“ကောင်းကင်ဘုံရှင်အဘက သင့်အား စကားပြောချင်ပါသည်၊” လီယာဟိုနာ၊ မတ် ၂၀၂၅။
လစဉ် လီယာဟိုနာ အမှာစကား၊ မတ်၂၀၂၅
ကောင်းကင်ဘုံရှင်အဘက သင့်အား စကားပြော ချင်ပါသည်
ကောင်းကင်ဘုံရှင်အဘနှင့် သူ၏ချစ်သားအပေါ် သင်၏ယုံကြည်ခြင်းသည် ဝိညာဉ်ရေးရာလမ်းညွှန်မှုကို ပိုမိုရရှိနိုင်ပြီး အဘ၏စကားသံကိုရရှိရန် သင့်ကိုကူညီပါစေ။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကောင်းကင်အိမ်မှ အလှမ်းဝေးသော ကမ္ဘာမြေတွင် အတူတကွဝေမျှနေထိုင်ကြသည့် ဘုရားသခင်၏ သားသမီးများဖြစ်ကြပါသည်။ ဤသည် ကျွန်ုပ်တို့၏ သေခြင်းရှိရာဘဝ၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအား ရရှိရန်၊ အဆိုးထက်အကောင်းကို ရွေးချယ်ရန်၊ “[ကျွန်ုပ်တို့] ကောင်းမြတ်ခြင်းကို တန်ဖိုးထားနိုင်ကြစေခြင်းငှာ အခါးကို မြည်းစမ်းကြ”ရန် (မောရှေ ၆:၅၅)၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ယေရှုခရစ်တော်နှင့် သူ၏မြင့်မြတ်သော အပြစ်ဖြေခြင်းမင်္ဂလာ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုးပွားလာရန်နှင့် ကျွန်ုပ်တို့ အဘ၏ ပျော် ရွှင်ခြင်းအစီအစဉ်ကို လက်ခံရန် အချိန်ဖြစ်ပါသည်။ ကောင်းကင်ဘုံရှင်အဘကဲ့သို့ ပို၍ဖြစ်လာရန် ကျွန်ုပ်တို့ ဤနေရာတွင် ရှိနေကြပါသည်။
ကျွန်ုပ်တို့၏ ကမ္ဘာမြေသို့ မရောက်ခင်ဘဝ၏ မှတ်ဉာဏ်မရှိဘဲ၊ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ထားခဲ့သည့်လောကအတွက် အထီးကျန်ခြင်းခံစားရပါသည်။ ကျွန်ုပ်တို့အဘက သူ့ထံမှ လမ်းညွှန်မှု၊ လမ်းပြခြင်းနှင့် နှစ်သိမ့်မှု ရရှိရန်နှင့် သူ့နှင့်ဆက်လက် ချိတ်ဆက်နေနိုင်ရန် ဝိညာဉ်ရေးရာဆုကျေးဇူးတစ်ခုကို ကျွန်ုပ်တို့အား ပေးခဲ့ပါသည်။ ဤဆုကျေးဇူးကို ကျွန်ုပ်တို့ ကောင်းကောင်းသိပါသည်။ ၎င်းကို ဆုတောင်းခြင်းဟုခေါ်ပါသည်။
သင်၏ကောင်းကင်ဘုံရှင်အဘထံ ဆုတောင်းပါ
“နောင်တရ၍၊ သားတော်၏ နာမတော်ဖြင့် ဘုရားသခင်ကို ယခုမှသည် နောင်ကာလ အစဉ်အဆက် ပတ္ထနာပြုလော့” (မောရှေ ၅:၈)ဟု အာဒံ၊ ဧဝနှင့် သူတို့နောက်လိုက်မည့်သူအားလုံးကို ကောင်းကင်တမန်တစ်ပါးက ညွှန်ကြားခဲ့ပါသည်။
