2025
ကျွန်တော်တို့သည် ယေရှုခရစ်တော်နောက်သို့ ကိုယ်တော်၏အမှုတော်၌ပူးပေါင်းခြင်းဖြင့် လိုက်လျှောက်ကြပါသည်
ဇွန် ၂၀၂၅


“ကျွန်တော်တို့သည် ယေရှုခရစ်တော်နောက်သို့ ကိုယ်တော်၏အမှုတော်၌ပူးပေါင်းခြင်းဖြင့် လိုက်လျှောက်ကြပါသည်”လီယာဟိုနာ၊ ဇွန် ၂၀၂၅။

လစဉ် လီယာဟိုနာ အမှာစကား၊ ဇွန် ၂၀၂၅

ကျွန်တော်တို့သည် ယေရှုခရစ်တော်နောက်သို့ ကိုယ်တော်၏အမှုတော်၌ပူးပေါင်းခြင်းဖြင့် လိုက်လျှောက်ကြပါသည်

ကျွန်တော်တို့သည် ကိုယ်တော်၏ရည်ရွယ်ချက်များကိုအာရုံစိုက်ခြင်း၊ ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့်၊ တစ်ယောက်ကို တစ်ယောက်ချစ်ခြင်းဖြင့် ကယ်တင်ရှင်၏အမှုတော်၌ ပါဝင်ဆောင်ရွက်ကြပါသည်။

ခရစ်တော်နှင့် ငယ်ရွယ်ကြွယ်ဝသည့်အုပ်စိုးရှင်

ဟိန်းရစ် ဟော့ဖ်မန်း၏ ခရစ်တော်နှင့် ငယ်ရွယ်ကြွယ်ဝသည့်အုပ်စိုးရှင် ၊ မှ အနုစိတ်လက်ရာ

ကျွန်တော်တို့ ဗတ္တိဇံခံသည့်အခါ၊ ယေရှုခရစ်တော်၏နာမတော်ကို ကျွန်တော်တို့အပေါ်၌ ခံယူသောလုပ်ငန်းစဉ်ကို စတင်ကြပါသည်။ ဤလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းမှာ ကျွန်တော်တို့သည် ကယ်တင်ရှင်၏အမှုတော်၌ ပူးပေါင်းခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ ဥက္ကဋ္ဌ ဒယ်လင် အိတ်ခ်ျ၊ အုတ်ခ်စ်၊ ပထမဥက္ကဋ္ဌအဖွဲ့၏ပထမအတိုင်ပင်ခံက “ယေရှုခရစ်တော်၏နာမတော်အား ကျွန်တော်တို့အပေါ်၌ခံယူခြင်း၏ အထင်ရှားဆုံးအဓိပ္ပါယ်တစ်ခုမှာ ကယ်တင်ရှင်၏အမှုတော်နှင့်သူ၏နိုင်ငံတော်ကို ကျွန်တော်တို့အပေါ်၌ခံယူရန် လိုလိုလားလားရှိခြင်းနှင့်ကတိကဝတ်ပြုခြင်းတစ်ခုဖြစ်ပါတယ်” ဟုရေးသားခဲ့ပါသည်။

