“ကမ္ဘာမြေပေါ်ရှိ မိသားစုများအားလုံးကို ကောင်းချီးပေးခြင်း၊” လီယာဟိုနာ၊ မတ်၊ ၂၀၂၆။
လစဉ် လီယာဟိုနာ အမှာစကား၊ မတ်၂၀၂၆
ကမ္ဘာမြေပေါ်ရှိ မိသားစုများ အားလုံးကို ကောင်းချီးပေးခြင်း
မိသားစုများအတွက် ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်ကို ကျွန်တော်တို့လိုက်လျှောက်ပြီး ဝေငှပါက၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူရှိပြီး ကျွန်တော်တို့ကိုထောက်မကာ သူ့ထံသို့ပြန်သောကျွန်တော်တို့၏ခရီးစဉ်တွင် ကျွန်တော်တို့နှင့်အတူ ပါဝင်ပါလိမ့်မည်။
ဗေသလမြို့ ရှိ ယာကုပ်၏အိမ်မက်၊ ဂျေ၊ ခန် စပန်ဆာမှ
မကြာသေးမီက၊ ညီအစ်မဥဒေါ့ဖ်နှင့်ကျွန်တော်သည် ကျွန်တော်တို့မြစ်တစ်ယောက်၏ဗတ္တိဇံသို့ တက်ရောက်ခဲ့ကြပါသည်။ ဤပွဲကို မျိုးဆက်ပေါင်းများစွာ ပျော်ရွှင်စွာ ကျင်းပသည်ကို ကျွန်တော်တို့ကြည့်သည့်အခါ၊ ကိုယ်တော်၏သားသမီးများအတွက် သူ၏ကယ်တင်ခြင်းအစီအစဉ်ကြောင့် ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘအား နက်ရှိုင်းသောကျေးဇူးတင်ခြင်းကို ကျွန်တော်တို့ခံစားခဲ့ကြပါသည်။ အစဦးကတည်းက ကိုယ်တော့်အတွက် မိသားစုနှင့် သန့်ရှင်းမွန်မြတ်သော ပဋိညာဥ်များသည် မည်မျှအရေးပါကြောင်းကို ကျွန်တော်တို့ခံစားမိခဲ့ကြပါသည်။
ထိုအရေးပါမှုကို ဓမ္မဟောင်းကျမ်းရှိ သစ္စာရှိသောယာကုပ်၏မှတ်တမ်းတွင် တွေ့ရှိနိုင်ပါသည်။ သူသည် ဇနီးတစ်ဦးကို ရှာဖွေရန်၊ ပဋိညာဉ်အောက်တွင် လက်ထပ်ရန်နှင့် မိသားစုတစ်စုကို တည်ထောင်ရန်အတွက် ရှည်လျားပြီး ပင်ပန်းသော ခရီးစဉ်ကို ထွက်ခဲ့ပါသည်။ တစ်ညနေတွင်၊ ယာကုပ်သည် ညအိပ်အနားယူရန် ရပ်နားခဲ့သော်လည်း သူ၏ခေါင်းအုံးအတွက် ကျောက်တုံးများကိုသာ တွေ့ရှိခဲ့ပါသည်။ သူသည် အလွန်ပင်ပန်းလွန်းသောကြောင့် အိပ်ပျော်သွားနိုင်ခဲ့ပြီး အိပ်မက်တစ်ခုကိုပါ မြင်မက်ခဲ့ပါသည်။
ပဋိညာဉ်ပြုလက်ထပ်ခြင်းနှင့် မိသားစုအပေါ် သူ၏ထိုက်တန်သော ရည်မှန်းချက်များကို သူ၏စိတ်တွင် သေချာစွာထားရှိလျက်၊ ယာကုပ်မြင်ခဲ့သည်မှာ၊ “မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်မီ၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ၏။
“ထာဝရဘုရားသည် လှေကားထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏” (ကမ္ဘာဦး ၂၈:၁၂–၁၃)။
