“သင်၏ဧဝံဂေလိခရီး၌ ဝမ်းမြောက်ခြင်းကိုရှာလော့၊”လီယာဟိုနာ၊ ဇူလိုင် ၂၀၂၅။
လစဉ် လီယာဟိုနာ အမှာစကား၊ ဇူလိုင် ၂၀၂၅
သင်၏ဧဝံဂေလိခရီး၌ဝမ်းမြောက်ခြင်းကိုရှာလော့
ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းခြင်းဖြင့် ကိုယ်တော်ရှင်အား ကျွန်တော်တို့၏ချစ်ခြင်းမေတ္တာကို ပြသခြင်း၏နောက်ဆုံးရလဒ်သည် ပျော်ရွှင်ခြင်းနှင့်ဝမ်းမြောက်ခြင်းကိုဆောင်ယူလာသော ကောင်းချီးများဖြစ်ပါသည်။
ခရစ်စတီးနား စမစ်မှ ရိုက်ကူးထားသည့် ထိုင်းနိုင်ငံရှိ ဝမ်းမြောက်နေသောအသင်းတော်အသင်းသားများ၏ဓာတ်ပုံ
လွန်ခဲ့သောနှစ်အချို့က ဂျပန်နိုင်ငံတွင် သာသနာပြုခေါင်းဆောင်တစ်ဦးအဖြစ် အမှုတော်ဆောင်နေစဉ်မှာ၊ ကျွန်တော်တို့သာသနာပြုဧရိယာနှင့်ဝေးရာ ကျေးလက်မြို့တစ်ခုတွင် စနေ၊ တနင်္ဂနွေညီလာခံတစ်ခုကို ကျွန်တော်တက်ရောက်ခဲ့ပါသည်။ အသင်းတော်ကို တစ်နှစ်အကြာကဝင်ရောက်လာခဲ့ပြီး ဗိမာန်တော်ထောက်ခံချက်ကို ရယူလိုသည့် အမျိုးသားတစ်ဦးနှင့် လူတွေ့မေးမြန်းခြင်းတစ်ခုပြုလုပ်ဖို့ ခရိုင်ဥက္ကဋ္ဌက ကျွန်တော့်အတွက် စီစဉ်ပေးခဲ့ပါသည်။ သူသည် သူ၏ဗတ္တိဇံခံခြင်း တစ်နှစ်ပြည့်တွင် သို့မဟုတ် အနီးစပ်ဆုံးအချိန်တွင် သူ၏ကိုယ်ပိုင်ဝိညာဉ်ပကတိအပ်နှင်းခြင်းကို လက်ခံရရှိရန်မျှော်လင့်ခဲ့ပါသည်။
ကျွန်တော်တို့စကားပြောစဉ်အတွင်းမှာ၊ ဤအသင်းသားအသစ်သည် သူဗတ္တိဇံခံယူကတည်းက တစ်နှစ်အတွင်း လက်ခံရရှိခဲ့သည့် ရက်ရောလှသောကောင်းချီးများအတွက် သူမည်မျှနက်ရှိုင်းစွာကျေးဇူးတင်မိကြောင်း ဖော်ပြခဲ့ပါသည်။ သူသည် အပတ်စဉ် ပွဲတော်မင်္ဂလာနှင့်တခြားသောအစည်းအဝေးများတက်ရောက်ရခြင်းကို နှစ်သက်ခဲ့ပါသည်။ သူ၏အသင်းတော်ခွဲရှိ တက်ကြွလှုပ်ရှားမှုများတွင် နှစ်ခြိုက်စွာပါဝင်ခဲ့ပါသည်။ ကျွန်တော်အမြင်၌၊ သူသည် သူ၏ဧဝံဂေလိရည်ရွယ်ချက်ကိုနားလည်ခြင်းကြောင့် ရရှိလာသည့် ပဋိညာဉ်စိတ်ချယုံကြည်မှုကို ပွင့်လင်းစွာဖော်ပြခဲ့ပြီး၊ ယခုအခါ ထိုရည်ရွယ်ချက်သည် သူ၏မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါသည်။ သူသည် စိတ်နှလုံး၌ကြီးစွာသောပြောင်းလဲခြင်းကို ကြုံတွေ့ခဲ့ရသည့် ခရစ်တော်၏ပြောင်းလဲလာသောတပည့်တော်တစ်ပါးဖြစ်ခဲ့ပါသည် (ရှု မောဇိယ ၅:၂)။
ကျန်ရှိသော ကျွန်တော်တို့၏စကားဝိုင်းကို မျှော်လင့်ချက်ပြည့်ဝသောပုံစံဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။ ကျွန်တော်တို့သည် သူ၏ဗိမာန်တော်အတွေ့အကြုံ၏တစ်စိတ်တစ်ပိုင်းဖြစ်လာမည့် ဘိသိက်မင်္ဂလာများနှင့် ပဋိညာဉ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ သူသည် ဗိမာန်တော်ထောက်ခံချက်လက်ခံရရှိရန် မေးလေ့ရှိသော စံမေးခွန်းတိုင်းကို အသေအချာ ဖြေကြားခဲ့ပါသည်။