ကယ်တင်ရှင်၏အမှုတော်မှာ “လူသား၏ သေခြင်းမရှိရာနှင့် ထာဝရအသက်ကို ဖြစ်ပေါ်စေရန်” ဖြစ်ပါသည်။ (မောရှေ ၁:၃၉)။ သေခြင်းမရှိရာဆိုသည်မှာ ယေရှုခရစ်တော်က သူ၏ရှင်ပြန်ထမြောက်ခြင်းမှ အာမခံထားပြီးဖြစ်သည့် အကြွင်းမဲ့လက်ဆောင်တစ်ခုဖြစ်ပါသည်။ သို့သော်လည်း၊ ထာဝရအသက်သည်၊ သေခြင်းမရှိရာနှင့် မတူညီပါ။ ထာဝရအသက်သည် ဘုရားသခင် လူသားတို့ကိုပေးနိုင်သည့် အကြီးမြတ်ဆုံးဆုကျေးဇူးဖြစ်ပါသည်။ (ရှုဩဝါဒနှင့်ပဋိညာဉ်များ ၁၄:၇)။ ကိုယ်တော်၏မျက်မှောက်၌ မိသားစုများအဖြစ် ထာဝရနေထိုင်ဖို့ဖြစ်ပါသည်။ ထာဝရအသက်ကို ကျွန်တော်တို့ရရှိဖို့အတွက်၊ ကျွန်တော်တို့သည် ယေရှုခရစ်တော်၏ သစ္စာရှိသောတပည့်တော်များ ဖြစ်လာရပါမည်။ ဆိုလိုခြင်းမှာ ကယ်တင်ရှင်နှင့် သူ၏အပြစ်ဖြေခြင်းအပေါ် ယုံကြည်ခြင်း၊ နောင်တရခြင်း၊ ဗတ္တိဇံခံခြင်း၊ သန့်ရှင်းသောဝိညာဉ်‌တော်၏ဆုကျေးဇူးကိုလက်ခံရရှိခြင်း၊ ဗိမာန်တော်ပဋိညာဉ်များကို စောင့်ထိန်းခြင်းနှင့်အဆုံးတိုင်အောင်တည်ကြည်ခြင်းအားဖြင့် ကျွန်တော်တို့သည် ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိကို လက်ခံရရှိခြင်းဖြစ်ပါသည်။ အဆုံးတိုင်အောင်တည်ကြည်ခြင်းတွင် ကယ်တင်ရှင်၏အမှုတော်၌ ပူးပေါင်းခြင်းပါဝင်ပါသည်။

စိတ်ထက်သန်စွာပါဝင်သည်

ဘုရားသခင်၏သားသမီးများကို ယေရှုခရစ်တော်၏ သစ္စာရှိသောတပည့်တော်များဖြစ်လာဖို့ ကူညီပေးခြင်းအားဖြင့်လည်း ကျွန်တော်တို့ ကယ်တင်ရှင်၏အမှုတော်၌ ပါဝင်‌ဆောင်ရွက်ကြပါသည်။ ထိုကူညီခြင်းတွင် ကယ်တင်ရှင်၏အသင်းတော်၌ တာဝန်များဖြည့်ဆည်းပြီး၊ ကိုယ်တော်ကဲ့သို့ဖြစ်လာရန် ကြိုးပမ်းခြင်းအားဖြင့်၊ ကိုယ်တော်၏ဧဝံဂေလိကို ဝေငှခြင်းပါဝင်ပြီး၊ ဤနည်းအားဖြင့် ကွဲပြားနေသော ဣသရေလကိုစုဝေးခြင်းဖြစ်ပါသည်။ [ကိုယ်တော်၏အမှုတော်၌] ပါဝင်သည့် ကျွန်တော်တို့၏ “အောင်မြင်ခြင်းသည် [ကျွန်တော်တို့ကို] ဖြစ်စေ၊ [ကျွန်တော်တို့၏] ဖိတ်ခေါ်ခြင်းများကိုဖြစ်စေ၊ သို့မဟုတ် [ကျွန်တော်တို့၏] စစ်မှန်သောကြင်နာခြင်းအပြုအမူများကိုဖြစ်စေ တခြားသူများက မည်သို့တုံ့ပြန်လဲဆိုသည့်အပေါ် မမူတည်ပါဘူး။” ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်က၊ “သင်က ကန့်လန့်ကာတစ်ဖက်မှာရှိတဲ့ ဘယ်သူ့ကိုမဆို ဘုရားသခင်နဲ့ပဋိညာဉ်ပြုပြီး သူတို့ရဲ့မရှိမဖြစ်လိုအပ်တဲ့ ဗတ္တိဇံနဲ့ ဗိမာန်တော်ဘိသိက်မင်္ဂလာတွေကိုခံယူဖို့ ‌ခြေတစ်လှမ်းလှမ်းနိုင်အောင် ဘာမဆိုကူညီဖို့လုပ်တဲ့အချိန်တိုင်းမှာ၊ သင်က ဣသရေလကို စုဝေးဖို့ ကူညီနေခြင်းပဲဖြစ်ပါတယ်”ဟု အခိုင်အမာဆိုခဲ့ပါသည်။

