“ငါသည် သူတို့ကို အနာကင်းစေမည်၊” လီယာဟိုနာ၊ ဖေ၊ ၂၀၂၅။
လစဉ် လီယာဟိုနာ အမှာစကား၊ ဖေဖော်ဝါရီ ၂၀၂၅
“ငါသည် သူတို့ကိုအနာကင်းစေမည်”
ကယ်တင်ရှင်၏ အနာကင်းစေသောအမှုတော်ဆောင်ခြင်းက ရှင်ပြန်ထမြောက်ခြင်းအချိန်မှာ ကျွန်တော်တို့တစ်ဦးစီထံဖြစ်လာမယ့် တည်မြဲသော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အနာကင်းခြင်း၏ မြင့်မြတ်တဲ့ ကြိုတင်သိမြင်မှုနှင့် ကတိတော်တစ်ခုဖြစ်ပါတယ်။
လေကြောင်းလိုင်းကပ္ပတိန် တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့အတတ်ပညာဆိုင်ရာအသက်တာအတွင်း ကျွန်တော်ပျံသန်းခဲ့တဲ့ လေကြောင်းခရီးရှည်တချို့ကို ကျွန်တော်ကောင်းကောင်းမှတ်မိပါသေးတယ်။
အဲ့ထဲက တစ်ကြောင်းမှာတော့ ကျွန်တော် ဂျာမနီကနေ မနက် ၁၁ နာရီတွင် ပျံသန်းခဲ့ပြီး ကယ်လီဖိုးနီးယားကို ည ၁ နာရီမှာ တစ်ရက်တည်း ရောက်ခဲ့ပါတယ်။ ပြည်တွင်းထွက်ခွာချိန်နှင့် ရောက်ရှိချိန်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြောက်အမေရိကတိုက်ကို ဖြတ်သန်းသွားလာတဲ့ လေယာဉ်တစ်စင်းက နှစ်နာရီသာကြာပုံပေါ်နိုင်ပါတယ်။ Boeing 747 က မြန်ပေမယ့် အဲ့လောက်လည်းမမြန်ပါဘူး။ အမှန်ဆိုရင်၊ မိုင် ၅,၆၀၀ (၉,၀၀၀ ကီလိုမီတာ) ခရီးနှင်ဖို့ လေပေါ်မူတည်ပြီး ကျွန်တော်တို့ ၁၁ နာရီခန့်ကြာခဲ့ပါတယ်။
ကျွန်တော်တို့ အနောက်ဘက်ကို ပျံသန်းနေတဲ့အတွက် ကျွန်တော်တို့ရဲ့ လေကြောင်းခရီးစဥ်အတွင်း နေတစ်ခါမှ မဝင်ခဲ့ပါဘူး။ ဂျာမနီကနေ ကယ်လီဖိုးနီးယားအထိ ခရီးစဥ်တစ်လျှောက်လုံး ကျယ်ပြန့်တဲ့နေ့အလင်းရောင်ကို ကျွန်တော်တို့ ခံစားခဲ့ကြပါတယ်။
သို့သော်လည်း ဂျာမနီကို ပြန်သွားခြင်းက လုံးဝခြားနားတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မွန်းလွဲအစောပိုင်းမှာ ထွက်ခွာတဲ့အခါမှာတောင် ကျွန်တော်တို့အရှေ့ဘက်ကိုပျံသန်းတဲ့အခါ နေဝင်ချိန်ဟာ ပုံမှန်ထက် ပိုမြန်လာပြီး ကျွန်တော်တို့မသိလိုက်ခင် ညရောက်နေခဲ့ပါပြီ။
ဒီလေကြောင်းခရီးရှည်များအတွင်း ဒီကမ္ဘာ့ရဲ့လှပမှုနှင့် ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းအစီအစဉ်ကို ကျွန်တော်ဆင်ခြင်တဲ့အခါ ကျွန်တော့်စိတ်ဝိညာဉ်ကို အံ့သြမှုနှင့် မကြာခဏ ပြည့်စေပါတယ်။ ညအချိန် ပျံသန်းနေစဥ်မှာတောင် လုံးဝအမှောင်ထဲမှာ နေပြန်ထွက်လာမယ်၊ တောက်ပတဲ့အလင်းက ပြန်လာပြီး ကျွန်တော်တို့ရဲ့ခရီးစဥ်မဆုံးခင် နေ့သစ်တစ်ရက်ဆီ အသက်တာနှင့် နွေးထွေးမှုကို ဆောင်ကျဉ်းပေးမယ်ဆိုတာ ကျွန်တော်သေချာသိပါတယ်။ ကျွန်တော့်လေကြောင်းခရီးရဲ့ အခြေအနေတွေကြောင့် ပိုပြီးနှေးကွေးစွာ သို့မဟုတ် ပိုပြီးလျင်မြန်စွာ နေဝင်သလိုမျိုး ဖြစ်သွားနိုင်ပါတယ် ဒါပေမယ့် နေဟာ ကောင်းကင်မှာ မပြောင်းမလဲ၊ မြဲမြံပြီး ယုံကြည်စိတ်ချစွာ တည်ရှိနေတယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။