ထို့နောက် ကိုယ်တော်ရှင်သည် ယာကုပ်အား အရေးကြီးသော ပဋိညာဉ်ကတိတော်အချို့ကို ပြုခဲ့ပါသည်—ယာကုပ်၏အဘ၊ ဣဇာက်နှင့် သူ၏အဘိုးအာဗြဟံနှင့်လည်း ကိုယ်တော်ပြုခဲ့သော ကတိတော်များ အပါအဝင် အောက်ပါကတိတော်များကိုလည်း ပြုခဲ့ပါသည်၊
-
ယာကုပ်သည် “အမျိုးကြီး”၏အဘ ဖြစ်လာမည့် ကတိတော်များ (ကမ္ဘာဦး ၂၈:၃၊ လည်းရှု အပိုဒ်ငယ် ၁၄)။
-
ယာကုပ်၏အမျိုးအနွယ်အတွက် ပြည်ကိုပေးတော်မူမည့် ကတိတော်များ (ရှု ကမ္ဘာဦး ၂၈:၄၊ ၁၃)။
-
ယာကုပ်နှင့်သူ၏“အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်”ဆိုသည့် ကတိတော်များ (ကမ္ဘာဦး ၂၈:၁၄၊ အလေးပေးထည့်သွင်းထားသည်)။
ယာကုပ်၏အတွေ့အကြုံသည် အလွန်သန့်ရှင်းမွန်မြတ်သောကြောင့် သူကြေညာခဲ့သည်မှာ၊ “အကယ်စင်စစ်ထာဝရဘုရားသည် ဤအရပ်၌ရှိတော်မူ၏။ … ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ဘုံဗိမာန်၊ ကောင်းကင်တံခါးဝဖြစ်သည်တကား” (ကမ္ဘာဦး ၂၈:၁၆–၁၇)။ ထို့ကြောင့်၊ ယာကုပ်သည် ထိုအရပ်ကို ဗေသလအမည်ဖြင့်မှည့်ခဲ့ပါသည်၊ “ဘုရားသခင်၏အိမ်တော်”ဟု ဆိုလိုပါသည် (ကမ္ဘာဦး ၂၈:၁၉၊ အောက်ခြေမှတ်စု က)။
ယာကုပ်၏အိပ်မက်တွင်ပေးခဲ့သော ကတိပြုထားသည့်ကောင်းချီးများသည် လက်တွေ့ဘဝတွင် တက်လှမ်းမှုအသွင်ဆောင်သောအချို့အရာများကို ယာကုပ် လုပ်ဆောင်ရန် လိုအပ်ခဲ့ပါသည်။ နောက်ပိုင်းကာလသန့်ရှင်းသူများအနေဖြင့်၊ ယာကုပ်၏အိပ်မက်၊ ကိုယ်တော်ရှင်၏ပဋိညာဉ်များနှင့် ထာဝရဘုရား၏အိမ်တော်တို့အကြား ဆက်နွယ်မှုကိုမြင်ရန် ခက်ခဲမှုမရှိပါ။ ဗိမာန်တော်များသည် ယာကုပ်မြင်ခဲ့သောထိုလှေကားနှင့်အတော်လေး ဆင်တူပါသည်။ သွန်သင်ချက်များ၊ ဘိသိက်မင်္ဂလာများနှင့် ထာဝရဘုရား၏အိမ်တော်ရှိပဋိညာဉ်များသည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးပါသည်။ ပဋိညာဉ်များကို ကျွန်တော်တို့အားကိုယ်တော်ရှင်ထံ ပိုမိုနီးကပ်စေသော လှေကားရှိအဆင့်များနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ပြီးနောက်၊ သန့်ရှင်းသောဗိမာန်တော်တွင် ကျွန်တော်တို့ပြုသော သန့်ရှင်းမွန်မြတ်သည့်အမှုတော်ဆောင်ခြင်းအားဖြင့်၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ရှိ “လူမျိုးအပေါင်းတို့”ကို ကျွန်တော်တို့ကောင်းချီးပေးနေကြပါသည်။
