ပါသည်။ ကိုယ်တော်က “ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏” (ရှင်မဿဲ ၂၆:၃၈)ဟု သူ၏တပည့်တော်များကို ပြောခဲ့ပါသည်။

ကိုယ်တော်ကဆုတောင်းခဲ့ပြီး၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” (ရှင်မဿဲ ၂၆:၃၉)ဟု ပြောခဲ့ပါသည်။ ကိုယ်တော်သည် သူ၏တပည့်တော်များထံပြန်လာခဲ့ပြီး၊ သူတို့အိပ်ပျော်နေသည်ကို တွေ့ရှိခဲ့ကာ၊ အဝေးသို့တဖန်သွား၍ ဒုတိယအကြိမ်ဆုတောင်းခဲ့ပါသည်။ “အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော … ထို့နောက် [ကိုယ်တော်သည်] ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏” (ရှင်မဿဲ ၂၆:၄၂၊ ၄၄)။

ယေရှုသည် ခါးသောခွက်ကို သောက်ခဲ့ပြီး ဥယျာဉ်ထဲတွင်လည်းကောင်း၊ လက်ဝါးကပ်တိုင်ပေါ်တွင်လည်းကောင်း ကျွန်တော်တို့၏သေခြင်းရှိရာ နားလည်နိုင်စွမ်းထက်ကျော်လွန်၍ ဒုက္ခဝေဒနာခံစားတော်မူခဲ့ပါသည်။ အပြစ်မရှိဘဲ၊ ကိုယ်တော်သည် ကျွန်တော်တို့၏အပြစ်များအားလုံးကို မိမိအပေါ်ခံယူခဲ့သောကြောင့်၊ ကျွန်တော်တို့သည် သူ့ထံသို့လာပြီး နောင်တရသောအခါ၊ ကျွန်တော်တို့၏အပြစ်များနှင့် ဝန်များကို ကျွန်တော်တို့ထံမှ ဖယ်ရှားပေးပါသည် (ရှု ၂ ကောရိန္သု ၅:၂၁)။

ယေရှု၏ဒုက္ခဝေဒနာခံစားခြင်း၊ သေဆုံးခြင်းနှင့် အပြစ်ဖြေခြင်းယဇ်ကို ကာလကြာမြင့်စွာ မျှော်လင့်စောင့်စားခဲ့ကြပါသည်။ ယေရှု၏မွေးဖွားခြင်းမတိုင်မီ နှစ်ပေါင်း ၇၀၀ ကတည်းက၊ ဟေရှာယက “ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏” (ဟေရှာယ ၅၃:၆)ဟု ပရောဖက်ပြု၍ ဟောခဲ့ပါသည်။ ကိုယ်တော့်ကိုယုံကြည်ပြီး သူတို့၏အပြစ်များမှနောင်တရမည့်သူတိုင်းအတွက် “အပြစ်ကို လွတ်စေခြင်းငှာ”(ရှင်မဿဲ ၂၆:၂၈) ယေရှုကမိမိအသက်ကိုစွန့်ခြင်းကို “ရွေးခြင်း” (ရှင်မဿဲ ၂၀:၂၈၊ လည်းရှု ၁ တိမောသေ ၂:၆) အဖြစ် ပြောကြားခဲ့ပါသည်။ ပေတရုက ကိုယ်တော်သည် “[ကျွန်တော်တို့၏] ဒုစရိုက်အပြစ်များကြောင့် ခံတော်မူ” (၁ ပေတရု ၃:၁၈) ခဲ့ပြီးကိုယ်တော်၏ဒဏ်ချက်တော်များအားဖြင့် ကျွန်တော်တို့သည် အနာပျောက်လျက်ရှိကြကြောင်း ဖော်ပြခဲ့ပါသည် (ရှု ၁ ပေတရု ၂:၂၄)။ ကျွန်တော်တို့အဘ၏မျက်မှောက်တော်သို့ ကျွန်တော်တို့ကိုပြန်လာခွင့်ပြုရန် အခြားမည်သူမျှ မလုပ်နိုင်သည့်အရာကို ကိုယ်တော်လုပ်ဆောင်ခဲ့ပါသည်။ ကိုယ်တော်သည် “ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့် နှိပ်စက်ခြင်းကို ခံရလေ၏” (ဟေရှာယ ၅၃:၅)။

