2025
ပဋိညာဉ်များ၊ တန်ခိုးတော်နှင့် ကတိတော်များ
အောက်တိုဘာ ၂၀၂၅ လီယာဟိုနာ


“ပဋိညာဉ်များ၊ တန်ခိုးတော်နှင့် ကတိတော်များ၊” လီယာဟိုနာ၊ အောက်၊ ၂၀၂၅။

လစဉ် လီယာဟိုနာ အမှာစကား၊ အောက်တိုဘာ ၂၀၂၅

ပဋိညာဉ်များ၊ တန်ခိုးတော်နှင့် ကတိတော်များ

ဗိမာန်တော်သည် သခင်ယေရှုခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီ သစ္စာရှိသောသူများအား ကတိတော်ထားသည့် တန်ခိုးတော်နှင့်ကွယ်ကာခြင်း၏ အခရာဖြစ်ပါသည်။

ကာ့တ်လန်းဗိမာန်တော်ရှေ့တွင် မတ်တပ်ရပ်နေသည့် ဂျိုးဇက်စမစ်၏သရုပ်ဖော်ပုံ

ဒန်ဘားရ်ရေးဆွဲသော ဂျိုးဇက်စမစ်၏သရုပ်ဖော်ပုံ

၁၈၃၃ ခုနှစ် မေလတွင်၊ ကျွန်တော်၏လေးဆက်မြောက်အဘိုး အားဆာဟယ် ပယ်ရီနှင့် မိတ်ဆွေအချို့သည် နယူးယောက်မြောက်ပိုင်းမှ ကာ့တ်လန်း၊ အိုဟိုင်းရိုးသို့ ခရီးထွက်ခဲ့ကြပါသည်။ သူတို့သည် အသစ်ပြန်လည်ဆောင်ယူထားသည့် အသင်းတော်၏ အသင်းသားများမဟုတ်ကြပါ၊ သို့သော် သူတို့သည် ပရောဖက်ဂျိုးဇက်စမစ်အား တွေ့ဆုံချင်ခဲ့ကြပါသည်။ သူတို့သည် ကာ့တ်လန်းဗိမာန်တော်တည်ဆောက်ခြင်းအားဆွေးနွေးရန် ကျင်းပမည့် ပထမကောင်စီသို့ တက်ရောက်ရန် အချိန်မီ ရောက်ရှိခဲ့ကြပါသည်။

ကောင်စီအားစတင်ပြီးနောက်၊ ပရောဖက်သည် ဗိမာန်တော်တည်ဆောက်မည့်လုပ်ငန်းအား တင်ပြခဲ့ပါသည်။ ထို့နောက် သူသည် တက်ရောက်သူများအား ထိုကဲ့သို့ ကြီးမားသည့်လုပ်ငန်းဆောင်တာနှင့်စပ်လျဉ်းသည့် သူတို့၏အတွေးများကို တင်ပြရန်ပန်ကြားခဲ့ပါသည်။ အများစုက အသင်းတော်သည် ထိုကဲ့သို့လုပ်ငန်းအား ကိုင်တွယ်ရန် လွန်စွာဆင်းရဲလှကြောင်း တုံ့ပြန်ခဲ့ကြပါသည်။ သူတို့သည် ပိုမိုသေးငယ်ပြီး၊ တန်ဖိုးနည်းသော အဆောက်အဦးဆောက်လုပ်မှုကို အဆိုပြုခဲ့ကြပါသည်။