ဘုရားသခင်နှင့်ပတ်သက်ပြီး ကျွန်တော် အလားတူခံစားရပါတယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ သူ့ရဲ့ဖန်ဆင်းခြင်းအားလုံးအတွက် ရည်ရွယ်ချက်ကို ကျွန်တော် လေးနက်စွာ အခိုင်အမာယုံကြည်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့သေခြင်းရှိရာ ဖြစ်တည်ခြင်းအကြောင်း ကျွန်တော်စဉ်းစားတဲ့အခါ တည်မြဲသောငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ဖွယ်မျှော်လင့်ချက်ကို ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့က ဘုရားသခင်ရဲ့သားသမီးများဖြစ်ကြပါတယ်။ သူက ကျွန်တော်တို့ကိုချစ်ပါတယ်။ ကျွန်တော်တို့ရဲ့အခြေအနေတွေကိုသူသိပါတယ်။ သူက ကူညီပေးဖို့အသင့်ဖြစ်နေပါတယ်။ ကျွန်တော်တို့အနီးနားမှာရှိတဲ့ အခြားအရာများက မတည်ငြိမ်ဘဲ ကြိုတင်မခန့်မှန်းနိုင်ပုံပေါက်နေရင်တောင် ဒီအမှန်တရားတွေက မပြောင်းလဲပါဘူး။
ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ရဲ့ငြိမ်သက်ခြင်းကို ခြိမ်းခြောက်နေတဲ့ မှောင်မိုက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် မသေချာမရေရာမှုရဲ့ အခိုက်အတန့်တွေ ကြုံတွေ့ ကြရပါတယ်။ အမှန်တရားနှင့်အလင်းရဲ့ ယုံကြည်စိတ်ချရပြီး စစ်မှန်တဲ့ အရင်းအမြစ်အတွက် ကျွန်တော်ကျေးဇူးတင်ပါတယ် (ရှု သြဝါဒနှင့်ပဋိညာဥ်များ ၈၈:၆–၁၁)။ ယေရှုခရစ်တော်က လောကရဲ့ အလင်းနှင့် အသက်ဖြစ်ပါတယ်။ သူနှင့် သူ့ရဲ့ အပြစ်ဖြေခြင်းယဇ်ကြောင့် ကျွန်တော်တို့မှာ အနာဂတ်အတွက် မျှော်လင့်ချက်၊ ကျွန်တော်တို့ခရီးစဉ်ရဲ့ မှောင်မိုက်တဲ့နေ့ရက်တွေကို တောက်ပစေဖို့ မြင့်မြတ်တဲ့အလင်းကို ရရှိပြီး အပြစ်နဲ့သေခြင်းအပေါ် အပြီးသတ်အောင်ပွဲရဲ့ ကတိရှိပါတယ်။
“လောကသားတို့ကို သူချစ်တော်မူ၏”
ယေရှုခရစ်တော်ဟာ ကမ္ဘာမြေပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ တစ်ဦးတည်းသော စုံလင်တဲ့လူဖြစ်ပါတယ်။ သူ့ရဲ့စုံလင်တဲ့အသက်တာကြောင့် သူဟာတရားမျှတမှုထံ အကြွေးမတင်ခဲ့ပါဘူး။ ကျွန်တော်တို့အပေါ်ထားတဲ့မေတ္တာကြောင့် သေခြင်းမရှိရာနှင့် ထာဝရအသက်အတွက် တံခါးဖွင့်ပေးဖို့ ကျွန်တော်တို့တစ်ဦးစီတိုင်းနှင့် ဘုရားသခင်ရဲ့သားသမီးများအားလုံးအတွက် သူ့ရဲ့အသက်ကို သူပေးခဲ့ပါတယ်။