“အံ့ဖွယ် တွေ့ရှိချက်တစ်ခုပါပဲ။”
ခုနစ်ကျိပ်အဖွဲ့မှ အငြိမ်းစားအဖွဲ့ဝင်၊ အသင်းလူကြီးဘရုစ် စီ၊ ဟေဖန်က တစ်ခါက နိုင်ငံတော်သတင်းမဂ္ဂဇင်းစာစောင်၏ အယ်ဒီတာထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ပါသည်။ အယ်ဒီတာသည် ဘာသာတရားအမျိုးမျိုးမှ ကောင်းကင်နိုင်ငံဆိုင်ရာ ယုံကြည်ချက်များ၏ သမိုင်းကြောင်းကို စူးစမ်းလေ့လာထားသော မကြာသေးမီက ထွက်ရှိသည့် စာအုပ်တစ်အုပ်အကြောင်းကို ပြောချင်ခဲ့ပါသည်။
“လူထုသည် ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံရှိမိသားစုများထံသို့ ပြန်သွားရန် အနှံ့အပြားတောင့်တကြကြောင်းကို စာရေးသူများက တွေ့ရှိခဲ့ကြသည်”ဟု အသင်းလူကြီး ဟေဖန်က ရေးသားခဲ့ပါသည်။ သို့သော် လူအများစုသည် သေဆုံးပြီးနောက်ဘဝ၊ ထာဝရချစ်ခြင်းနှင့် ကောင်းကင်ဘုံမိသားစုပေါင်းစည်းခြင်းများကို ယုံကြည်နေဆဲဖြစ်သော်လည်း၊ “ခရစ်ယာန်အသင်းတော်အများစုသည် ဤစိတ်အတွင်းမှတောင့်တမှုကို အနည်းငယ်တုံ့ပြန်မှုသာ ပေးကြပါသည်”—ခြွင်းချက်တစ်ခုကတော့၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် ဖြစ်ပါသည်။
ကယ်တင်ရှင်၏ပြန်လည်ဆောင်ယူထားသောအသင်းတော်၌၊ ကျွန်တော်တို့တွင် သန့်ရှင်းမွန်မြတ်သောဗိမာန်တော်များ ရှိပါသည်။ ကျွန်တော်တို့တွင် ရုပ်ခန္ဓာသေခြင်းကို ကျော်လွန်၍ကောင်းချီးပေးသော တံဆိပ်ခတ်ခြင်းအခွင့်အာဏာဖြင့် ထာဝရလက်ထပ်ခြင်းရှိပါသည်။ ကျွန်တော်တို့တွင် ခမည်းတော်နှင့်သားတော်၏မျက်မှောက်တော်၌ ချစ်ရသောသူများနှင့် ထာဝရအနာဂတ်ကို ရရှိမည့်ကတိတော်ရှိပါသည်။ ဤအရာအားလုံးကို ထည့်သွင်းစဉ်းစားပြီး၊ နောက်ပိုင်းကာလသန့်ရှင်းသူများ၏ ကောင်းကင်ဘုံအပေါ်အယူအဆသည် အပြည့်စုံဆုံးဖြစ်ကြောင်း စာရေးသူများသည် ကောက်ချက်ချခဲ့ပါသည်—ကျွန်တော် ထပ်လောင်းပြောရလျှင်၊ အပျော်ရွှင်ဆုံးလည်း ဖြစ်ပါသည်။
“အံ့ဖွယ် တွေ့ရှိချက်တစ်ခုပါပဲ။” အသင်းလူကြီး ဟေဖန်က မှတ်ချက်ချခဲ့ပါသည်။ “ယနေ့ခေတ်လူအများစုသည် ထာဝရမိသားစုများကို လိုလားတောင့်တကြပြီး [ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်]သည် ထိုတောင့်တမှုကို သိရှိထားသမျှ အခြားအယူအဆများ [သို့မဟုတ် ဘာသာရေး အယူဝါဒများ] ထက်မဆို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးပါသည်။ [ကျွန်တော်တို့၏]သားသမီးများက ဝမ်းမြောက်ဖွယ်သတင်းကောင်း၊ ‘မိသားစုများအတူပေါင်းစည်းနိုင်သည်’ သီချင်းသီဆိုနေသည်ကို ကမ္ဘာတစ်လွှားလုံး ကြားရရင်ကောင်းမည်ဟု ကျွန်တော် ဆန္ဒပြုပါသည်။”