ဆက်လက်ဆွေးနွေးနေစဉ်အတွင်း၊ အဘိုးပယ်ရီနှင့် သူ၏မိတ်ဆွေတို့သည် ခေါင်းချင်းဆိုင်လျက်၊ သူတို့၏ပိုက်ဆံများကို ထုတ်ကာ၊ စုပေါင်းရေတွက်လိုက်ကြပါသည်။ သူတို့၏အပြန်ခရီးအတွက်ပေးရန် နှင့် ဗိမာန်တော်ဆောက်လုပ်မှုတွင်ထည့်ဝင်ရန် သူတို့တွင် ငွေလုံလောက်မှုရှိခဲ့ကြပါသလား။ မိနစ်အနည်းငယ်ကြာသောအခါ၊ ကျွန်တော့်အဘိုးသည် ဂျိုးဇက်စမစ်ထံ ချဉ်းကပ်ခဲ့ပြီး၊ ငါးဒေါ်လာတန်ရွှေဒင်္ဂါးပြားကို ထုတ်ယူခဲ့ကာ ပရောဖက်အားပေးအပ်ခဲ့ပါသည်။ (ယနေ့ခေတ်တွင် ထိုကဲ့သို့ဒင်္ဂါးပြားသည် ဒေါ်လာရာချီပြီး တန်ပါလိမ့်မည်။)

ဂျိုးဇက်သည် ကောင်စီရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ဒင်္ဂါးပြားကို ကိုင်မြှောက်လိုက်ပါသည်။ ထို့နောက်၊ သူက “အမှုတော်ကိုစတင်ခဲ့ပြီဖြစ်ကာ [ကိုယ်တော်ရှင်၏]အိမ်တော်အား သခင်ယေရှုခရစ်တော် ချမှတ်ထားသည့် ပုံစံအတိုင်း ဆောက်လုပ်မည်ဖြစ်ကြောင်း” အင်တိုက်အားတိုက်ပြောကြားခဲ့ပါသည်။

ပယ်ရီမိသားစုသည် မကြာမီ ကာ့တ်လန်းရှိ အသင်းတော်တွင်ပါဝင်ခဲ့ကာ၊ နှစ်အနည်းငယ်အကြာတွင် နော်ဗူးဗိမာန်တော်၌ သူတို့၏ဗိမာန်တော်ကောင်းချီးများကို လက်ခံရယူခဲ့ပြီး၊ နောက်ပိုင်းတွင် ယုတပြည်သို့ လွင်ပြင်များကိုဖြတ်ကျော်သွားခဲ့ကြပါသည်။

ကာ့တ်လန်းဗိမာန်တော်အား ၁၈၃၆ ခုနှစ်တွင် ဆက်ကပ်ပြီးချိန်တွင်၊ ၎င်း၏ဆက်ကပ်ပွဲအခမ်းအနားသို့တက်ရောက်လိုသည့် နောက်ပိုင်းကာလသန့်ရှင်းသူများအားလုံးကို ဧည့်ခံရန် ဗိမာန်တော်သည် အင်မတန်သေးငယ်လွန်းနေခဲ့ပါသည်။ အသင်းတော်ကြီးထွားလာသည်နှင့်အမျှ အပြင်ဘက်၌ အစည်းအဝေးများတက်ရောက်ရသော သန့်ရှင်းသူများ၏ အရေအတွက်လည်း တိုးပွားလာခဲ့ပါသည်။ ကျွန်တော်ငယ်ရွယ်စဉ်က ကျွန်တော်၏ပန္နက်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ကျွန်တော့်ကို အထွေထွေအာဏာပိုင်အဖွဲ့ဝင်အဖြစ် ၂၀၀၇ ခုနှစ်တွင် ခေါ်သွင်းခံရစဉ်က လမ်းပြသူအဖြစ် အစေခံခဲ့သည့်၊ ဥက္ကဋ္ဌ ဂျိမ်းစ် အီး၊ ဖောက်စ်ထ် (၁၉၂၀- ၂၀၀၇)က အသင်းတော်၏ ဒုတိယဗိမာန်တော်နှင့်စပ်လျဉ်းပြီး ဤလေ့လာချက်ကိုပြုလုပ်ခဲ့ပါသည်၊