လူတွေ့မေးမြန်းခြင်းပြီးနောက်မှာ၊ ကျွန်တော်သည် ထိုကဲ့သို့ ထူးချွန်လှသည့်အမျိုးသားတစ်ဦးကို တွေ့ဆုံရခြင်းအတွက် မည်မျှကျေးဇူးတင်မိကြောင်း ခရိုင်ဥက္ကဋ္ဌအား မှတ်ချက်ပေးခဲ့ခြင်းကို သတိရမိပါသည်။ သာသာနာပြုများနှင့်အသင်းသားများသည် ထိုကဲ့သို့အရည်အချင်းမြင့်မားပြီး ကတိသစ္စာရှိသူမျိုးကို တွေ့ရှိခဲ့ပြီး၊ ဝိညာဉ်ရေးရာ၌ပြုစုပျိုးထောင်ခဲ့သည့်အတွက် ကျွန်တော်မည်မျှအထင်ကြီးမိကြောင်း ကျွန်တော်သူ့ကိုပြောခဲ့ပါသည်။
ထိုသူသည် လွန်ခဲ့သောတစ်နှစ်ကျော်အကြာက သာသနာပြုများထံမှသင်ခန်းစာများသင်ယူပြီး ဘုရားကျောင်းတက်ရောက်စပြုစဉ်မှာ၊ သူသည်အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အင်မတန်ခက်ခဲကာ မျှော်လင့်ချက်ကင်းလုနီးနီးအခြေအနေများတွင်ရှိခဲ့ကြောင်း ခရိုင်ဥက္ကဋ္ဌမှ ကျွန်တော့်ကိုပြောပြသောအခါ ကျွန်တော်မှင်သက်သွားခဲ့ပါသည်။ ထို့နောက် ခရိုင်ဥက္ကဋ္ဌသည် ဤညီအစ်ကို၏ လပေါင်းများစွာ ဧဝံဂေလိတရားကိုလေ့လာခြင်းနှင့် သူ၏ပြောင်းလဲခြင်းသည် သူ၏အံ့ဖွယ်အပြောင်းအလဲသို့ မည်သို့ဦးတည်ခဲ့ကြောင်း ရှင်းပြခဲ့ပါသည်၊ ထိုပြောင်းလဲမှုများသည် သူ့အား ဝိညာဉ်ရေးရာနှင့်လောကီရေးရာ ကိုယ်ထူကိုယ်ထလမ်းကြောင်းပေါ်ရောက်ရှိစေပြီး ရည်ရွယ်ချက်နှင့်ဝမ်းမြောက်ခြင်း ခံစားမှုကို ပေးခဲ့ပါသည်။
ဧဝံဂေလိတရားသည် သူ့အသက်တာ၏ရည်ရွယ်ချက်ကို သူ့အား ရှင်းလင်းစွာသဘောပေါက်စေခဲ့ပါသည်။ ရှင်းလင်း၍အဖိုးထိုက်သော ဧဝံဂေလိအမှန်တရားများသည် သေခြင်းရှိရာဘဝ၏အရေးကြီးသောမေးခွန်းများအတွက် အဖြေများကိုယူဆောင်ခဲ့ပါသည်၊ ထိုအဖြေများသည် ဤအသိဉာဏ်တစ်ခုနှင့် စတင်ကြပါသည် “ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သူ၏သားသမီးများဖြစ်ကြပါသည်။ … ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်တိုင်သိပြီး ကျွန်ုပ်တို့ကိုချစ်ခင်ပါသည်။” သူ၏အစီအစဉ်၌၊ “ကောင်းကင်ဘုံရှင်အဘသည် သူ၏မျက်မှောက်တော်သို့ပြန်လာနိုင်စေဖို့ ကျွန်ုပ်တို့အားကူညီရန် များစွာသောဆုကျေးဇူးများနှင့်လမ်းညွှန်မှုများကို ပေးထားခဲ့ပါသည်။”
ထိုအရာများသည် ဤလူအတွက်ကောင်းချီးဖြစ်ခဲ့ပါသည်၊ ထိုကောင်းချီးကို ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်အားဖြင့် ဘုရားသခင်၏သားသမီးများအားလုံး ညီတူညီမျှရရှိကြပါသည်။