မိသားစုများသည် အဆင်ပြေသော လူမှုရေးစီစဉ်မှုတစ်ခုသာ မဟုတ်ပါ။ ၎င်းတို့သည် ကောင်းကင်ဘုံ၏ထာဝရပုံစံ ဖြစ်ပါသည်။ ၎င်းတို့သည် “ဖန်ဆင်းရှင်၏သားသမီးတို့၏ ထာဝရကံကြမ္မာအတွက် သူ့အစီအစဉ်၌ ဗဟိုချက်ဖြစ်”ပါသည်။ ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင် (၁၉၂၄–၂၀၂၅)က ကျွန်တော်တို့ကို သင်ကြားပေးခဲ့သည့်အတိုင်း၊ “[ကိုယ်တော်ရှင်သည်] ကမ္ဘာကိုဖန်ဆင်းခဲ့သည် [ထို့ကြောင့်] ကျွန်တော်တို့ရုပ်ခန္ဓာကိုယ်များရရှိပြီး မိသားစုများဖွဲ့စည်းနိုင်ကြပါသည်။ ကိုယ်တော်သည် မိသားစုများကို ချီးမြှောက်ရန် သူ၏အသင်းတော်ကို တည်ထောင်ခဲ့ပါသည်။ ကိုယ်တော်သည် ဗိမာန်တော်များကို ပေးအပ်ပါသည်၊ ထို့ကြောင့် မိသားစုများသည် ထာဝရအတူပေါင်းစည်းနိုင်ပါသည်။”
သို့သော် ခိုင်မြဲသောမိသားစုများအပေါ် ကျွန်တော်တို့၏စိတ်ဝင်စားမှုသည် ထာဝရကံကြမ္မာများအကြောင်းသာ မဟုတ်ပါဘူး။ မိသားစုသည် ကျွန်တော်တို့၏သေခြင်းရှိရာပျော်ရွှင်မှု၌လည်း အရေးပါသောအခန်းကဏ္ဍဖြစ်ပါသည်။ ယခုနှင့် ထာဝရတွင် ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးသည့်အရာကို စုံလင်စွာသိတော်မူသော ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘသည် မစုံလင်နိုင်ကြသည့် မိသားစုများသို့ သူ၏သားသမီးများကို စေလွှတ်ပြီး ခိုင်မြဲသောမိသားစုများကို တည်ဆောက်ကာပျိုးထောင်ရန် ကျွန်တော်တို့ကို ဖိတ်ခေါ်ပါသည်။ အမှန်ပင်၊ “မသန်မစွမ်းဖြစ်ခြင်း၊ သေခြင်းသို့ မဟုတ် အခြားအခြေအနေများ၌ သီးခြားညှိယူခြင်း လိုအပ်နိုင်ပါသည်။” သို့သော် ခင်ပွန်းနှင့်ဇနီး၊ ဖခင်နှင့်မိခင်၏ ပဓာနကျပြီး မြင့်မြတ်စွာခန့်အပ်ထားသောတာဝန်များကို မည်သည့်အရာကမှ အစားထိုးနိုင်မည်မဟုတ်ပါ။
“ဇီဝဆိုင်ရာ သွေးသားတော်စပ်ပြီး နှောင်ဖွဲ့ထားသော မိဘနှစ်ပါးပါဝင်သော မိသားစုများ”အပေါ် သုတေသန က“ချစ်ခြင်းနှင့်ကြင်နာမှု၏ နက်ရှိုင်းသော အနှောင်အဖွဲ့များ” ကို ထိန်းသိမ်းရာတွင် မိသားစုသည် မရှိမဖြစ်လိုအပ်ကြောင်း ဆက်လက်ပြသနေပါသည်။ ၎င်းသည် “တည်ငြိမ်၍ စိတ်ပိုင်းဆိုင်ရာညီညွတ်ပြီး လူမှုရေးအသိရှိသော ပုဂ္ဂိုလ်များ မွေးထုတ်ရာ အဓိကနေရာဖြစ်ပါသည်။”