ကျွန်တော်တို့ကို စာတန်ယုံကြည်စေမယ့်အရာရှိပေမယ့် ကျွန်တော်တို့ တစ်ဦးတစ်ယောက်မှ ကျွန်တော်တို့ကို ကယ်တင်ဖို့ ကယ်တင်ရှင်ရဲ့အစွမ်းထက်ကျော်လွန်ခြင်းမရှိပါဘူး။ ကျွန်တော်တို့တစ်ဦးတစ်ယောက်မှ ခွင့်လွှတ်ခြင်းရဲ့ကျေးဇူးတော်မှ အရည်အချင်းမပြည့်မီတာမရှိပါဘူး။ ကျွန်တော်တို့တစ်ဦးတစ်ယောက်မှ “သူ၏ချစ်ခြင်းလက်များဖြင့် အစဉ်ထာဝရ ပွေ့ထားတော်မူခြင်း” ထက်ကျော်လွန်ခြင်းမရှိပါဘူး။ (၂ နီဖိုင်း ၁:၁၅)။
ဆုကျေးဇူးအားလုံးထဲမှ ဒီအကြီးမြတ်ဆုံး ဆုကျေးဇူးဟာ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းရဲ့ တတ်စွမ်းနိုင်ပြီး ရွေးနုတ်သောတန်ခိုးတော်မှလာပါတယ်။ ဂေသရှေမန်နှင့် ဂေါလဂေါသမှာ ကယ်တင်ရှင်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းကြောင့် ကျွန်တော်တို့ကို ဘယ်လိုကယ်တင်နိုင်ကြောင်းနှင့် ကျွန်တော်တို့ရဲ့ နာမကျန်းခြင်းများအားလုံးမှ ဘယ်လိုကူညီနိုင်ကြောင်း သူသိပါတယ်။ (ရှု အယ်လမာ ၇:၁၂)။
“လောကသားတို့၏အကျိုးအတွက်မှတစ်ပါး၊ အဘယ်အရာကိုမျှ သူပြုတော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောလူသားတို့ကို သူ့ထံသို့ ဆွဲ၍ခေါ်နိုင်ခြင်းငှာ၊ သူ၏အသက်ကိုစွန့်တော်မူ၍ပင်၊ လောကသားတို့ကို ချစ်တော်မူ၏။” (၂ နီဖိုင်း ၂၆:၂၄)။
ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ ခွန်အားဖြစ်ပါတယ်။
သူ လက်ကမ်းကူညီပါတယ်။
သူ ပြန်လည်ဆောင်ယူပါတယ်။
သူ ကယ်တင်ပါတယ်။
“ကယ်တင်ရှင်က လူသားအားလုံးအတွက် [သူ့ရဲ့အပြစ်ဖြေခြင်းယဇ်ကို ပေးခဲ့]တဲ့အခါ၊ သူ့နောက်ကို လိုက်လျှောက်သူတွေ သူ့ရဲ့ အနာငြိမ်းစေခြင်း၊ ခွန်အားဖြည့်ပေးခြင်းနဲ့ ရွေးနုတ်ခြင်းတန်ခိုးတော်ကို ရရှိနိုင်ဖို့ လမ်းတစ်ခုကို သူဖွင့်ပေးခဲ့ပါတယ်၊” လို့ ဥက္ကဋ္ဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်ကပြောခဲ့ပါတယ်။
နေကဲ့သို့ ဒီတန်ခိုးတော်က အမြဲရှိနေပါတယ်။ ၎င်းက ဘယ်တော့မှ မယိမ်းယိုင်ပါဘူး။ ကယ်တင်ရှင်၏ခြေရာကိုလိုက်လျှောက်ရန်ရွေးချယ်မှုက ကျွန်တော်တို့အမှောင်ရိပ်များမှထွက်ပြီး ဘုရားသခင်ရဲ့အလင်း၊ နွေးထွေးမှုနှင့် မေတ္တာ၏ကောင်းချီးများကို ကျွန်တော်တို့ရရှိနိုင်တဲ့ နေရောင်ဆီသို့ လျှောက်သွားခြင်းနှင့်တူပါတယ်။ တစ်နေ့မှာ ကျွန်တော်တို့အတိတ်ကိုပြန်တွေးပြီး ကျွန်တော်တို့ကို ချီးမြှောက်ပြီး ခွန်အားဖြည့်ပေးဖို့ ယေရှုခရစ်တော်နှင့် သူ့ရဲ့မြင့်မြတ်တဲ့မေတ္တာကို ယုံကြည်ဖို့ ထာဝရအရေးကြီးတဲ့ဆုံးဖြတ်ချက် ပြုလုပ်ခဲ့တာကို ကျေးဇူးတင်မှုနဲ့ပြည့်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်။