“တောင်းကြလော့။ တောင်းလျှင် သင်တို့ထံသို့ ပေးလိမ့်မည်။ ရှာကြလော့၊ ရှာလျှင် သင်တို့တွေ့ကြမည်။ ခေါက်ကြလော့၊ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်” (မဿဲ ၇:၇)ဟု ယေရှုသွန်သင်ခဲ့ပါသည်။ “သင်သည် ဆုတောင်းသောအခါ … မထင်ရှားသောအရပ်၌ …သင်၏အဘကိုဆုတောင်းလော့” (မဿဲ ၆:၆)။ “ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့အဘ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။” (မဿဲ ၆:၉)။
ယေရှုသည် သူ၏အဘထံ အဆက်မပြတ်ဆုတောင်းခဲ့ပါသည်။ “ကိုယ်တော်သည် ဆုတောင်းပတ္ထနာပြုခြင်းငှါ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုလျက် တညဉ့်လုံးနေတော်မူ၏။” (လုကာ ၆:၁၂)။ “ထို့နောက် … ဆုတောင်းပတ္ထနာပြုအံ့သောငှါ တောင်ပေါ်သို့ ကြွတော်မူ၏။” (မာကု ၆:၄၆)။ “ထိုအခါ ဂေသရှေမန်အရပ်သို့ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏” (မာကု ၁၄:၃၂)။ လက်ဝါးကပ်တိုင်ပေါ်ရှိစဉ် သူ့အားကွပ်မျက်သော စစ်သားများအတွက် ယေရှုက “အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” (လုကာ ၂၃:၃၄)ဟု ဆုတောင်းခဲ့ပါသည်။
“အစဉ်အမြဲဆုတောင်း”ရန် ကျမ်းစာများက ကျွန်ုပ်တို့ကို အကြံပြုထားပါသည် (လုကာ ၂၁:၃၆၊ ၂ နီဖိုင်း ၃၂:၉၊ ၃ နီဖိုင်း ၁၈:၁၅၊ သြဝါဒနှင့်ပဋိညာဥ်များ ၁၀:၅၊ ၁၉:၃၈၊ ၂၀:၃၃၊ ၃၁:၁၂)။ “သင်၏အမှုမှန်သမျှ၌ ကိုယ်တော်ရှင်နှင့် တိုင်ပင်လော့။ သူသည် သင့်ကို ကောင်းမြတ်ရာသို့ ညွှန်ပြတော်မူလိမ့်မည်” (အယ်လ်မာ ၃၇:၃၇)။ ထို့အပြင် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့အဘလုပ်ဆောင်ပေးသောအရာများအားလုံးကို အသိအမှတ်ပြုကာ “[ကျွန်ုပ်တို့၏] စိတ်ဝိညာဉ်တစ်ခုလုံးမှာ ရှိနိုင်စွမ်းသည့် ခပ်သိမ်းသောကျေးဇူးနှင့် ချီးမွမ်းခြင်းတို့ကို ကျွန်ုပ်တို့ဆပ်ပေးကြ” (မောဇိယ ၂:၂၀) ပါသည်။
ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင် ရှင်းပြခဲ့သည်မှာ “ဝိညာဉ်ရေးဆိုင်ရာမိမိကိုယ်ကိုတန်ဖိုးထားခြင်းက နေ့သစ်တိုင်းသည် ဘုရားသခင်ထံမှ ဆုကျေးဇူးတော်တစ်ခုဖြစ်ကြောင်း သဘောပေါက်လာခြင်းဖြင့် စတင်ပါသည်။ … သူကကျွန်ုပ်တို့ကို နေ့တိုင်းမပြတ်ကာကွယ်စောင့်မပြီး အချိန်တိုင်းပင် ကျွန်ုပ်တို့ကို ထောက်ပံ့ကူညီပါသည်။ (ရှု မောဇိယ ၂:၂၁)။”