ကယ်တင်ရှင်၏အမှုတော်ကို ကျွန်တော်တို့၏အမှုတော်ဖြစ်လာစေဖို့ ပြုလုပ်ရာတွင်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ ရည်ရွယ်ချက်များကို အာရုံစိုက်ကာ၊ သူ၏ပညတ်တော်များကို စောင့်ထိန်းပြီး တစ်ယောက်ကိုတစ်ယောက်ကို ချစ်ခင်ရပါမည်။ ကိုယ်‌တော်၏အမှုတော်ကို သူ၏နည်းလမ်းအတိုင်း ကျွန်တော်တို့ဆောင်ရွက်စဉ်တွင် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၅၁:၂)၊ တချို့အရာများအား ကျွန်တော်တို့ကိုယ်တိုင် ရှာဖွေဖော်ထုတ်နိုင်ရန် ထားခဲ့ပါသည်။ ကယ်တင်ရှင်က ဂျက်ဆင်ခရိုင်၊ မစ်ဆိုရီ၌ စုဝေးခဲ့ကြသော သန့်ရှင်းသူများကို မိန့်တော်မူခဲ့ပါသည်၊

“အကြောင်းမူကား၊ ရှုလော့၊ ငါသည် ခပ်သိမ်းသောအရာတို့ကို မိန်တော်မူဖို့မှာ မသင့်လျော်။ ခပ်သိမ်းသောအရာတို့၌ အနိုင်အထက်စီရင်ခံရသောသူသည် ပျင်းရိသောသူဖြစ်၏၊ ပညာရှိသောကျွန်လည်းမဟုတ်။ သို့ဖြစ်၍၊ ထိုသူသည် အကျိုးကျေးဇူးကို မရ။

“ငါအမှန်ဆိုသည်ကား၊ လူသားတို့သည် ကောင်းမြတ်သောအရာ၌ စိတ်ထက်သန်စွာပါဝင်ကြရမည်။ များစွာသော အရာတို့ကိုလည်း မိမိတို့၏ လွတ်လပ်သောစိတ်အတိုင်း ဆောင်ရွက်၍၊ များစွာသော ဖြောင့်မတ်ခြင်းကို ဖြစ်စေရမည်၊

“အကြောင်းမူကား၊ သူတို့သဘောနှင့် သူတို့ပြုနိုင်သောသူများဖြစ်ရာ တန်ခိုးသည် သူတို့အထဲ၌ ရှိ၏၊ လူသားတို့သည် ကောင်းမြတ်သည်ကို ပြုကြသမျှ၊ သူတို့၏ အကျိုးကျေးဇူးကို အလျှင်း မဆုံးရှုံးကြရ” (ဩဝါဒနှင့်ပဋိညာဉ်များ ၅၈:၂၆-၂၈)။