အသက်တာ၏ရည်ရွယ်ချက်
ယေရှုခရစ်တော်သည် ပရောဖက်ဂျိုးဇက်စမစ်အားဖြင့် သူ၏ဧဝံဂေလိတရားတော်ကိုပြန်လည်ဆောင်ယူခဲ့သောကြောင့်၊ ”ကျွန်တော်တို့တွင် အသက်တာ၏ရည်ရွယ်ချက်နှင့် ကျွန်တော်တို့မည်သူဖြစ်ကြောင်း နားလည်မှုရှိကြပါသည်၊” ဟု ဥက္ကဋ္ဌ အမ်၊ ရပ်ဆဲလ် ဘဲလာဒ့်မှ ကြေညာခဲ့ပါသည် (၁၉၂၈-၂၀၂၃)။ အသင်းတော်အတွက်သူ၏နောက်ဆုံးသက်သေခံချက်တွင်၊ ဥက္ကဋ္ဌ ဘဲလာဒ့်၊ ထိုအချိန်က တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ ယာယီဥက္ကဋ္ဌဖြစ်သူက၊ ပြောကြားခဲ့သည်မှာ၊
“သူ၏အပြစ်များမှ ခွင့်လွှတ်ခြင်းကိုရှာဖွေနေသော ကောင်လေးတစ်ယောက်အဖြစ် တောအုပ်တစ်ခုထဲသို့ သွားခဲ့သည့်ဂျိုးဇက် ကျွန်တော်တို့မှာရှိတာကြောင့် ဘုရားသခင်မည်သူဖြစ်ကြောင်း ကျွန်တော်တို့သိကြပါတယ်၊ ကယ်တင်ရှင်မည်သူဖြစ်ကြောင်း ကျွန်တော်တို့သိကြပါတယ်။
“ကျွန်တော်တို့အသက်တာရဲ့ ရည်ရွယ်ချက်အကြောင်း၊ ကျွန်တော်တို့ဟာ ဤနေရာမှာ ဘာအတွက်ကြောင့်ရှိနေကြောင်း၊ ကျွန်တော်တို့ နေ့စဥ်အသက်တာမှာ ဘာတွေလုပ်ဆောင်ရန်ကြိုးစားပြီး ပြီးမြောက်သင့်တယ့်အရာတွေအကြောင်းကို သိရှိရသည့်အတွက် မည်မျှကောင်းချီးခံစားရကြောင်းကို ကျွန်တော်အံ့သြချီးမွမ်းမိပါတယ်၊ သင်တို့အမြောက်အများလည်း ထိုကဲ့သို့ခံစားရကြောင်းကို ကျွန်တော်သေချာသိပါတယ်။”
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ အသင်းသားများအတွက်၊ ထိုအသိပညာ၌ ဘုရားသခင်၏ “စုံလင်သောကယ်တင်ခြင်းအစီအစဉ်”ကို နားလည်သဘောပေါက်ခြင်း ပါဝင်ပါသည်။ “ကြီးမြတ်သည့်ပျော်ရွှင်ခြင်းအစီအစဉ်၊” “ရွေးနုတ်ခြင်းအစီအစဉ်၊” နှင့် “ကရုဏာတော်အစီအစဉ်” (အယ်လမာ ၄၂:၈၊ ၁၁၊ ၁၅ ) ဟုလည်းသိကြပါသည်၊ ၎င်းသည် “ဘဝ၏ဆန်းကြယ်မှုနှင့် ကျွန်ုပ်တို့အနာဂတ်၏မရေရာမှုများကို ဖယ်ရှားပေးပါသည်။” ထိုအစီအစဉ်အတွက် မရှိမဖြစ်အရေးပါသောအရာသည် “ခရစ်တော်၏သြဝါဒ”ဖြစ်ပါသည်၊ ၎င်းသည် အသက်တာ၏ရည်ရွယ်ချက်အတွက် အခရာဖြစ်ပါသည်။
ကျွန်တော်တို့၌ ဧဝံဂေလိတရားတော်ရှိသောကြောင့်၊ ကျွန်တော်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်း၊ ကမ္ဘာမြေပေါ်သို့ စမ်းသပ်ခံရရန်၊ ပြုပြင်မွမ်းမံခံရရန်၊ နှင့် “သိုးသငယ်၏အောင်နိုင်ခြင်းနှင့် ဘုန်းတော်တို့အားဖြင့်၊ သေသူတို့၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထွက်လာစေ”ဖို့ (ဩဝါဒနှင့်ပဋိညာဉ်များ ၇၆:၃၉) ပြင်ဆင်ရန် စေလွှတ်ခြင်းခံရကြောင်း ကျွန်တော်တို့သိကြပါသည်။ ကျွန်တော်တို့သည် ပညတ်တော်များကို သိကြပြီး “အကောင်းနှင့်အဆိုးကိုခွဲခြား၍ [ကျွန်ုပ်တို့]သိစေခြင်းငှာ လုံလုံလောက်လောက်” သွန်သင်ထားခံရပါသည် (၂ နီဖိုင်း ၂:၅)။ ကျွန်တော်တို့သည် ချစ်ခင်ကြရန်နှင့်အစေခံကြရန် ကမ္ဘာမြေပေါ်၌ရှိနေကြောင်း သိကြပါသည်။ ထို့အပြင် ကယ်တင်ရှင်သည် ကျွန်တော်တို့အား လောကကိုအောင်နိုင်ရန်နှင့် သူ၏ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက်ပြင်ဆင်ခြင်း၌ တစ်ပါးသူများကို အလားတူလုပ်ဆောင်ဖို့ကူညီရန်၊ (ရှု ရှင်ယောဟန် ၁၆:၃၃; ဩဝါဒနှင့်ပဋိညာဉ်များ ၆၄:၂) ကျွန်တော်တို့ကို ခေါ်တော်မူခဲ့ကြောင်း ကျွန်တော်တို့သိကြပါသည်။
ကျွန်တော်တို့သည် ကိုယ်တော့်အပေါ်အာရုံစိုက်ကြသည်နှင့်အမျှ၊ ဂျိုးဇက်စမစ်ခေါ်ဆိုခဲ့သည့် “ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်၏ နှစ်ထောင်းအားရဖွယ်အသံ”သည် ခက်ခဲသောနေ့ရက်များ၌ ကျွန်တော်တို့ကိုခွန်အားပေး၍ ကျွန်တော်တို့နှင့်တစ်ပါးသူများ၏အသက်တာများထံ အဓိပ္ပါယ်နှင့်ရည်ရွယ်ချက်ကိုဆောင်ယူလာပေးပါသည်။
ဒန်း ဝီလ်ဆင်၏ ခပ်သိမ်းသောဒူးတို့ ဦးညွှတ်ရလိမ့်မည်၊ ကူးယူခြင်းမပြုရ
နာခံခြင်း၊ ကောင်းချီးများ၊ ဝမ်းမြောက်ခြင်း
ကျွန်တော်တို့၏ရွေးချယ်မှုများအတွက် တာဝန်ခံနိုင်စေရန် ဘုရားသခင်သည် ကျွန်တော်တို့အား ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်ပြုမူနိုင်ခွင့် ပေးထားတော်မူခဲ့ပါသည် (ရှုဩဝါဒနှင့်ပဋိညာဉ်များ ၁၀၁:၇၈ ၊ ၂ နီဖိုင်း ၂:၁၆)။ “ခပ်သိမ်းသောအရာတို့၌ ဆန့်ကျင်ဘက်” (၂ နီဖိုင်း ၂:၁၁) ၏တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ ကျွန်တော်တို့၏ ရွေးချယ်ပြုမူနိုင်ခွင့်ကို အလွဲသုံးစားလုပ်ရန် ကျွန်တော်တို့ကို သွေးဆောင်ဖြားယောင်းဖို့ စာတန်အား အခွင့်ပေးထားပါသည်။
သို့သော် သခင်ယေရှုခရစ်တော်သည်၊ ကျွန်တော်တို့ကာလ၌ “မြေကြီးပေါ်မှာနေထိုင်သော သူတို့အပေါ်ကျရောက်လာမည့် ဘေးဒုက္ခကိုသိ၍” ၊ ပရောဖက်ဂျိုးဇက်စမစ်ကို ခေါ်တော်မူခဲ့ပြီး၊ “သူ့ကို ကောင်းကင်ဘုံမှဟောပြောလျက်၊ ပညတ်တော်များကိုပေးတော်မူခဲ့ပါသည်” (ဩဝါဒနှင့်ပဋိညာဉ်များ ၁:၁၇)။ ကိုယ်တော်ရှင်မှ သူ၏ပညတ်တော်များနှင့်အလိုတော်ကို သူ၏ပရောဖက်များထံသို့ ဤသို့အားဖြင့် ဖော်ပြသောပုံစံသည် ကျွန်တော်တို့ကာလ၌ တူညီသောအကြောင်းပြချက်ဖြင့် ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်နှင့်အတူ ဆက်လက်တည်ရှိနေပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ကို ဤအသက်တာ၌ ပျော်ရွှင်မှုသို့၊ နောက်အသက်တာ၌ ဆီလက်ရှယ်လ်ဘုန်းအသရေသို့ တွဲခေါ်ရန် လိုလားပါသည်။