“သင်တို့သည် လူသားကို ဆုတောင်းရန် သွန်သင်ပေးသည့် ဝိညာဉ်တော်ကို စေ့စေ့နားထောင်လိုကြလျှင်၊ ဆုတောင်းရမည်ကို သိကြလိမ့်မည်။ မကောင်းသောဝိညာဉ်သည် လူသားကို ဆုတောင်းရန် သွန်သင်ခြင်းမရှိ၊ ဆုမတောင်းရမည်ကိုသာ သွန်သင်၏။” (၂ နီဖိုင်း ၃၂:၈)ဟု နီဖိုင်းကပြောခဲ့ပါသည်။
Christ Raising the Daughter of Jairusမှ အချက်အလက်၊ ဂရက် ခေ၊ အော်ဆန် မှ
ကျွန်ုပ်တို့ကယ်တင်ရှင်၏ ပုံသက်သေနှင့် ရာစုနှစ်များတစ်လျှောက် ကောင်းကင်တမန်များနှင့် ပရောဖက်များ၏ အကြံပြုချက်များနှင့်အတူ၊ ကျွန်ုပ်တို့၏ ကောင်းချီးများအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရန်နေ့စဥ်ဆုတောင်းရန်နှင့်၊ ကျွန်ုပ်တို့နှလုံးသားထဲတွင်ဆုတောင်းမှုအမြဲထားရန် ရှင်းလင်းစွာသိရှိကြပါသည်။ ကျွန်ုပ်တို့၏အဘနှင့် ဆက်သွယ်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိပါသည်။
သို့သော် ပို၍ကြီးမြတ်သည်မှာ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏အဘသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို တုံ့ပြန်ပေးပါသည်။ ဤသေခြင်းရှိရာကမ္ဘာ၌ စဉ်းစားတွေးတောစရာမေးခွန်းတစ်ခုသည် ကျွန်ုပ်တို့၏အဘထံမှလာသော အဖြေများ၊ လမ်းညွှန်မှုနှင့် နှစ်သိမ့်မှုကို ကျွန်ုပ်တို့ မည်သို့ပိုကောင်းစွာရရှိ၍ နားလည်နိုင်ပါမည်နည်း။
ကျွန်တော့်ဘဝရဲ့ ဆယ်စုနှစ်ခုနစ်ခုကျော်တစ်လျှောက်မှာ ကျွန်တော်တို့၏အဘသည် ကျွန်တော်တို့နှင့် စကားပြောကြောင်း ကျွန်တော်သိပါသည်။ ကျွန်ုပ်တို့သည် တစ်ဦးတည်းမဟုတ်ကြပါ။ ကောင်းကင်ဘုံရှိပုဂ္ဂိုလ်များက ကျွန်ုပ်တို့ကို စောင့်ကြည့်ပြီး ကယ်တင်ရှင်နောက်လိုက်ရန် ကြိုးစားသောအခါ ကျွန်ုပ်တို့ကို ကူညီပေးပါသည်။
ကျွန်ုပ်တို့ဆုတောင်းချက်များ၏အဖြေများကို ရရှိခြင်းသည် ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘနှင့် သူ၏သားတော် ယေရှုခရစ်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြင့် အစပြုပါသည်။ “မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့” (မာကု ၅:၃၆)ဟု