ဂေသရှေမန်၌ ဒုက္ခဝေဒနာခံစားခြင်းနောက်တွင်၊ သူနှင့်အတူသွားလာခဲ့သူတစ်ဦး၏ သစ္စာဖောက်ခြင်း၊ မတရားသော အုပ်ချုပ်သူများရှေ့၌ ပြက်ရယ်ပြုခံရခြင်း၊ အရိုက်ခံရသောကိုယ်တော်၏ခန္ဓာကိုယ်နာကျင်မှု၊ ရက်စက်ပြီးကရုဏာကင်းမဲ့သောစစ်သူရဲတို့မှ ကိုယ်တော့်ခေါင်းပေါ်ဖိတင်ကြသည့် ဆူးပင်နှင့်ရက်သောဦးရစ် (ရှု ယောဟန် ၁၈:၂–၃၊ ၁၂–၁၄မာကု ၁၅:၁၅–၂၀)၊ နှင့် ဂေါလဂေါသသို့သွားစဉ် ပေါက်ပြဲနေသော ကိုယ်တော်၏ကျောပြင်ပေါ်သို့တင်သည့် လေးလံသောသစ်သားတိုင် (ရှု ယောဟန် ၁၉:၁၆–၁၇)စသည့် ပြင်းစွာသောဝေဒနာကို ဆက်လက်ခံစားတော်မူခဲ့ပါသည်။

လက်ဝါးကပ်တိုင်ပေါ်တွင်၊ ဂေသရှေမန်၌ခံစားခဲ့ရသည့် အလွန်ပြင်းစွာသောဝေဒနာသည် မည်သည့်လူသားမျှမတောင့်ခံနိုင်သည့် ပြင်းထန်မှုဖြင့် ပြန်လည်ဖြစ်ပေါ်လာခဲ့ပါသည်။ ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်သည် မိမိအသက်ကိုစွန့်ရန် မိမိအဘမှပေးအပ်သည့် မြင့်မြတ်သောတာဝန်ကို တစ်ပါးတည်းခံယူခဲ့ပါသည်။ စစ်သူရဲများနှင့် အုပ်ချုပ်သူများသည် ကိုယ်တော့်အသက်ကို မလုယူနိုင်ခဲ့ကြပါ။ (ရှု ယောဟန် ၁၀:၁၈)။ ရိုသေခြင်းနှင့် နှိမ့်ချခြင်းဖြင့်၊ ယေရှုသည် ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ “အမှုပြီးပြီ” (ယောဟန် ၁၉:၃၀)ဟု မိန့်တော်မူခဲ့ပါသည်။

ကိုယ်တော်၏သေခြင်းရှိရာဘဝ၏ နောက်ဆုံးအချိန်သည် ပြီးဆုံးသွားခဲ့ပါသည်။ ကိုယ်တော်၏ အဖိုးတန်သောဆုကျေးဇူး၏ အလွန်အရေးပါမှုကို ဖော်ပြရန် စကားလုံးများ မရှိပါ။ ၎င်းကို အခြားမည်သူထံမှ ဘယ်သောအခါမျှ လိုအပ်လိမ့်မည် မဟုတ်ပါ။ ယေရှုခရစ်တော်သည် “တစ်ခါတည်း” (ဟေဗြဲ ၁၀:၁၀) ဒုက္ခဝေဒနာခံစားတော်မူခဲ့ပါသည်။

ကိုယ်တော် ထမြောက်တော်မူပြီ။

ကိုယ်တော်၏မြင့်မြတ်သော သာသနာတော် ပြီးမြောက်ပြီးနောက်၊ ယခုအခါ သူသည် လူ့သမိုင်းတစ်လျှောက်တွင် သင်္ချိုင်းမှသေခြင်းမရှိရာသို့ ထမြောက်သည့် ပထမဆုံးသူဖြစ်လာခဲ့မည်ဖြစ်သည် (ရှု ၁ ကောရိန္သု ၁၅:၂၁–၂၃)။

သင်္ချိုင်းတော်ရှိမိန်းမတို့အား၊ ကောင်းကင်တမန် ပြောခဲ့သည်မှာ၊

“သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။

“ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။” (လုကာ ၂၄:၅–၆).

သူ၏တမန်တော်တို့အား၊ ကိုယ်တော်က “ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏” (လုကာ ၂၄:၃၉)ဟု မိန့်တော်မူခဲ့ပါသည်။ နောက်ပိုင်းတွင်၊ “ကိုယ်တော်ကို လူငါးရာ[ကျော်က]၊ … တစ်ပြိုင်နက် မြင်ရကြ၏” (၁ ကောရိန္သု ၁၅:၆). မျက်မြင်သက်သေများသည် ရှင်ပြန်ထမြောက်သောကယ်တင်ရှင်ကို မြင်ခဲ့ကြပါသည်။ ကိုယ်တော်သည် မသေဆုံးခဲ့ပါ။ ကိုယ်တော်သည် အသက်ရှင်ခဲ့ပါသည်။

ယေရှုခရစ်တော်သည် ကမ္ဘာပေါ်တွင် အသက်ရှင်ခဲ့သော သို့မဟုတ် အသက်ရှင်ကြမည့် လူတိုင်းအတွက် သေခြင်း၏ ထာဝရတည်မြဲသော ချုပ်နှောင်ခြင်း သံကြိုးများနှင့် လက်ထိတ်များကိုချိုးဖျက်ခဲ့ပါသည် (ရှု ၁ ကောရိန္သု ၁၅:၂၂)။ ကိုယ်တော်သည် ကျွန်တော်တို့၏အလုံးစုံလွှမ်းခြုံသောရန်သူကို အောင်နိုင်တော်မူခဲ့ပါသည်၊ သေခြင်း၏ရန်သူကို ထာဝရနှိမ်နင်းခဲ့ပါသည်။