ဘုရားသခင်၏ပညတ်တော်များကိုနာခံခြင်းသည် ကိုယ်တော်ရှင်အတွက် ကျွန်တော်တို့၏ဆပ်ကပ်ခြင်းနှင့်ချစ်ခြင်းမေတ္တာမှ လာသင့်ပါသည်။ ဘုရားသခင်ကိုချစ်ရန်မှာ “ပထမပညတ်နှင့်ကြီးမြတ်သောပညတ်” (ရှု ရှင်မဿဲ ၂၂:၃၇–၃၈) ဖြစ်ကြောင်း သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင် ထုတ်ဖော်ကြေညာခဲ့ပါသည်။ ကိုယ်တော်ရှင်က “ငါ့ကိုချစ်လျှင်၊ ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ရှင်ဟောဟန် ၁၄:၁၅) ဟုထုတ်ဖော်ကြေညာသောအခါ၊ ထပ်မံသိမြင်နားလည်မှုကို ပေးတော်မူခဲ့ပါသည်။
ကိုယ်တော်ရှင်ကိုချစ်ခြင်းနှင့် သူ၏ပညတ်တော်များကိုစောင့်ထိန်းခြင်းတို့အတွက် ဆုလာဘ်တစ်ခုရှိပါသည်။ ဤသာသနာ၌ ကိုယ်တော်ရှင်ဖော်ပြခဲ့သည်မှာ “ကောင်းကင်ဘုံ၌ ပြောင်း၍မရတော့အောင်စီရင်ထားသည့် ဥပဒေတစ်ခုရှိ၏၊ ထိုဥပဒေအပေါ်၌ ခပ်သိမ်းသောကောင်းချီးမင်္ဂလာတို့ကို အခြေပြုထား၏—
“ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာကို ရရှိသည့်အခါ၊ အခြေပြုထားသည့် ထိုဥပဒေကို နာခံခြင်းအားဖြင့် ရရှိခြင်းဖြစ်၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၀:၂၀–၂၁)။
ထို့ကြောင့်၊ ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းခြင်းဖြင့် ကိုယ်တော်ရှင်အား ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာကို ပြသခြင်း၏နောက်ဆုံးရလဒ်သည် ပျော်ရွှင်ခြင်းနှင့်ဝမ်းမြောက်ခြင်းကိုဆောင်ယူလာသော ကောင်းချီးများဖြစ်ပါသည်။
ပြန်လည်ဆောင်ယူထားသောဧဝံဂေလိတရားတော်နှင့် ခေတ်သစ်ဗျာဒိတ်တော်၏ရှုထောင့်များအားဖြင့် အသက်တာကို ကြည့်မြင်ခြင်းသည် ကျွန်တော်တို့ကို ရှင်းလင်းမြင်သာမှုကိုပေးပါသည်။ ကျွန်တော်တို့၏ မြင့်မြတ်သောမူလဇာစ်မြစ်နှင့်ကံကြမ္မာ၏ ရှင်းလင်းသောရှုထောင့်ဖြင့်၊ “[ကျွန်ုပ်တို့၏]သေခြင်းရှိရာအသက်တာကိုကောင်းဆုံးဖြစ်စေမည့်အရာများသည် [ကျွန်ုပ်တို့၏] အသက်တာ ကို ထာဝရတစ်လျှောက်လုံး အကောင်းဆုံးဖြစ်စေနိုင်မည့်အရာများနှင့်အတူတူပင်ဖြစ်နိုင်ကြောင်း” ကျွန်တော်တို့သိကြပါသည်။
နိဂုံး