ကျွန်တော်တို့ ကယ်တင်ရှင်‌နောက်သို့လိုက်လျှောက်ကာ၊ သူ၏အမှုတော်၌ပူးပေါင်းပြီး တခြားသူများကို သူ၏သစ္စာရှိသော တပည့်တော်များဖြစ်လာဖို့ ကူညီသည်နှင့်အမျှ၊ ကိုယ်‌တော်သွန်သင်မည့်အရာကို ကျွန်တော်တို့ သွန်သင်နေခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် အခြားမည်သည့်အရာကိုမျှ သွန်သင်ခွင့်မရှိသည့်အတွက် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၅၂:၉၊ ၃၆)၊ ကိုယ်တော်၏ဩဝါဒကို သွေဖည်ခြင်းမရှိဘဲ အာရုံစိုက်ရမှာဖြစ်ပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆၈:၂၅)။ ထပ်လောင်း၍၊ ဆင်းရဲသူများ၊ လိုအပ်နေသူများနှင့် အားနည်းသူများကို ကျွန်တော်တို့ အထူးအလေးထားရမှာဖြစ်ပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၅၂:၄၀)။ ကယ်တင်ရှင်သည် နာဇရက်မြို့ရှိ တရားဇရပ်တစ်ခု၌ ဟေရှာယကျမ်းစာအား ကိုးကား၍မိန့်မှာသည့်အချိန်၌ ဤအချက်များကို ရှင်းလင်းစွာဖော်ပြခဲ့ပါသည်။

“ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ၊ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်းကောင်း၊

“ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီ” (ရှင်လုကာ၄:၁၈-၁၉၊ လည်းရှု ယေရှာယ ၆၁:၁–၂)။

ကိုယ်တော်ရှင်၏ မင်္ဂလာနှစ်ကာလဆိုသည်မှာ ဘုရားသခင်၏ပဋိညာဉ်ကောင်းချီးများအားလုံးအား သူ၏လူမျိုးများအပေါ် ပေါများစွာသွန်းလောင်းမည့် အချိန်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ တခြားသူများအား ဘုရားသခင်နှင့် ပဋိညာဉ်ပြုခြင်းနှင့်စောင့်ထိန်းခြင်း၏ ကောင်းချီးများကို လက်ခံရရှိရန် ဖိတ်ခေါ်ခြင်းနှင့် ဆင်းရဲသူများ သို့မဟုတ် လိုအပ်နေသူများကို ဂရုစိုက်ခြင်းအားဖြင့် ယေရှုခရစ်တော်နောက်သို့ လိုက်လျှောက်ကြပါသည်။

ယေရှုခရစ်တော်၏ အမှုတော်၌ပူးပေါင်းခြင်းသည် ပျော်ရွှင်တက်ကြွစေပါသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမှုတော်များ၊ အကြံအစည်များနှင့် ရည်ရွယ်ချက်များသည် “အထမမြောက်ဘဲမရှိနိုင်၊ အကျိုးမဲ့လည်းမဖြစ်နိုင်” ခြင်းကြောင့်ဖြစ်ပါသည်” (ဩဝါဒနှင့်ပဋိညာဉ်များ ၃:၁)။ စိတ်ပျက်အားလျော့နေသူများအား၊ ကိုယ်တော်က အကြံပေးတော်မူခဲ့ပါသည်၊ “သို့ဖြစ်၍၊ ကောင်းသောအကျင့်ကို ကျင့်ခြင်း၌ မငြီးငွေ့ကြနှင့်၊ အကြောင်းမူကား၊ သင်တို့သည် ကြီးမြတ်သောအမှု၏ အုတ်မြစ်ကို ချနေကြ၏။ သေးငယ်သောအရာတို့ထံမှ ကြီးမြတ်သောအရာ ထွက်လာ၏။” (ဩဝါဒနှင့်ပဋိညာဉ်များ ၆၄:၃၃)။ ရိတ်သိမ်းခြင်းအကျိုးရလဒ်အတွက် ကိုယ်တော့်အား တာဝန်ယူစေပြီး၊ ကျွန်တော်တို့ မိမိတို့အပိုင်းကိုသာ ဆောင်ရွက်ကြရပါမည်။