ယေရှုမိန့်တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့ သူ့ကိုကိုးစား၍၊ ပညတ်တော်များကို စောင့်ထိန်းရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပြီး ခပ်သိမ်းသောအရာတို့၌ ကိုယ်တော်၏လက်တော်ကိုရှာကြပါသည်။ “ခပ်သိမ်းသောအရာတို့၌ ဘုရားသခင်၏လက်ကို ဝန်ခံခြင်းမရှိသောသူ၊ သူ၏ပညတ်တော်များကို နာခံခြင်းမရှိသောသူများမှတစ်ပါး … လူသားသည် အဘယ်အရာနှင့်မျှ သူ့ကို မပြစ်မှား” (သြဝါဒနှင့်ပဋိညာဥ်များ ၅၉:၂၁)။
ကျွန်ုပ်တို့၏ဘဝများတွင် ဘုရားသခင့်၏လက်တော်ဆိုသည်မှာ ကျွန်ုပ်တို့ကမ္ဘာတွင်ရှိသော မကောင်းမှု သို့မဟုတ် ကြောက်မက်ဖွယ် အဖြစ်ဆိုးများကို သူဖြစ်စေသည်ဟု မဆိုလိုပါ။ သို့ရာတွင် အခက်အခဲနှင့် မတရားမှုများကြုံရသောအချိန်များတွင်၊ သူသည် သင့်အနားတွင် ရပ်တည်မည်၊ သင်၏စွမ်းရည်များကို ခွန်အားဖြည့်ပေးမည်၊ သင့်အားနှစ်သိမ့်ပေးမည်၊ “သင်၏ဆင်းရဲဒုက္ခများကို သင်၏အကျိုးအတွက် သန့်ရှင်းမွန်မြတ်စေတော်မူလိမ့်မည်” (၂ နီဖိုင်း ၂:၂) ဖြစ်ကြောင်း ဆိုလိုပါသည်။
သူ၏စကားသံကို နားထောင်ပါ
ကျွန်ုပ်တို့သည် သူ၌ယုံကြည်ခြင်းရှိပြီး သူ၏ပညတ်တော်များကို စောင့်ထိန်းသည်နှင့်အမျှ၊ သူ၏စကားသံကို ပို၍ကောင်းစွာနားထောင်ရန် သဘာဝအလျောက် သင်ယူကြပါသည်။
၁၉၉၃ စက်တင်ဘာလတွင် အထွေထွေအာဏာပိုင်တစ်ဦးအဖြစ် ကျွန်တော်၏ပထမနှစ်မှာ၊ ထိုအချိန်က တစ်ကျိပ်နှစ်ပါးအဖွဲ့ဝင်ဖြစ်သူ ဥက္ကဋ္ဌ ဂျိမ်းစ် အီး၊ ဖောက်စ်ထ် (၁၉၂၀-၂၀၀၇)က ကျွန်တော့်ဇနီး ကေသီနှင့် ကျွန်တော့်ကို သူနှင့်အတူ ဘရစ်ဂမ် ယန်းတက္ကသိုလ် ဝတ်ပြုခြင်းအခမ်းအနားသို့ တက်ရောက်ရန်ဖိတ်ခေါ်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်သည် စမတ်ဖုန်းများ၊ လူမှုမီဒီယာနှင့် အင်တာနက် အကျယ်တဝင့် ရရှိနိုင်မှု မတိုင်ခင်ဆိုတာကို သတိရပါ။
“The Voice of the Spirit” ဟု ခေါင်းစဉ်တပ်ထားသော သူ၏ဟောပြောချက်တွင် ဥက္ကဋ္ဌဖောက်စ်ထ်က သတိပေးခဲ့သည်မှာ “သင့်တို့မျိုးဆက်မှာ ဘယ်လိုအသက်ရှင်ရမလဲ၊ သင့်ရဲ့စိတ်ထက်သန်မှုများကို ဘယ်လိုကျေနပ်စေမလဲ၊ အားလုံးကိုဘယ်လိုရနိုင်မလဲဆိုတာ သင့်ကိုပြောနေတဲ့ အသံအများအပြားတွေက သင့်ကို ပိတ်ပင်ထားပါလိမ့်မယ်။ သင်တို့လက်ဖျားတွေမှာ ရုပ်မြင်သံကြားလိုင်း ငါးရာအထိ ရှိပါလိမ့်မယ်။ ဆော့ဖ်ဝဲ၊ အပြန်အလှန်ဆက်သွယ်သော ကွန်ပျူတာမိုဒမ်များ၊ ဒေတာဘေ့စ်များနှင့် ကြော်ငြာဘုတ်များ မျိုးစုံရှိပါလိမ့်မယ်၊ သတင်းအချက်အလက်များနှင့် သင့်ကိုလွှမ်းမိုးမယ့် စာရေးစားပွဲ ပုံနှိပ်ထုတ်ဝေခြင်း၊ ဂြိုဟ်တု လက်ခံများနှင့် ဆက်သွယ်ရေးကွန်ရက်များ ရှိပါလိမ့်မယ်။ သင်အာရုံစိုက်ဖို့ သင်ယူရမယ့်စကားသံက ဝိညာဉ်တော်ရဲ့စကားသံပဲဖြစ်ပါတယ်။”
သဘာဝဗေဒပညာရှင် ဂျွန် ဘူးရို့စ်သည် လူပြည့်ကျပ်နေသော ပန်းခြံတစ်ခုမှာ သူငယ်ချင်းများနှင့်အတူ လမ်းလျှောက်နေစဉ် သူ၏ အတွေ့အကြုံတစ်ခုကို ပြန်ပြောရာ၌ ဥက္ကဋ္ဌဘွိုင်းဒ် ခေ၊ ပက်ကာ (၁၉၂၄-၂၀၂၅)၊ တစ်ကျိပ်နှစ်ပါးအဖွဲ့၏ဥက္ကဋ္ဌသည် ဝိညာဉ်တော်၏ဖြည်းညှင်းသော စကားသံအကြောင်း သွန်သင်ခဲ့ပါသည်။ ဤသည်မှာ ဥက္ကဋ္ဌပက်ကာ၏စကားများဖြစ်ပါသည်၊
“မြို့ပြဘဝရဲ့အသံများအထက်မှာ [မစ္စတာ ဘူးရို့စ်] ငှက်တစ်ကောင်ရဲ့ သီချင်းကို ကြားခဲ့ရတယ်။
“သူရပ်ပြီးနားထောင်ခဲ့တယ်။ သူနဲ့အတူရှိသူတွေ ၎င်းကို မကြားခဲ့ကြပါဘူး။ သူလိုက်ပတ်ကြည့်နေခဲ့တယ်။ ဘယ်သူမှ ၎င်းကို သတိမပြုခဲ့ကြပါဘူး။
“လူတိုင်း အလွန်လှပတဲ့အရာကို လွတ်သွားတာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်။
“သူ့အိတ်ကပ်ထဲက ဒင်္ဂါးတစ်ပြားယူပြီး လေထဲကို မြှောက်ပစ်လိုက်တယ်။ မာကြောတဲ့လမ်းပေါ်မြည်သံ ရိုက်ခတ်သွားတယ်၊ ငှက်ရဲ့သီချင်းထက်တော့ ပိုမကျယ်ခဲ့ပါဘူး။ လူတိုင်း လှည့်ကြည့်လိုက်ပြီး ၎င်းကို သူတို့ကြားနိုင်ခဲ့တယ်။
“ငှက်တစ်ကောင်ရဲ့သီချင်းကို မြို့ပြယာဉ်အသံများအားလုံးမှ ခွဲခြားဖို့ ခက်ပါတယ်။ သို့သော် ၎င်းကို သင်ကြားနိုင်ပါတယ်။ ၎င်းကို နားထောင်ဖို့ သင့်ကိုယ်သင် လေ့ကျင့်ပေးမယ်ဆိုရင် သင်ရှင်းရှင်းလင်းလင်း ကြားနိုင်ပါတယ်။”
ဥက္ကဋ္ဌပက်ကာ၏ သန့်ရှင်းသောဝိညာဉ်တော်အကြောင်း သွန်သင်ချက်များက ဘဝသည် ပို၍ဆိတ်ငြိမ်ပြီး ကမ္ဘာ့ဆူညံသံတွေက ယခုထက် ပိုပြီးများစွာနည်းပါးသော ၁၉၇၉တွင် ဖြစ်ပေါ်ခဲ့ပါသည်။
ဥက္ကဋ္ဌနယ်လ်ဆင်က၊ “သင်သည် ဝိညာဉ်တော်၏ တီးတိုးပြောဆိုမှုများထက် လူမှုမီဒီယာမှ အကြောင်းအရာများကို ပို၍အာရုံစိုက်နေမည်ဆိုလျှင် ဝိညာဉ်ရေးအန္တရာယ်၌ သင့်ကိုယ်သင် ကျရောက်စေပါတယ်” ဟု သွန်သင်ခဲ့ပါသည်။