“နော်ဗူးမိဗာန်တော်ပြီးစီးသည့် ၁၈၄၆ ခုနှစ်မတိုင်မီ၊ သန့်ရှင်းသူများသည် ဂျိုးဇက်နှင့် တခြားအသင်းတော်ခေါင်းဆောင်များဟောပြောသည်ကို ကြားနာရန်၊ မကြာခဏ ဗိမာန်တော်အနီးအနား၊ အပြင်ဘက်တွင် တွေ့ဆုံလေ့ရှိကြပါသည်။ တစ်ခါတစ်ရံ ထိုအစည်းအဝေးပွဲများကို လူပေါင်းထောင်ချီတက်ရောက်ခဲ့ကြပါသည်”—တစ်ခါတစ်ရံ ရာသီဥတုဆိုးဝါးသည်ပင်လျှင် တက်ရောက်ခဲ့ကြပါသည်။

“[အသင်းလူကြီး] ဂျော့ချ် အေ၊ စမစ် မှ ရယ်ရွှင်ဖွယ်ဟန်ဖြင့် မှတ်ချက်ပြုခဲ့သည့်အတိုင်း၊ ‘ပရောဖက်ဂျိုးဇက်ရဲ့ခေတ်မှာ … [အသင်းတော်]က အပြင်ဘက်မှာ အကြီးမားဆုံးဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။’”

ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သည် ကျွန်တော်တို့ခေတ်တွင် အပြင်ဘက်၊ အတွင်းဘက်နှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖွံ့ဖြိုးတိုးတက်နေသည့်အတွက် ကျွန်တော်တို့ကျေးဇူးတင်မိပါသည်။ ထိုဖွံ့ဖြိုးတိုးတက်ခြင်းတွင် “ချမှတ်ထားသည့်ပုံစံအတိုင်း” အံ့သြဖွယ်ရာအရှိန်နှုန်းဖြင့် ဗိမာန်တော်များတည်ဆောက်ခြင်း ပါဝင်ပါသည်—ထိုပုံစံမှာ ကောင်းချီးများ၊ ဆက်ကပ်ခြင်း၊ ယုံကြည်ခြင်းနှင့် ပေးဆပ်ခြင်း အမြဲတစေပါဝင်ပါသည်။

ကာ့တ်လန်းဗိမာန်တော်၏သရုပ်ဖော်ပုံ

A Glorious Light—Kirtland Temple[အသရေထင်ရှားသောအလင်း—ကာ့တ်လန်းဗိမာန်တော်]၊ ဂလန်း အက်စ်၊ ဟော့ကင်ဆင်မှ၊ ကူးယူခွင့်မပြုပါ

အဘယ့်ကြောင့် ဗိမာန်တော်များစွာဆောက်လုပ်ပါသနည်း။

“ကျွန်တော်တို့ရဲ့ ရှေ့ဆောင်တွေက မြောက်နှင့်တောင်အမေရိက၊ ပစိဖိတ်ဒေသရှိကျွန်းများ၊ ဥရောပနှင့် အခြားဒေသတွေမှာ ဗိမာန်တော်တွေ ပျံ့နှံ့လာမယ်လို့ ပရောဖက်ပြုဟောပြောခဲ့ကြပါတယ်” ဟု ဥက္ကဋ္ဌ အက်ဇရာ တက်ဖ်ထ် ဘန်ဆန် (၁၈၉၉–၁၉၉၄) လွန်ခဲ့သော ဆယ်စုနှစ်များက မိန့်ကြားခဲ့ပါသည်။ “ဤရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရမည့်အတိုင်းအတာအတိုင်း ပြီးမြောက်ရမည်ဆိုပါက၊ ဗိမာန်တော်ရာနှင့်ချီ လိုအပ်ပါလိမ့်မည်။”

ကျွန်တော်တို့သည် ယနေ့ခေတ်တွင် အံ့သြဖွယ်ရာအရှိန်နှုန်းဖြင့် ဗိမာန်တော်များတည်ဆောက်နေကြသည့် အကြောင်းအား ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဤသို့ပြောခဲ့ပါသည် “ကိုယ်တော်ရှင်က ကျွန်တော်တို့ကို အဲဒီလိုလုပ်ဖို့ ညွှန်ကြားခဲ့လို့ပါ။ ဗိမာန်တော်ရဲ့ကောင်းချီးတွေက ကန့်လန့်ကာနှစ်ဖက်စလုံးမှာ ဣသရေလေလူမျိုးတွေ စုဝေးဖို့ ကူညီပေးပါတယ်။ ဒီကောင်းချီးတွေကလည်း ကိုယ်တော်ရှင်ရဲ့ ဒုတိယအကြိမ်ကြွလာခြင်းအတွက် လောကကိုကူညီပြင်ဆင်မယ့်လူတွေကို ပြင်ဆင်ဖို့ ကူညီပေးပါတယ်။”

ကာ့တ်လန်းဗိမာန်တော်အတွက် သူ၏ဆက်ကပ်ဆုတောင်းချက်တွင်၊ ဂျိုးဇက်စမစ်သည် “ကိုယ်တော်ရှင်၏အိမ်တော်တံခါးခုံသို့ ဝင်ရောက်မည့် ခပ်သိမ်းသောလူတို့ ကိုယ်တော်၏တန်ခိုးတော်ကို ခံစားနိုင်ကြစေခြင်းငှာ ဆုတောင်းခဲ့ပါသည်။ …

“သန့်ရှင်းသောအဘ၊ ကိုယ်တော်၏ ကျွန်တို့သည်ကိုယ်တော်၏ တန်ခိုးတော်နှင့် စွဲကိုင်လျက် ဤအိမ်တော်မှ ထွက်သွားနိုင်ကြစေကြောင်း၊ ထို့အတူ ကိုယ်တော်၏ နာမတော်သည် သူတို့အပေါ်မှာရှိ၍၊ ကိုယ်တော်၏ ဘုန်းတော်သည် သူတို့ပတ်ဝန်းကျင်မှာရှိ၍၊ ကိုယ်တော်၏ ကောင်းကင်တမန်တို့သည် သူတို့ကို တာဝန်ယူကြမည့်အကြောင်း ကိုယ်တော်အား ကျွန်ုပ်တို့ ဆုတောင်းကြပါ၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၀၉:၁၃၊ ၂၂၊ အလေးပေးထည့်သွင်းထားသည်၊ လည်းရှု အခန်းငယ် ၂၃)။

ကျွန်တော် ထိုကျမ်းပိုဒ်များကို ဖတ်သောအခါ၊ နောက်ပိုင်းကာလအတွက် နီဖိုင်း၏ရူပါရုံအကြောင်း စဉ်းစားမိပါသည်။ အလားတူ နှုတ်ကပတ်တော်အား မှတ်သားပါ၊ “ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ ငါ၊ နီဖိုင်း မြင်ရသည်ကား၊ ဘုရားသခင့်သိုးသငယ်၏ တန်ခိုးတော်သည် သိုးသငယ်၏အသင်းတော်မှ သန့်ရှင်းသူများနှင့် မြေကြီးမျက်နှာပြင်တစ်ခုလုံးပေါ်၌ ကွဲပြားပြန့်ကျဲရသော ကိုယ်တော်ရှင်၏ပဋိညာဉ်ခံလူမျိုးတို့အပေါ်သို့ သက်ရောက်တော်မူကြောင်းပေတည်း။ သူတို့သည် ဖြောင့်မတ်ခြင်းနှင့်လည်းကောင်း၊ ကြီးစွာသောဘုန်းတော်ရှိသည့် ဘုရားသခင်၏တန်ခိုးတော်နှင့်လည်းကောင်း စွဲကိုင်ထားကြ၏” (၁ နီဖိုင်း ၁၄:၁၄ ၊ အလေးပေးထည့်သွင်းထားသည်)။