စိတ်နှလုံးနှင့်လိုလိုလားလားရှိသောစိတ်

မိမိတို့၏အပိုင်းကိုဆောင်ရွက်ခြင်းသည် ကျွန်တော်တို့ ထင်ထားတာသည်ထက်ပို၍ ရိုးရှင်းနိုင်ပါသည် အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် ကိုယ်တော်ရှင်၏အမှုတော်၌ ထူးခြားသာလွန်သော ပင်ကိုယ်ပါရမီများ သို့မဟုတ် စွမ်းရည်များ ယူလာရန်မလိုအပ်သောကြောင့်ဖြစ်ပါသည်။ သူ၏လိုအပ်ချက်မှာ ရိုးရှင်းစွာပင် ကတိကဝတ်ပြုခြင်းနှင့် လိုလိုလားလားရှိခြင်းဖြစ်ပါသည်။ ကိုယ်တော်ရှင်က ကာ့တ်လန်းမြေ၊ အိုဟိုင်းရိုမှ သန့်ရှင်းသူများကို မိန့်တော်မူခဲ့ပါသည်၊ “ရှုလော့၊ ကိုယ်တော်ရှင်သည် စိတ်နှလုံးနှင့် လိုလိုလားလားရှိသောစိတ်ကို အလိုရှိတော်မူ၏” (ဩဝါဒနှင့်ပဋိညာဉ်များ ၆၄:၃၄)။ ကိုယ်တော်ရှင်သည် လိုလားသူများအား လုပ်ဆောင်ရန်စွမ်းရည်ကို ပေးနိုင်ပါသည်၊ သို့သော် လုပ်ဆောင်ရန်စွမ်းရည်ရှိသူများအား လိုလားစိတ်ဖြစ်လာရန် မပြုလုပ်ပေးနိုင်ပါ၊ သို့မဟုတ် လုပ်ပေးမည်မဟုတ်ပါ။ တစ်နည်းဆိုရလျှင်၊ ကျွန်တော်တို့ ကတိကဝတ်ပြုပြီးလိုလားသည်ဆိုပါက၊ ကိုယ်တော်က ကျွန်တော်တို့အား အသုံးပြုနိုင်ပါသည်။ သို့သော် ကျွန်တော်တို့၌ မည်သို့ပင်ကိုယ်စွမ်းရည်များရှိပါစေ၊ ကျွန်တော်တို့ ကိုယ်တော်၏အမှုတော်ကို ကတိကဝတ်မပြုဘဲ သူ့ကိုကူညီရန် မလိုလားပါက ကျွန်တော်တို့အား အသုံးပြုမည်မဟုတ်ပါ။

ဆမ်မြူရယ်နှင့် အန်နာ-မာရီယာကွိုင်းဗစ်စတိုတို့သည် ကတိကဝတ်ပြုခြင်းနှင့် လိုလိုလားလားရှိခြင်း နှစ်မျိုးစလုံးကို ပြသခဲ့ကြပါသည်။ သူတို့လက်ထပ်ပြီးမကြာမီ၌၊ ကွိုင်းဗစ်စတိုတို့သည် ဂျိုင်ဗာစကီလာမြို့၊ဖင်လန်နိုင်ငံမှ ဂုတ်ဘာဂျ့်မြို့၊ ဆွီဒင်နိုင်ငံကို အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေရန် ပြောင်း‌ရွှေ့ခဲ့ကြပါသည်။ သူတို့ရောက်ပြီးနောက်၌၊ ညီအစ်ကို ကွိုင်းဗစ်စတိုက ဂုတ်ဘာဂျ့် ဆွီဒင်ပန္နက်ဥက္ကဋ္ဌအဖွဲ့၏ အတိုင်ပင်ခံတစ်ဦးဖြစ်သူ၊ ဥက္ကဋ္ဌလိဖ် ဂျီ၊ မက်ဆန် ဆီလာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရပါသည်။ ဆမ်မြူရယ်က ဆွီဒင်စကားမပြောသည့်အတွက်၊ လူတွေ့မေးမြန်းခြင်းကို အင်္ဂလိပ်လို လုပ်ဆောင်ခဲ့ကြပါသည်။