ဥက္ကဋ္ဌဖောက်စ်ထ်က၊ “ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏စကားသံကို နားထောင်လိုလျှင်၊ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏နားများကိုဖွင့်၍ ယုံကြည်ခြင်းမျက်စိကို စကားသံ၏အရင်းအမြစ်သို့ လှည့်စေပြီး ကောင်းကင်ဘက်သို့ တည်ကြည်စွာ ကြည့်ရှုကြရမယ်”ဟု ပြောခဲ့ပါသည်။
ဝိညာဉ်တော်၏ စကားသံ သည် ကျွန်ုပ်တို့၏ ဉာဏ်ရည်နှင့် ကျွန်ုပ်တို့၏ ခံစားချက်များ နှစ်ခုလုံးဆီသို့ လာပါသည်။ “သင့်အပေါ်ကျရောက်လာမည့်၊ သင့်စိတ်နှလုံး၌ ကိန်းဝပ်မည့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါသည် သင့်စိတ်နှင့် သင့်စိတ်နှလုံး၌ ပြောပြတော်မူမည်” (သြဝါဒနှင့်ပဋိညာဥ်များ ၈:၂)။ သင်၏အသိစိတ်ကို နားထောင်ပါ—ဗျာဒိတ်တော်သည် ထိုနေရာ၌ မကြာခဏစတင်လေ့ရှိသည်။
၂၀၂၄ ဖေဖော်ဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ၊ မာကီနာမြို့ရှိ Girls’ Home Boys’ Town Complex သို့ လည်ပတ်စဉ် အသင်းလူကြီးအမ်ဒါဆင်က လူငယ်များအား သူတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်၊ “ကိုယ်တော်က သင်တို့ကို ချစ်ပါတယ်။ ပြီးတော့ သင်တို့ သူ့ထံ တောင်းခံနိုင်ပါတယ်။ သင်တို့ရဲ့ဆုတောင်းချက်များကို သူနားညောင်းတော်မူပါလိမ့်မယ်။”
ယုံကြည်သောစိတ်နှလုံးဖြင့် ဆုတောင်းပါ
အဖြေများနှင့် ထင်မြင်ချက်များကို အတင်းအကျပ်ပြု၍မရနိုင်ပါ။ ကျွန်ုပ်တို့ ဆုတောင်းပြီး ယုံကြည်သောစိတ်နှလုံးဖြင့် စောင့်ဆိုင်းပါသည်။ ဤဘဝတွင် တချို့သောအဖြေများ ရောက်လာမည်မဟုတ်ပါ၊ သို့သော် ဖြောင့်မတ်သူများအား ကိုယ်တော်ရှင်သည် သူ၏ငြိမ်သက်ခြင်းကို အစဉ်အမြဲပေးပါမည် (ရှု ယောဟန် ၁၄:၂၇)။ ကျွန်ုပ်တို့အနီးရှိသူများအား ကူညီရန် ကျွန်ုပ်တို့ ဆုတောင်းသောအခါ မကြာခဏ အဖြေများ လာလေ့ရှိပါသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် “ပညတ်တစ်ခုပြီးတစ်ခု၊ နည်းတစ်ခုပြီးတစ်ခု” (သြဝါဒနှင့်ပဋိညာဥ်များ ၉၈:၁၂) လာပါသည်။