မိသားစုကို လုံ့လရှိစွာခုခံကာကွယ်ကြသူများ
အမှန်ပင်၊ ဘုရားသခင်၏ အစီအစဉ်အတွက် အလွန်အရေးပါသည့် အရာတစ်ခုသည် ဆန့်ကျင်ခြင်း ကြုံတွေ့ရခြင်းမှာ ကျွန်တော်တို့အတွက် အံ့သြစရာမဖြစ်သင့်ပါ။ စာတန်တွင် မိသားစုရင်းနှီးဖော်ရွေမှုမရှိခဲ့ဖူးပါ၊ ထို့အပြင် သူ၏အားထုတ်မှုများသည် ပိုမိုအရေးတကြီး ဖြစ်လာနေပါသည် “အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ”၏ (ဗျာဒိတ် ၁၂:၁၂)။ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ ယာယီဥက္ကဋ္ဌ၊ ဥက္ကဋ္ဌအမ်၊ ရပ်ဆဲလ် ဘဲလာ့ဒ် (၁၉၂၈-၂၀၂၃) က “ကိုယ်တော်ရှင်၏အမှုတော်ကို နှောင့်ယှက်ရန် အသေချာဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းသည် မိသားစု၏အကျိုးရှိမှုနှင့် အိမ်၏မွန်မြတ်သန့်စင်မှုကို ဆုတ်ယုတ်လာစေဖို့ဖြစ်ကြောင်း စာတန်ကသိပါသည်။”
ဘုရားသခင်၏ထာဝရမိသားစု၊ သူ၏သားသမီးများအတွက် သူ၏အစီအစဉ်နှင့် မိသားစုဆက်ဆံရေးများ၏ ထာဝရရည်ရွယ်ချက်အကြောင်း ကျွန်တော်တို့သိရှိထားသည့်အရာကို သိနားလည်ခြင်းဖြင့်၊ ကျွန်တော်တို့သည် ကမ္ဘာ့လုံ့လအရှိဆုံး မိသားစုကို ခုခံကာကွယ်ကြသူများအကြား ရှိသင့်ပါသည်။
ကျွန်တော်တို့ ဤအရာကို မည်သို့ဆောင်ရွက်နိုင်ကြပါသလဲ။
ဥက္ကဋ္ဌဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်က ဤအကြံပြုချက်ကို ပေးခဲ့ပါသည်၊ “မိသားစု၊ လောကသို့ကြေညာချက်သည် … မိသားစုအတွက် လက်ရှိစိန်ခေါ်မှုများတစ်လျှောက် ကျွန်တော်တို့ကို ထောက်မရန် ကျွန်တော်တို့လိုအပ်သော ဧဝံဂေလိသမ္မာတရားအတွက် ကိုယ်တော်ရှင်၏ထပ်မံအလေးပေးခြင်းဖြစ်ပါသည်”
ကျွန်တော်တို့၏ကိုယ်ပိုင်အသက်တာများတွင်၊ မိသားစုဆက်ဆံရေးများကို အားကောင်းလာစေသည့် “သေးငယ်၍ ရိုးရှင်းသောအမှုများ”(အယ်လမာ ၃၇:၆) ကို ကျွန်တော်တို့ဆောင်ရွက်နိုင်ပါသည်။ ဤတွင် မိသားစုကြေညာချက်၌ အကြမ်းဖျင်းဖော်ပြထားသော အောင်မြင်သောမိသားစုများနှင့် လက်ထပ်ခြင်းများ၏ အခြေခံသဘောတရားများ၊ “ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ နောင်တရခြင်း၊ ခွင့်လွှတ်ခြင်း၊ လေးစားမှု၊ ချစ်ခြင်း၊ သနားခြင်း၊ အလုပ်၊ ထို့အတူ ကောင်းကျိုးပေးသော အပန်းဖြေရေး လှုပ်ရှားမှုများ”ကို လိုက်နာခြင်းပါဝင်ပါသည်။ ကျွန်တော်တို့၏လက်ရှိမိသားစုအခြေအနေကို ပဓာနမထားဘဲ၊ မိသားစုဆက်ဆံရေးများသည် ကျွန်တော်တို့အတွက် ထာဝရအရေးကြီးကြောင်း ကျွန်တော်တို့၏အပြုအမူများအားဖြင့် ကျွန်တော်တို့ပြသနိုင်ပါသည်။