ဂျပန်နိုင်ငံ၌ မကြာခင်ကပြောင်းလဲလာခဲ့သူတစ်ဦးနှင့်တွေ့ဆုံခဲ့သည့် နှစ်ပေါင်းများစွာက ကျွန်တော်၏အတွေ့အကြုံကို အောက်မေ့လျက်၊ ကျွန်တော်စတင်ခဲ့သောနေရာမှာ ကျွန်တော်နိဂုံးချုပ်ပါမည်။ သူ၏ဇွဲလုံ့လနှင့် သာသနာပြုများနှင့်အသင်းသားများ၏ဇွဲလုံ့လအားဖြင့်၊ သူသည် ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်ကို ရှာတွေ့ခဲ့ပါသည်။ ဧဝံဂေလိတရားတော်ကိုရှာဖွေခြင်းတွင်၊ သူ၏အမြင်ကို ကျယ်ပြန့်စေခဲ့သည့် သူ၏ရည်ရွယ်ချက်ကိုလည်း ရှာတွေ့ခဲ့ပါသည်။ သူသည် ကြီးမြတ်သောပျော်ရွှင်ခြင်းအစီအစဉ်ကိုလည်း ရှာတွေ့ခဲ့ပါသည်။ ထိုအစီအစဉ်၏ ဧဝံဂေလိပဋိညာဉ်များကိုနာခံခြင်းသည် သူ့အား လောကီရေးရာနှင့်ဝိညာဉ်ရေးရာပိုင်းတွင် မြှင့်တင်ပေးကာ၊ ကောင်းချီးများနှင့်ဝမ်းမြောက်ခြင်းတို့ကို သူ့အားယူဆောင်ပေးခဲ့ပါသည်။
ယေရှုခရစ်တော်၏အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းသို့ ဦးတည်သောသူ၏ခရီးစဉ်သည် ယေရှုခရစ်တော်၏သက်သေတစ်ဦး ဖြစ်လာရန် သူ့အားအခွင့်ပေးခဲ့ပါသည်။ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့မှ အသင်းလူကြီးပက်ထရစ်ခ် ခီးရွန်သည် အောက်ပါဝမ်းမြောက်မှုကို ဖော်ပြခဲ့ပါသည်၊
“ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဘ၏ သူ၏သားသမီးတိုင်းအတွက် ချစ်လှစွာသောအစီအစဉ်နှင့် ကျွန်တော်တို့၏ကယ်တင်ရှင်၊ ယေရှုခရစ်တော်၏ ရွေးနုတ်သောအသက်တာနှင့်သာသနာကြောင့်၊ ကျွန်တော်တို့သည် ဤကမ္ဘာမြေပေါ်တွင် ဝမ်းမြောက်မှုအရှိဆုံးလူသားများဖြစ်လာနိုင်ပြီး ဖြစ်လာသင့်ကြပါတယ်။ ဤမကြာခဏကပ်ဘေးကျရောက်သောကမ္ဘာတွင် ဘဝမုန်တိုင်းများ ကျွန်တော်တို့အပေါ်ရိုက်ခတ်သော်လည်း၊ ခရစ်တော်၌ထားရှိသည့် ကျွန်တော်တို့၏မျှော်လင့်ခြင်းနှင့် လှပသောပျော်ရွင်ခြင်းအစီအစဉ်၌ ကျွန်တော်တို့၏ကိုယ်ပိုင်အခန်းကဏ္ဍကို နားလည်သဘောပေါက်ခြင်းကြောင့် ကျွန်တော်တို့ဟာ ဝမ်းမြောက်ခြင်းနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းတိုးပွားလာပြီး တည်မြဲနေသော သိမြင်မှုကို ပျိုးထောင်နိုင်ကြပါတယ်။”
ယေရှုခရစ်တော်၏ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိတရားတော်နှင့် ၎င်းအတွင်း၌ အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကြီးမားသောပျော်ရွင်ခြင်းအစီအစဉ်အတွက် ကျွန်တော်၏ကျေးဇူးတင်ရှိခြင်းနှင့် သက်သေခံချက်ကို ဝေငှပါသည်။ ကျွန်တော်သည် သင်တို့အား ဧဝံဂေလိတရားတော်အသီးကို သုံးဆောင်ရန်နှင့် ထာဝရအသက်တာသို့သွားသည့် သင်တို့၏ခရီး၊ လက်ရှိအသက်တာ၌ဝမ်းမြောက်ခြင်းကို ပိုမိုခံစားကြရန် ဖိတ်ခေါ်ပါသည်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, July 2025.{ ၏ဘာသာပြန်။ Burmese. 19601 256