မမျှော်လင့်သောအချိန်များနှင့် မမျှော်လင့်သောနေရာများတွင် ကောင်းကင်၏စကားသံသည် ကျွန်ုပ်တို့ထံ လာနိုင်သော်လည်း ဆိတ်ငြိမ်သောနေရာများနှင့် မြင့်မြတ်သောနေရာများတွင် ကျွန်ုပ်တို့၏ အထင်ရှားဆုံး အခွင့်အရေးများကိုတွေ့ ရှိရပါသည်။ ကျွန်တော့်ရဲ့နံနက်စောစောဆုတောင်းချက်များနှင့် တွေးတောဆင်ခြင်မှုများ၏ ငြိမ်သက်မှု၌ တစ်မူထူးခြားသောကောင်းချီးများကို ကျွန်တော် တွေ့ရှိရပါသည်။ နေ့စဉ် ကိုယ်တိုင် အနှောင့်အယှက်ကင်းစွာဖြင့် ကျမ်းစာများဖတ်ရှုခြင်းကဲ့သို့သောအရာကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့်၊ ဝိညာဉ်တော်စကားသံသည် အချို့သောအချိန်များတွင် မီးကဲ့သို့ ကျွန်ုပ်တို့၏စိတ်နှလုံးများထဲသို့ ယူဆောင်လာပါသည်။
တစ်ခါတစ်ရံ ထင်မြင်ချက်များသည် အထူးသဖြင့် ကျွန်ုပ်တို့ဖတ်ရှုနေသည့်အရာများဆီမှလာပြီး၊ အချို့သောအချိန်များတွင် ကျွန်ုပ်တို့စဉ်းစားတွေးတောနေသည့်အရာများမှ အလွန်ခြားနားသော ကိစ္စတစ်ခုအတွက် အဖြေကို ယူဆောင်ပေးပါသည်။ အသင်းလူကြီး ရောဘတ် ဒီ၊ ဟေးစ်၏စကားများကိုသတိရပါ၊ “ကျွန်ုပ်တို့ ဘုရားသခင်အား စကားပြောချင်သောအခါ ကျွန်ုပ်တို့ဆုတောင်းပါသည်။ သူ့ကို ကျွန်ုပ်တို့အား စကားပြောစေချင်သောအခါ ကျမ်းစာများကို ကျွန်ုပ်တို့ ရှာဖွေကြပါသည်။”
လောက၏ဆူညံသံနှင့် ရှုပ်ထွေးခြင်းများသည် ကျွန်ုပ်တို့ပတ်လည်တွင် ပျံ့နှံ့နေသည်နှင့်အမျှ၊ ကိုယ်တော်ရှင်က သူ၏ပရောဖက်အား ဗိမာန်တော်များ ပိုပို၍ဆောက်လုပ်ရန် ညွှန်ကြားခဲ့ပါသည်။ ဤမြင့်မြတ်သော ကိုယ်တော်ရှင်၏အိမ်တော်များတွင် ကျွန်ုပ်တို့၏စိန်ခေါ်ချက်များကို အပြင်ဘက်တွင်ထားခဲ့ပြီး ကျွန်ုပ်တို့၏ ဆုတောင်းချက်များနှင့် စိုးရိမ်ပူပန်မှုများနှင့်အတူ ဝင်ရောက်လာသောအခါ ကျွန်ုပ်တို့အား ထာဝရသမ္မာတရားများကို သင်ကြားပေးပါသည်။
လွန်ခဲ့သောတစ်နှစ်တုန်းက၊ ဥက္ကဋ္ဌနယ်လ်ဆင်က ဤထူးခြားသောကတိကို ကျွန်ုပ်တို့အား ပေးခဲ့ပါသည်၊ “ကျွန်တော်ချစ်ရတဲ့ညီအစ်ကိုမောင်နှမများခင်ဗျာ ကျွန်တော့်ရဲ့ကတိကတော့၊ သင့်ရဲ့အခြေအနေပေးမှုအရ ဗိမာန်တော်၌ပုံမှန်တက်ရောက်ဝတ်ပြုခြင်းထက် ဘယ်အရာကမှ ပို၍ သံတန်းကိုမြဲမြံစွာ ကိုင်ထားနိုင်ရန် သင့်ကို ကူညီမှာမဟုတ်ပါဘူး။ လောက၏အမှောင်ထုများကို သင်ကြုံတွေ့ရတဲ့အခါ၊ ဘယ်အရာကမှ ထို့ထက်ပို၍ သင့်ကို ကာကွယ်ပေးမှာမဟုတ်ပါဘူး။ ကိုယ်တော်ရှင်ယေရှုခရစ်တော်နှင့် သူ၏အပြစ်ဖြေခြင်းအပေါ် သင်၏သက်သေခံချက်ကို ခိုင်ခံ့စေပြီး သို့မဟုတ် ဘုရားသခင်၏ကြီးမြတ်သော အစီအစဥ်ကို ပို၍နားလည်ရန် ထို့ထက် ဘယ်အရာကမှ သင့်ကို ကူညီပေးမှာမဟုတ်ပါဘူး။ နာကျင်သောအချိန်များမှာ ဘယ်အရာကမှ ထို့ထက် သင့်ရဲ့ဝိညာဥ်ကို ပို၍ ဖြေသိမ့်ပေးနိုင်မှာမဟုတ်ပါဘူး။ ဘယ်အရာကမှ ကောင်းကင်တွေကို ထို့ထက်ပို၍ ဖွင့်ပေးနိုင်မှာမဟုတ်ပါဘူး။ ဘယ်အရာကမှ လုပ်နိုင်ပေးမှာမဟုတ်ပါဘူး။”
အထွေထွေညီလာခံတိုင်းသည် ထပ်ဆင့်ကြွယ်ဝသောကောင်းချီးများကို ယူဆောင်လာပါသည်။ လာမည့် ဧပြီလတွင် ကိုယ်တော်ရှင်၏စကားသံကိုကြားနာရန် အထွေထွေညီလာခံမှာ ကျွန်ုပ်တို့ နောက်တစ်ကြိမ် တွေ့ဆုံကြပါမည်။ ဆုတောင်း၍ ပြင်ဆင်ကာ အထွေထွေညီလာခံသို့ ကျွန်တော်တို့ လာကြပါသည်။ ကျွန်ုပ်တို့ တစ်ဦးစီအတွက် အရေးတကြီးစိုးရိမ်ပူပန်မှုများနှင့် စိတ်အားထက်သန်သော မေးခွန်းများရှိကြပါသည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင် ယေရှုခရစ်တော်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပြန်လည်စတင်ဖို့နှင့် စုံစမ်းနှောင့်ယှက်ခြင်းကို ခုခံရန်ကျွန်ုပ်တို့၏စွမ်းရည်ကို ခွန်အားဖြည့်ပေးဖို့ ကျွန်ုပ်တို့ လာကြပါသည်။ အထက်မှ သင်ကြားခံယူရန် ကျွန်ုပ်တို့လာကြပါသည်။ အထွေထွေညီလာခံ၏ကဏ္ဍများသို့ သင်ပြင်ဆင်ပြီး ဆုတောင်းခြင်းထက်သန်စွာလာသောအခါ၊ သင်၏စိုးရိမ်ပူပန်မှုများအတွက် အဖြေများ သင်ခံစားရပြီး “ကောင်းကင်၏လက်တော်” က သင့်အပေါ်တွင်ရှိကြောင်း သင်သိလာပါလိမ့်မယ်လို့ ကျွန်တော်သင့်ကို ကတိပေးပါသည်။
သင်၏ကောင်းကင်ဘုံရှင်အဘသည် သင့်အား စကားပြောနေကြောင်း ယုံကြည်ပါ။ သူပြောနေပါသည်။ သူနှင့် သူ၏ချစ်သားအပေါ် သင်၏ယုံကြည်ခြင်းသည် ဝိညာဉ်ရေးရာလမ်းညွှန်မှုကို ပိုမိုရရှိနိုင်ပြီး သင့်အဘ၏စကားသံကိုရရှိရန် သင့်ကိုကူညီပါစေ။ သူရှိကြောင်းနှင့် စကားလုံးတွေပြောနိုင်တာထက် သင့်ကို သူပိုချစ်ကြောင်း ကျွန်တော်သက်သေခံပါသည်။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message၊ March 2025။ ၏ဘာသာပြန် Burmese. 19605 256