ကျွန်တော်တို့၏အသိုင်းအဝိုင်းများတွင် “တာဝန်ရှိသောနိုင်ငံသားများ” အနေဖြင့်၊ ကျွန်တော်တို့သည် “မိသားစုကို ထိန်းသိမ်းခွန်အားဖြည့်ပေးရန် စီစဉ်ထားသည့် ထိုနည်းလမ်းများကို အထောက်အကူပြု” နိုင်ပါသည်။
ကျွန်တော်တို့သည် ကိုယ်တော်ရှင်၏နောက်ပိုင်းကာလ ပဋိညာဉ်ခံလူမျိုးများဖြစ်ကြပါသည်။ ကျွန်တော်တို့သည် မိသားစုများနှင့်ခိုင်မြဲစွာဆက်နွယ်သော ကတိတော်များဖြစ်သည့်—အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့အား ပြုထားသည့်ကတိတော်များ၏ အမွေဆက်ခံသူများဖြစ်ကြပါသည်။ ထိုကတိတော်များသည် “လူမျိုးအပေါင်းတို့”အား ကောင်းချီးပေးရန် သန့်ရှင်းမွန်မြတ်သောနှိုးဆော်ချက်ဖြင့် လာပါသည်။ ပြီးနောက် ကျွန်တော်တို့လုပ်ဆောင်နိုင်သည့် အရေးကြီးသောနည်းလမ်းတစ်ခုမှာ “မိသားစုသည် ဘုရားသခင်တည်ထောင်ထားသောအရာဖြစ်”ကြောင်းနှင့် “သန့်ရှင်းသောဗိမာန်တော်များထဲ၌ ရရှိနိုင်သည့် သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များသည် လူတစ်ဦးချင်းစီတိုင်းအတွက် ဘုရားသခင်၏မျက်မှောက်တော်သို့ ပြန်သွားရန်နှင့် မိသားစုများအတွက် ထာဝရပေါင်းစည်းခြင်းတို့ကို ဖြစ်နိုင်စေ”ကြောင်း ထာဝရသမ္မာတရားအတိုင်း ကျင့်သုံးခြင်း၊ ခုခံကာကွယ်ခြင်းနှင့် ဝေငှခြင်းအားဖြင့် ဖြစ်ပါသည်။
“ငါသည် သင့်ဘက်မှာရှိ၏”
ကျွန်တော်တို့၏မိသားစုဝင်များသည် ကျွန်တော်တို့ချစ်ရသော ထာဝရကောင်းကင်ဘုံရှင်အဘနှင့် သန့်ရှင်းမွန်မြတ်သောပဋိညာဉ်များပြုသည်ကို ညီအစ်မဥဒေါ့ဖ်နှင့် ကျွန်တော်ကြည့်သည့်အခါ၊ ကျွန်တော်တို့၏စိတ်နှလုံးများသည် ဝမ်းမြောက်မှုနှင့် ကျေးဇူးတင်မှုဖြင့် ပြည့်လာပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏သားသမီးများနှင့် သူတို့၏သားသမီးများအတွက်သာမက ကျွန်တော်တို့၏မိဘများနှင့် သူတို့၏မိဘများအတွက်လည်း ဝမ်းမြောက်ကြပါသည်။ ဧဝံဂေလိပဋိညာဉ်များသည် မျိုးဆက်များတစ်လျှောက် ကျွန်တော်တို့ကိုမည်သို့ညီညွတ်စေကြောင်းကို