နောက်ပိုင်းကာလဗိမာန်တော်များသည် နီဖိုင်း၏ပရောဖက်ပြုဟောချက်အား ပြည့်စုံစေရာတွင် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီ သစ္စာရှိသောသူတို့အား ကတိတော်ထားသည့် ကွယ်ကာခြင်းနှင့်တန်ခိုးတော်တို့၏ အခရာဖြစ်ကြောင်း ကျွန်တော်ယုံကြည်ပါသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက၊ တက္ကသိုလ် အသင်းတော်စုတစ်ခု၏ သင်းအုပ်အဖြစ် ကျွန်တော်အစေခံခဲ့စဉ်၊ ကျွန်တော့်အသင်းတော်စုရှိ အမျိုးသမီးငယ်တစ်ဦးသည် ကျွန်တော့်အား အထူးပင်အထင်ကြီးစေခဲ့ပါသည်။ သူမသည် ကျွန်တော့်အား အထင်ကြီးစေဆဲပင်ဖြစ်ပါသည်။ သူမအား လူငယ်အမျိုးသမီးအထွေထွေဥက္ကဋ္ဌ၊ အမ်မလီ ဘယ်လီ ဖရီးမန်းဟု သင်တို့သိထားကြပါသည်။ မကြာသေးမီက အထွေထွေညီလာခံမိန့်ခွန်းတစ်ခုတွင်၊ သူမက ယေရှုခရစ်တော်သည် ဗိမာန်တော်အားဖြင့် ကျွန်တော်တို့အား ပိုမိုမြင့်မားသည့် ဝိညာဉ်ရေးရာ အဆင့်သို့ မတင်ပေးကြောင်း သွန်သင်ခဲ့ပါသည်။

“ကိုယ်တော်ရှင်ရဲ့ အိမ်တော်တံခါးခုံကို ဖြတ်တဲ့အချိန်တိုင်းမှာ၊ ကျွန်မက ကိုယ်တော်ရှင်နဲ့ ပိုမိုလေးနက်တဲ့ ပဋိညာဉ်ဆက်သွယ်မှုကို ခံစားမိပါတယ်၊” ဟု ဥက္ကဋ္ဌ ဖရီးဖန်းက ပြောခဲ့ပါသည်။ “ကိုယ်တော့်ရဲ့ဝိညာဉ်တော်ဖြင့် ကျွန်မကို စင်ကြယ်စေပြီး၊ ကိုယ်တော့်ရဲ့ တန်ခိုးတော်ဖြင့် ဝိညာဉ်ပကတိအပ်နှင်းစေကာ၊ ကိုယ်တော့်ရဲ့ နိုင်ငံတော်တည်ဆောက်ဖို့ရာ သီးခြား ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။”

ကတိတော်ထားသည့်တန်ခိုးတော်

ဥက္ကဋ္ဌနယ်လ်ဆင်သည် ဗိမာန်တော်ပဋိညာဉ်များအားဖြင့် ရရှိနိုင်သည့် ယေရှုခရစ်တော်၏တန်ခိုးတော်အကြောင်း မကြာခဏ ပြောလေ့ရှိပါသည်။ “သင်တို့ကိုယ်တိုင် ကယ်တင်ရှင်နဲ့အတူ ထမ်းပိုးထမ်းခြင်းဆိုတာ သင့်မှာကိုယ်တော့်ရဲ့ ခွန်အားနဲ့ ရွေးနုတ်ခြင်းတန်ခိုးကို ရယူခွင့်ရှိတယ်လို့ ဆိုလိုပါတယ်၊” ဟု သူကပြောခဲ့ပါသည်။ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က ဤသို့လည်းသွန်သင်ခဲ့ပါသည်၊

“ကျွန်တော်တို့ရဲ့ ဗိမာန်တော်ပဋိညာဉ်တွေကို ကျွန်တော်တို့စောင့်ထိန်းကြတာနဲ့အမျှ၊ ကျွန်တော်တို့ဟာ ကိုယ်တော်ရှင်ရဲ့ ခွန်အားဖြည့်ပေးတဲ့တန်ခိုးတော်ကို ပိုမိုရယူခွင့် ရှိလာကြပါတယ်။ ဗိမာန်တော်မှာ၊ ကျွန်တော်ဟာ လောကရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းတွေကနေ ကွယ်ကာခြင်းကိုရရှိကြပါတယ်။”

“[ကယ်တင်ရှင်ရဲ့] အရေးကြီးတဲ့ဘိသိက်မင်္ဂလာတွေက ကျွန်တော်တို့ကို သန့်ရှင်းမွန်မြတ်သော ယဇ်ပုရောဟိတ်ပဋိညာဉ်များအားဖြင့် သူနဲ့ စည်းနှောင်ထားပါတယ်။ အဲနောက်၊ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေကို စောင့်ထိန်းတာနဲ့အမျှ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို သူ့ရဲ့ အနာငြိမ်းစေတဲ့၊ ခွန်အားဖြည့်ပေးတဲ့တန်ခိုးတော်ဖြင့် ဝိညာဉ်ပကတိအပ်နှင်းပါတယ်။ အိုး ဒါဆိုရင်၊ ကျွန်တော်တို့က လာမယ့်နေ့ရက်တွေမှာ သူ့ရဲ့ တန်ခိုးတော်ကို ဘယ်လောက်တောင် လိုအပ်ပါလိမ့်မလဲခင်ဗျာ။”

“ယခုအချိန်နဲ့ လာမယ့်နေ့ရက်တွေအတွက် ကျွန်တော်တို့လူမျိုးတွေ လိုအပ်နေတဲ့ ကိုယ်ကျင့်တရားဆိုင်ရာနှင့် ဝိညာဉ်ရေးရာတန်ခိုးဟာ အဘဘုရားသခင်နဲ့ သူ့ရဲ့သားတော်၊ ယေရှုခရစ်တော်ရဲ့တန်ခိုးတော်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူတို့နဲ့ပဋိညာဉ်ပြုပြီးစောင့်ထိန်းခြင်းအားဖြင့် သူတို့ရဲ့တန်ခိုးတော်ကို ရယူခွင့်ရှိကြပါတယ်။”

ကောင်းကင်ဘုံတန်ခိုးတော်သည် အရေးကြီးလှပါသည်၊ ညီအစ်ကိုမောင်နှမများခင်ဗျာ၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် အလွန်ဆိုးညစ်သည့် ကမ္ဘာတွင်နေထိုင်နေသောကြောင့် ဖြစ်ပါသည်။ ထိုတန်ခိုးတော်မရှိဘဲ၊ ကျွန်တော်တို့သည် “လာတော်မူသောနေ့ရက်ကို မတိမ်းမရှောင်ဘဲနေ”နိုင်မည် မဟုတ်သကဲ့သို့၊ “ပေါ်ထွန်းတော်မူသောအခါ ခံရပ်”နိုင်မည် မဟုတ်ပါ (မာလခိ ၃:၂)။ ထိုနေ့သည် မည်သည့်အချိန်တွင် ရောက်လာမည်ကို ကျွန်တော်တို့မသိပါ၊ သို့သော် ကိုယ်တော်၏ကြွလာခြင်းအတွက် “သွားရာလမ်းကိုပြင်”ရန် သူ၏တမန်အား စေလွှတ်ခဲ့ပြီးဖြစ်ပါသည် (မာလခိ ၃:၁ )။ ထိုစဉ်၊ လောကသည် ထိုနေ့ရက်ဆီသို့ တည်ငြိမ်အေးချမ်းစွာ ရွေ့လျားနေသည်မဟုတ်ပါ။

ကျွန်တော်တို့အားကူညီရန် သစ္စာရှိသောသူများထံ ကတိတော်ပေးထားသည့် တန်ခိုးတော်အား ကျွန်တော်တို့လိုအပ်ပါသည်၊