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင် (၁၉၂၄–၂၀၂၅) ပြောခဲ့သည်မှာ၊ “ယေရှုခရစ်တော်ကသင့် အပြစ်တွေ၊ သင့် နာကျင်မှုတွေ၊ သင့် ကြေကွဲမှုတွေနဲ့ သင့် ချည့်နဲ့မှုတွေကို သူ့အပေါ် ခံယူခဲ့ပါတယ်။ အဲ့တာတွေကို သင်တစ်ယောက်တည်း ထမ်းစရာမလိုပါဘူး။ သင်နောင်တရတဲ့အခါ ကိုယ်တော်က သင့်ကို ခွင့်လွှတ်ပါလိမ့်မယ်။ သင်လိုအပ်တဲ့အရာတွေနဲ့ သင့်ကို ကောင်းချီးပေးပါလိမ့်မယ်။ သင်ရဲ့နာလျက်ရှိတဲ့ ဝိညာဉ်ကို အနာကင်းစေပါလိမ့်မယ်။ သင်ကိုယ်တိုင် ကိုယ်တော်ထံ ထမ်းပိုးကိုတင်ထားရင်၊ သင်ရဲ့ဝန်တွေဟာ ပေါ့သွားပါလိမ့်မယ်။ သင်ဟာ ယေရှုခရစ်တော်နောက်သို့ လိုက်လျှောက်ရန် ပဋိညာဉ်များ ပြုလုပ်ပြီးစောင့်ထိန်းမယ်ဆိုရင်၊ သင့်ဘဝရဲ့နာကျင်စရာအခိုက်အတန့်တွေဟာ တဒင်္ဂသာဖြစ်တယ်ဆိုတာသင်တွေ့ရှိလာပါလိမ့်မယ်။ သင်ရဲ့ဆင်းရဲဒုက္ခကို ‘ခရစ်တော်၌ ဝမ်းမြောက်ခြင်းဖြင့် လွှမ်းမိုးခံရ’ပါလိမ့်မယ်။ [အယ်လမာ ၃၁:၃၈]”

ကိုယ်တော်၏ ခန့်ထားခံရသောတမန်တော်တစ်ပါးအနေဖြင့်၊ ကိုယ်တော်အသက်ရှင်ကြောင်း သေချာပြီး စိတ်ချရသောသက်သေကို ကျွန်တော့်ထံဆောင်ကြဉ်းပေးခဲ့သည့် ဝိညာဉ်ရေးနှင့် ပုဂ္ဂိုလ်ရေးအခိုက်အတန့်များကို ကျွန်တော်တွေ့ကြုံခဲ့ရပါသည်။ ဤထမြောက်ရာကာလတွင်၊ ကျွန်တော်တို့သီချင်းသီဆိုကာ ဝမ်းမြောက်ကြစဉ်၊ ဤစကားလုံးများသည် ကျွန်တော်တို့၏စိတ်များနှင့် နှလုံးသားများထဲ ညင်သာစွာတည်ရှိနေပါစေ၊ “အို ကယ်တင်အရှင်၊ မမေ့ပါ၊ သွေးတော်သွန်းသက်စွန့်ခဲ့သူ၊”

ထမြောက်မူပြီ။ ထမြောက်မူပြီ။ …

သေခြင်းအောင်၍ လွတ်မြောက်ပြီ။

ခရစ်တော်၏အောင်ပွဲကြီး။

မှတ်စုများ

  1. ဂျိမ်းစ် အီး၊ ဖောက်စ်ထ်၊ “The Atonement: Our Greatest Hope,” လီယာဟိုနာ၊ ဇန်၊ ၂၀၀၂၊ ၂၂။

  2. ဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်၊ “သေခြင်းရှိရာအသက်တာအတွက်မြင့်မြတ်သောအကူအညီများ၊” လီယာဟိုနာ၊ မေ ၂၀၂၅၊ ၁၀၄။

  3. အထက်ဖော်ပြပါစာပိုဒ် ၁၀ပိုဒ်အတွက်၊ ရှု နီးရယ်လ် အယ်လ်၊ အန်ဒါဆင်၊ Jesus Is the Christ (၂၀၂၃)၊ ၂၈–၃၅။

  4. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “သခင်ယေရှုခရစ်တော်တဖန်ကြွလာတော်မူမည်၊” လီယာဟိုနာ၊ နို၊ ၂၀၂၄၊ ၁၂၂။

  5. ကယ်တင်ရှင်ထံ၊ နှိမ့်ချမူပါ၊” ဓမ္မသီချင်းများ၊ နံပါတ်၊ ၁၇၂။

  6. ထမြောက်မူရှင်။ဓမ္မသီချင်းများ၊ နံပါတ်၊ ၁၉၉။