ခဏတာတွေ့ဆုံမှုအပြီး၌၊ ဥက္ကဋ္ဌ မက်ဆန်က ဆမ်မြူရယ်အား အက်ဘီအသင်း‌တော်စု၌ အသင်းတော်စုသာသနာခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခဲ့ပါသည်။ ဆမ်မြူရယ်က မြင်သာသည့်အချက်ကို ထောက်ပြခဲ့ပါသည်၊“ဒါပေမဲ့ ကျွန်‌တော်က ဆွီဒင်စကားမပြောတတ်ဘူးလေ။”

ဥက္ကဋ္ဌ မက်ဆန်က သူ့စားပွဲကိုမှီ၍ ပြတ်ပြတ်သားသားမေးလိုက်ပါသည်၊ “ငါမင်းကို ဆွီဒင်စကားပြောနိုင်လားလို့ မေးခဲ့တာလား၊ ဒါမှမဟုတ် မင်း ကိုယ်တော်ရှင်ကို အစေခံဖို့လိုလားမှုရှိလားလို့ မေးခဲ့တာလား။“

ဆမ်မြူရယ်က ပြန်ဖြေခဲ့ပါသည်၊ “ကျွန်‌တော် ကိုယ်တော်ရှင်ကို အစေခံဖို့လိုလားမှုရှိလားလို့ ခင်ဗျားမေးခဲ့တာပါ ကျွန်တော်လိုလားပါတယ်။”

ဆမ်မြူရယ်က အမှုတော်ဆောင်တာဝန်ကို လက်ခံခဲ့ပါသည်။ အန်နာ-မာရီယာကလည်း အမှုတော်ဆောင်တာဝန်များကို လက်ခံခဲ့ပါသည်။ နှစ်ဦးစလုံး သစ္စာရှိစွာ အစေခံခဲ့ကြပြီး တာဝန်ထမ်းဆောင်စဉ်မှာ လှပသောဆွီဒင်စကားကိုပြောနိုင်ရန် သင်ယူခဲ့ကြပါသည်။

ကတိကဝတ်ပြုခြင်းနှင့် ကိုယ်တော်ရှင်အား အစေခံရန်လိုလိုလားလားရှိခြင်းတို့က ဆမ်မြူရယ်နဲ့ အန်နာ-မာရီယာတို့၏ အသက်တာများကို ပုံ‌‌ဖော်ပေးခဲ့ပါသည်။ သူတို့တွေက အသင်းတော်၏ သာမန်သူရဲကောင်းများ ဖြစ်ကြပါသည်။ သူတို့တွေကို ‌တောင်းဆိုသည့်အခါတိုင်း သစ္စာရှိစွာ အစေခံခဲ့ကြပါသည်။ ကျွန်တော်တို့ အစေခံသည့်အခါ၊ ကျွန်တော်တို့မှာရှိတဲ့ ပင်ကိုယ်စွမ်းရည်တွေကိုအသုံးပြုပါက (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆၀:၁၃) ၊ ကိုယ်တော်ရှင်က သူရဲ့ရည်ရွယ်ချက်တွေ ပြီးမြောက်အောင်မြင်ရန် ကျွန်တော်တို့ကိုကူညီပေးကြောင်း သူတို့ကသင်ကြားပေးခဲ့ပါသည်။