  • ကျွန်တော်တို့၏အသက်တာများတွင် ဘုရားသခင်အနိုင်ရပါစေ။

  • နောင်တရပြီး ကိုယ်တော်ရှင်ထံ ပိုမိုနီးကပ်စေပါ။

  • ကောင်းချီးပေး၊ နှစ်သိမ့်၊ ဦးဆောင်ပြီး အမှုတော်ဆောင်ပါ။

  • “ကျွန်တော်တို့ရဲ့ စုံစမ်းခြင်းတွေ၊ သွေးဆောင်ခြင်းတွေနဲ့ နှလုံးသားနာကျင်မှုတွေကို ပိုမိုကြံ့ကြံ့ခံပါ ” (ရှုမောဇိယ ၃:၁၉)။

  • ကျွန်တော်တို့ ပဋိညာဉ်လမ်းကြောင်းအတိုင်း လျှောက်လှမ်းသည့်အခါ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုရှာဖွေပါ။

  • “မီးလောင်ရာနေ့အတွက်” နှင့် “ဆိုးညစ်သောသူတို့၏ဘေးဒုက္ခ” အတွက် ပြင်ဆင်ပါ။ (သြဝါဒနှင့်ပဋိညာဉ်များ ၁၀၉:၄၆)။

  • ကိုယ်တော်ရှင်၏ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီ သူ၏အမှုတော်ကိုပြီးမြောက်စေပါ။

တူဆန်အရီဇိုးနားဗိမာန်တော်

ဂျိမ်းစ် ဝှစ်တနီ ယန်း ရိုက်ကူးထားသည့် တူဆန်အရီဇိုးနားဗိမာန်တော်၏ လိပ်ခုံးပုံအမိုး ဓာတ်ပုံ

ကယ်တင်ခြင်း၏ကင်းစောင့်များ

ကောင်းကင်ဘုံရှင်အဘ၏အမှုတော်နှင့်ဘုန်းတော်မှာ “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်” ဖြစ်ပါသည် (မောရှေ ၁:၃၉)။ ဗိမာန်တော်တိုင်းသည် ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်၏ လောကီရေးရာကင်းစောင့်အဖြစ် တည်ရှိကြပြီး၊ ထိုအမှုတော်နှင့်ဘုန်းတော်၌ ကယ်တင်ရှင်၏ အဓိကအခန်းကဏ္ဍကို ရည်ညွှန်းလျက်ရှိကြပါသည်။

ကိုယ်တော်၏ တန်ခိုးတော်ဖြင့် စွဲကိုင်ထားသော၊ ပဋိညာဉ်စောင့်ထိန်းသည့် အမျိုးသား၊ အမျိုးသမီးတိုင်း—အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ—ဗိမာန်တော်ပဋိညာဉ်များကို သစ္စာရှိစွာ စောင့်ထိန်းသူတို့သည် ယခုအသက်တာနှင့် နောင်လာမည့်အသက်တာတွင် ကောင်းချီးခံစားရမည်ဖြစ်ပါသည်။