လေးနက်သောချစ်ခြင်းဖြင့် ကျွန်တော်တို့စဉ်းစားဆင်ခြင်ကြပါသည်။ ၎င်းသည် “မြေကြီးပေါ်၌ လှေကားထောင်လျက် အဖျားသည် မိုးကောင်းကင်တိုင်အောင်[မီနေ]၏။ ဘုရားသခင်၏ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်လျက်ရှိကြ” (ကမ္ဘာဦး ၂၈:၁၂) သည်ကို မြင်တွေ့ရသကဲ့သို့ အတွေ့အကြုံတစ်ခုဖြစ်ပါသည်။
သူ၏အိပ်မက်တွင်ယာကုပ်အား ကိုယ်တော်ရှင်ကတိပြုထားသောကောင်းချီးများသည် သင်နှင့်ကျွန်တော်အပါအဝင်—ကိုယ်တော်၏ပဋိညာဉ်ခံသားသမီးများအားလုံးသို့ ကမ်းလှမ်းပါသည်။ ယာကုပ်အတွက် ကိုယ်တော်ရှင်ပြုခဲ့သည့်အတိုင်း၊ သူ့ကို ကျွန်တော်တို့ရွေးချယ်ပါက “[ကျွန်တော်တို့၏] ဆင်းရဲခံရသောကာလ” (ကမ္ဘာဦး ၃၅:၃) တွင် ကျွန်တော်တို့ကို သူအဖြေပေးပါလိမ့်မည်။
“ကြည့်ရှုလော့၊” ကိုယ်တော်ရှင် မိန့်တော်မူခဲ့ပါသည်၊ “ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ … သင့်ကိုငါမစွန့်” (ကမ္ဘာဦး ၂၈:၁၅)။
ယာကုပ်ကဲ့သို့၊ ကျွန်တော်တို့အားလုံးတွင် ဖြတ်သန်းရန် တောရိုင်းတစ်ခုရှိကြပါသည်။ တစ်ခါတစ်ရံ ကတိထားတော်မူသောကောင်းချီးများသည် ဝေးကွာသယောင်ရှိနေပါသည်။ ပြင်းထန်သောပြဿနာများ သို့မဟုတ် စိန်ခေါ်မှုများလာသောအခါ၊ ကိုယ်တော်ရှင်၏ချစ်ခြင်းကို ကျွန်တော်တို့မေးခွန်းထုတ်နိုင်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို စွန့်ပစ်ပြီဟုပင် ကျွန်တော်တို့ ခံစားရနိုင်ပါသည်။ တပည့်တော်ဖြစ်ခြင်း၌ ကျွန်တော်တို့၏အကောင်းဆုံးအားထုတ်မှုပြုသော်လည်း၊ ကျွန်တော်တို့မျှော်လင့်နေသော ကောင်းချီးများကို ကျွန်တော်တို့ မရရှိနေကြောင်းကို ခံစားရနိုင်ပါသည်။
ညီအစ်ကိုမောင်နှမများ၊ ချစ်ရသောမိတ်ဆွေများခင်ဗျာ၊ တစ်ခါတစ်ရံ မျက်ရည်များဖြင့် စွန်းထင်းနေနိုင်သော်လည်း၊ ပဋိညာဉ်လမ်းကြောင်းသည် ဝမ်းမြောက်ဖွယ်လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။ သင်၏ဘဝတွင် ယခုအခါ ပျော်ရွှင်ခြင်းအစီအစဉ်၏အစိတ်အပိုင်းအချို့ ပြည့်ဝမှုမရှိသေးဟု သင်ခံစားရပါက၊ ကိုယ်တော်ရှင်သည် သင့်ကို အောက်မေ့ပြီး သူ၏အချိန်တန်ချိန်၌ သင့်ကို ကောင်းချီးပေးမည်ဖြစ်ကြောင်း ကျေးဇူးပြု၌ ယုံကြည်စိတ်ချပါ။