ကျွန်တော်တို့ အစေခံဖို့ လိုလားကြတဲ့အခါ၊ အပြစ်တင်မြည်တမ်းခြင်း သို့မဟုတ် ညည်းညူအပြစ်တင်ခြင်းများ မလုပ်မိအောင် ကြိုးပမ်းကြပါသည်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အစေခံမှုကို ဘယ်လိုနည်းနဲ့မှ အစွန်းအထင်းမခံနိုင်လို့ပါပဲ။ အပြစ်တင်မြည်တမ်းခြင်းက ကတိကဝတ်ပြုခြင်းယိမ်းယိုင်သွားသည့် လက္ခဏာတစ်ခုဖြစ်ပါသည်၊ သို့မဟုတ် ကယ်တင်ရှင်အတွက် ကျွန်တော်တို့၏ ချစ်ခြင်းမေတ္တာက ရှိသင့်သလောက်မရှိနေခြင်းဖြစ်ပါသည်။ ဂရုမပြုဘူးဆိုလျှင်၊ ညည်းညူအပြစ်တင်ခြင်းက ကိုယ်တော်ရှင်ကိုဆန့်ကျင်သည့် လုံးလုံးလျားလျားပုန်ကန်ခြင်းအဆင့်သို့ ရောက်ရှိသွားနိုင်ပါသည်။ ထိုဖြစ်စဉ်ကို အယ်ဇရာ ဘုသ် ၏အသက်တာမှာမြင်တွေ့ခဲ့ရပါသည်၊ သူသည် အိုဟိုင်းရိုဘုရားကျောင်း၌ အစောပိုင်းပြောင်းလဲသူတစ်ဦးဖြစ်ပြီး မစ်ဆိုရီပြည်ကို သာသာနာပြုတစ်ဦးအဖြစ် အမှုတော်ဆောင်ခြင်းသို့ခေါ်သွင်းခံခဲ့ရပါသည်။

ဇွန် ၁၈၃၁၌ သူ အိုဟိုင်းရိုမှထွက်လာခဲ့ချိန်တွင်၊ တချို့သာသနာပြုများလှည်းနဲ့ ခရီးသွားနိုင်တဲ့အချိန်မှာ သူကတော့ လမ်းတစ်လျှောက်လုံးမှာတရားဟောလာခဲ့ရင်း၊ နွေအပူရှိန်ထဲမှာ လမ်းလျှောက်နေခဲ့ရခြင်းကို အယ်ဇရာ စိတ်ဆိုးခဲ့ပါသည်။ သူ ညည်းညူအပြစ်တင်ခဲ့ပါသည်။ သူ မစ်ဆိုရီပြည်သို့ ရောက်သည့်အခါ၊ စိတ်ပျက်အားလျော့သွားခဲ့ပါသည်။ မစ်ဆိုရီပြည်က သူမျှော်လင့်ထားသလို မဟုတ်ခဲ့ပါဘူး။ ထိုအစား၊ သူက ဘေးပတ်လည်ကိုကြည့်ပြီး “မျှော်လင့်ချက်က အနည်းနဲ့အများ မှုန်မှိုင်းလာပြီ” ဆို၍ မှတ်ယူခဲ့ပါသည်။

အယ်ဇရာက ပိုပို၍ အတ္တကြီးလာ၊ မထီမဲ့မြင်ပြုလာပြီး၊ အပြစ်ရှာတတ်လာပါသည်။ မစ်ဆိုရီပြည်မှ ထွက်လာခဲ့ချိန်မှာ၊ သူ့ကို‌တောင်းဆိုထားသလို၊ အပြန်လမ်းမှာ တရားဟောရမည့်အစား၊ အိုဟိုင်းရိုကို တတ်နိုင်သမျှမြန်မြန်ပြန်သွားခဲ့ပါသည်။ သူ၏ ကနဦးညည်းညူအပြစ်တင်ခြင်းမှ ယိမ်းယိုင်ခြင်းသို့ အသွင်ကူးပြောင်းသွားပြီး နောက်ဆုံး၌ သူ၏အစောပိုင်းဝိညာဉ်ရေးရာအတွေ့အကြုံများကိုပါ ယုံကြည်ချက်ပျောက်ဆုံးသွားခဲ့ပါသည်။ မကြာမီပင် အယ်ဇရာက အသင်းတော်ကို စွန့်ခွာခဲ့ပြီး “နောက်ဆုံး၌ ခရစ်ယာန်ဘာသာကို စွန့်ပယ်ခဲ့ပြီး ဘုရားမဲ့ဝါဒီဖြစ်လာခဲ့ပါသည်။’”