ဥက္ကဋ္ဌ နယ်လ်ဆင်က ဤသို့ ကတိပြုထားပါသည်၊ “ကျွန်တော်တို့အယောက်တိုင်းကြိုးပမ်းကြတဲ့ အဆုံးသတ်ပန်းတိုင်ကတော့ ကိုယ်တော်ရှင်ရဲ့ အိမ်တော်မှာ တန်ခိုးတော်နဲ့ ဝိညာဉ်ပကတိအပ်နှင်းခံရပြီး၊ မိသားစုတွေအဖြစ် တံဆိပ်ခတ်ကာ၊ ဘုရားသခင်ရဲ့ အကြီးမားဆုံးဆုကျေးဇူးဖြစ်တဲ့ ထာဝရအသက်အတွက် ကျွန်တော်တို့ကို အရည်အချင်းပြည့်မီစေတဲ့ ဗိမာန်တော်မှာပြုခဲ့သော ပဋိညာဉ်တွေကို သစ္စာရှိခြင်းပင်ဖြစ်ပါတယ်။ ဗိမာန်တော်ရဲ့ ဘိသိက်မင်္ဂလာတွေနဲ့ အဲဒီမှာသင်ပြုခဲ့တဲ့ပဋိညာဉ်တွေက သင်ရဲ့အသက်တာ၊ သင့်ရဲ့အိမ်ထောင်ရေးနဲ့ မိသားစု၊ ရန်သူမာရ်နတ်ရဲ့တိုက်ခိုက်မှုတွေအပေါ် သင့်ရဲ့ခုခံတွန်းလှန်နိုင်စွမ်းတို့ကို ခွန်အားဖြည့်ပေးတဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဗိမာန်တော်အတွင်းမှာ သင့်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းနဲ့ သင့်ရဲ့ဘိုးဘေးများအတွက် အဲဒီမှာ သင့်ရဲ့အမှုတော်ဆောင်ခြင်းဟာ သင့်ကို တိုးလာတဲ့ကိုယ်ပိုင်ဗျာဒိတ်တော်နဲ့ ငြိမ်သက်ခြင်းဖြင့် ကောင်းချီးပေးမှာဖြစ်ပြီး ပဋိညာဉ်လမ်းကြောင်းမှာ ရပ်တည်ဖို့ သင်ရဲ့ကတိကဝတ်ကို ခိုင်မာစေမှာဖြစ်ပါတယ်။”

သခင်ယေရှုခရစ်တော်၏တမန်တော်တစ်ပါးအနေဖြင့်၊ ဤအရာများသည် မှန်ကန်ကြောင်း ကျွန်တော်သက်သေခံပါသည်။

မှတ်စုများ

  1. ရှု ဝဲလ်ဖော့ဒ် ဝုဒရပ်ဖ် သို့ စတပ်ဖန် စီ၊ ပယ်ရီ စာ၊ နို၊ ၂၁၊ ၁၈၈၄၊ အသင်းတော်သမိုင်းစာကြည့်တိုက်၊ catalog.ChurchofJesusChrist. org.

  2. ဂျိမ်းစ် အီး၊ ဖောက်စ်ထ်၊ “ Salt Lake Tabernacle Rededication,” လီယာဟိုနာ၊ မေ ၂၀၀၇၊ ၃၉။

  3. The Teachings of Ezra Taft Benson (၁၉၈၈)၊ ၂၄၇။

  4. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Lord Jesus Christ Will Come Again,” လီယာဟိုနာ၊ နို၊ ၂၀၂၄၊ ၁၂၁။

  5. အမ်မလီ ဘယ်လီ ဖရီးမန်း၊ “Walking in Covenant Relationship with Christ,” လီယာဟိုနာ၊ နို၊ ၂၀၂၃၊ ၇၉။

  6. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့၊” လီယာဟိုနာ၊ နို၊ ၂၀၂၂ ၊ ၉၇။

  7. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Lord Jesus Christ Will Come Again ,” ၁၂၁။

  8. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “The Temple and Your Spiritual Foundation,” လီယာဟိုနာ, နို၊ ၂၀၂၁ ၊ ၉၄။

  9. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ in Kevin W. Pearson, Utah Area Broadcast, နို၊ ၂၀၊ ၂၀၂၄ ၊ utah.ChurchofJesusChrist.org.

  10. ရှု နီးရယ်လ် အယ်လ်၊ အန်ဒါဆင်၊ “Spiritual Whirlwinds,” လီယာဟိုနာ ၊ မေ ၂၀၁၄၊ ၁၈။

  11. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့၊” ၉၆။

  12. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “As We Go Forward Together,” လီယာဟိုနာ၊ ဧပြီ၊ ၂၀၁၈၊ ၇။