ယေရှုခရစ်တော်နှင့် သူ၏ကတိတော်များ၌ ယုံကြည်ခြင်းသည် ကျွန်တော်တို့ကို ရှေ့သို့မျှော်ကြည့်ပြီး နောက်သို့မကြည့်ရန် လှုံ့ဆော်ပေးပါသည်။ ကိုယ်တော်ရှင်ကြောင့်၊ ကျွန်တော်တို့၏အနာဂတ်သည် အတိတ်ကဖြစ်ပျက်ခဲ့သမျှ သို့မဟုတ် ယခုအချိန်တွင် ကျွန်တော်တို့၏ အမြင်ကို ပိတ်ဆို့နေသည့် အရာများအားဖြင့် ချုပ်နှောင်ခံထားရရန် မလိုအပ်ပါ။ မှန်ပါသည်၊ ကျွန်တော်တို့အားလုံးသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဒဏ်ရာရခဲ့ကြသလို၊ နောင်လည်း ဒဏ်ရာရကြပါလိမ့်မည်။ သို့သော် ကျွန်တော်တို့သည် ကြီးမြတ်သောအနာငြိမ်းစေသူ၌ ယုံကြည်ကြပါသည်။ ကျွန်တော်တို့သည် ကိုယ်တော့်ကို အလွန်ကိုးစားကြပါသည်၊ အမှန်ပင်၊ ကိုယ်တော့်ကတိတော်များသည် “အဝေး”တွင်ရှိနေဆဲအချိန်တွင်ပင်၊ “၎င်းတို့ကိုအပြည့်အဝယုံကြည်”ကာ၊ ကျွန်တော်တို့သည် ၎င်းတို့ကို လှိုက်လှိုက်လှဲလှဲလက်ခံကြပါသည် (ဟေဗြဲ ၁၁:၁၃)။
“ကိုယ်တော်ရှင်သည် မိမိ၏နည်းလမ်းနှင့်အချိန်၌ သူ၏သစ္စာရှိသော သန့်ရှင်းသူများထံမှ ကောင်းချီးတစ်စုံတစ်ရာမျှ ထိမ်ချန်ထားမည်မဟုတ်ကြောင်း ကျွန်ုပ်တို့အားလုံး သတိရကြပါစို့”ဟု ဥက္ကဋ္ဌနယ်လ်ဆင်က ပြောခဲ့ပါသည်။ “ကိုယ်တော်ရှင်သည် လူတစ်ဦးစီတိုင်းကို စိတ်ရင်းဆန္ဒနှင့် လုပ်ရပ်အတိုင်း တရားစီရင်ပြီး ဆုချတော်မူပါလိမ့်မည်။”
မိသားစုများအတွက် ကောင်းကင်ဘုံရှင်အဘ၏အစီအစဉ်ကို ကျွန်တော်တို့လိုက်လျှောက်ပြီး ဝေငှတာနှင့်အမျှ၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူရှိပြီး ကျွန်တော်တို့ကိုထောက်မကာ ကျွန်တော်တို့၏ခရီးစဉ်တွင် ကျွန်တော်တို့နှင့်အတူ ပါဝင်မှာကို ကျွန်တော် ကတိပေးပါသည်။ အထူးသဖြင့် ကျွန်တော်တို့နှင့် ကျွန်တော်တို့ချစ်ရသောသူများထံသို့ စုံစမ်းခြင်းများလာသောအခါ ကိုယ်တော်သည် ကျွန်တော်တို့ကို ဘယ်တော့မှထားခဲ့မှာ မဟုတ်ပါဘူး။ ကိုယ်တော်သည် ကျွန်တော်တို့ကို ဆောင်ယူပြီး ကျွန်တော်တို့ကိုမြှင့်တင်ပေးကာ၊ ကိုယ်တော်နှင့်အတူ၊ သူ၏သားတော်၊ ယေရှုခရစ်တော်နှင့်အတူ၊ ကျွန်တော်တို့၏မိသားစုများနှင့်အတူ—ထာဝရတိုင် ပျော်ရွှင်ခြင်းပြည့်ဝသော ကတိထားရာပြည်သို့ ကျွန်တော်တို့ကို ခေါ်ဆောင်မည်ဖြစ်ပါသည်။
© ၂၀၂၆ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message၊ March 2026 ၏ဘာသာပြန်။ Burmese. 19937 256