ကျွန်တော်တို့လည်း ဂရုမစိုက်ရင် အလားတူအဖြစ်မျိုး ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ ဒါဟာ အမှန်တကယ် မည်သူ၏အမှုတော်ဖြစ်ကြောင်း မိမိကိုယ်ကိုသတိပေးရင်း၊ ထာဝရအလားအလာကို မထိန်းသိမ်းဘူးဆိုလျှင်၊ ကျွန်တော်တို့ ညည်းညူအပြစ်တင်နိုင်၊ ယိမ်းယိုင်နိုင်ပြီး၊ နောက်ဆုံး၌ ကျွန်တော်တို့တွင်ရှိသော ယုံကြည်မှုကိုဆုံးရှုံးရပါလိမ့်မည်။

ကျွန်တော်တို့ ယေရှုခရစ်တော်နောက်သို့ ကိုယ်တော်၏အမှုတော်၌ပူးပေါင်းရင်း လိုက်လျှောက်နိုင်ကြရန်ရွေးချယ်နိုင်ဖို့ ကျွန်တော်ဆုတောင်းပါသည်။ ထိုသို့ပြုလုပ်တာနဲ့အမျှ၊ ကျွန်တော်တို့ကို “အလွန်ကြီးမြတ်၍ အဖိုးထိုက်သော ကတိများကို ပေးတော်မူမှာဖြစ်ပါသည်။ (၂ ရှင်ပေတရု ၁:၄)။ ထိုကောင်းချီးတွေထဲ၌ အပြစ်ကိုခွင့်လွှတ်ခြင်း (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆၀:၇၆၁:၂၊ ၃၄၆၂:၃၆၄:၃) ၊ ကယ်တင်ခြင်းနှင့်၊(ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆:၁၃၅၆:၂)ချီးမြှောက်ခြင်း (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၅၈:၃–၁၁ ၅၉:၂၃) တို့ပါဝင်ပါသည်။ အမှန်စင်စစ်၊ ကျွန်တော်တို့ကို ဘုရားသခင်ကပေးနိုင်သော အကြီးမြတ်ဆုံးဆုကျေးဇူးဖြစ်သည့် ထာဝရအသက်ကို ကတိပြုထားပါသည်။

မှတ်စုများ

  1. ဒယ်လင် အိတ်ချ်၊ အုတ်ခ်စ်၊ His Holy Name (၁၉၉၈)၊ ၃၇။

  2. ဣသရေလစုဝေးခြင်းဆိုသည်မှာ လူခပ်သိမ်းကို ယေရှုခရစ်တော်ထံ၌ စစ်မှန်သောယုံကြည်သူများဖြစ်လာရန် ဖိတ်ခေါ်ခြင်းကို ဆိုလိုပါသည်။

  3. ငါ၏ဧဝံဂေလိတရားတော်ကိုဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှရန် လမ်းညွှန်ချက်တစ်ခု (၂၀၂၃)၊ ၁၃၊ ဧဝံဂေလိစာကြည့်တိုက်။

  4. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “Hope of Israel” (ကမ္ဘာလုံးဆိုင်ရာ လူငယ်ဝတ်ပြုခြင်းအခမ်းအနား၊ ဇွန် ၃၊ ၂၀၁၈)၊ ဧဝံဂေလိစာကြည့်တိုက်။

  5. ရှု မက်သရူး မက်ဘရိုက်၊ “Ezra Booth and Isaac Morley,” in Revelations in Context: The Stories behind the Sections of the Doctrine and Covenants (၂၀၁၆)၊ ၁၃၀-၃၆။