“ငါ့ထံသို့ ပြန်လာပါ”
မော်မုန်ကျမ်းက ကယ်တင်ရှင်ရဲ့ လက်ဝါးကပ်တိုင်မှာကွပ်မျက်ခြင်းပြီးနောက်ပိုင်း အနက်ဆုံး အမှောင်ထဲမှာ သုံးရက်ကြာနေခဲ့တဲ့ လူများအကြောင်း ပြောပြပါတယ်။ သူတို့ပတ်လည်ရှိ ရုပ်ပိုင်းဆိုင်ရာမှောင်မိုက်ခြင်းက အပြစ်ကြောင့် ကျွန်တော်တို့အားလုံး တွေ့ကြုံရတဲ့ ဝိညာဉ်ရေးဆိုင်ရာမှောင်မိုက်ခြင်းကို ပုံဆောင်နိုင်ပါတယ်။ ထို့နောက် လူတို့က မှောင်မိုက်ထဲမှထွက်လာပြီး သူ့ ရဲ့အလင်းထံသို့ သူတို့ကို ဖိတ်ခေါ်နေတဲ့ ခရစ်တော်ရဲ့အသံကို ကြားခဲ့ကြပါတယ်။
“ငါသည် သင်တို့ကို အနာကင်းစေနိုင်မည့်အကြောင်း၊ သင်တို့သည် ယခုတွင် ငါ့ထံသို့ ပြန်လာ၍၊ သင်တို့၏အပြစ်များမှ နောင်တရ၍ ပြောင်းလဲကြမည်မဟုတ်လော။” ၃ နီဖိုင်း ၉:၁၃။
“ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်ကို ယဇ်အဖြစ် ငါ့ထံသို့ ပူဇော်ပါ” (၃ နီဖိုင်း ၉:၂၀)။
“နောင်တရ၍၊ စိတ်နှလုံးမှ အကြွင်းမဲ့ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့ ပြန်လာကြပါ” (၃ နီဖိုင်း ၁၀:၆)။
ကျွန်တော်တို့ဟာ အမှောင်ထဲမှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးကြောင်း တွေ့ရှိတဲ့အခါ ကယ်တင်ရှင်က ထိုအလားတူဖိတ်ခေါ်ချက်တွေကို ကျွန်တော်တို့အား ဒီနေ့ ကမ်းပေးပါတယ်။ နေထွက်ချိန်တိုင်း နေ့သစ်ရဲ့အစကို မှတ်သားသလိုပဲ ကျွန်တော်တို့ နောင်တရတိုင်း လန်းဆန်းတဲ့စတင်မှုတစ်ခု၊ တောက်ပတဲ့ အစသစ်တစ်ခုကို ကျွန်တော်တို့ရရှိကြပါတယ်။
ဒါက လွယ်တယ်လို့ မဆိုလိုပါဘူး။ နောင်တရခြင်းဟာ ပြောင်းလဲခြင်းကို ဆိုလိုပြီး ပြောင်းလဲခြင်းဟာ လျင်မြန်စွာ မဖြစ်လာပါဘူး။ ပျော်ရွှင်နေသော်လည်း နောင်တရခြင်းမှာ “ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်း” ပါဝင်ပါတယ် (၂ ကောရိန္သုဩဝါဒစာ ၇:၁၀)။ ကျွန်တော်တို့ရဲ့ အမှားတွေကို အသိအမှတ်ပြုဝန်ခံကာ ဘုရားသခင်နှင့် ကျွန်တော်တို့ ထိခိုက်နစ်နာစေခဲ့တဲ့သူတွေဆီကနေ ခွင့်လွှတ်မှုတောင်းခံခြင်း လိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ “စိတ်နှလုံး၌ … ကြီးစွာသောပြောင်းလဲခြင်းကြောင့်၊ အကျွန်ုပ်တို့သည် မကောင်းမှုကို ပြုရန်စိတ်ညွတ်ခြင်းမရှိတော့၊ ကောင်းမှုကိုသာ အစဉ်မပြတ်ပြုလို” တာကို ကြုံတွေ့ရနိုင်ပြီး “ကိုယ်တော်ရှင်အနန္တတန်ခိုးရှင်၏ဝိညာဉ်တော်” ကိုကျွန်တော်တို့ရှာဖွေရန်လိုအပ်ပါတယ် (မောဇိယ ၅:၂)။
ဒီလိုပြောင်းလဲမှုမျိုးဟာ ခရီးရှည်တစ်ခုဖြစ်ပါတယ်၊ ဒါပေမယ့် ပထမခြေလှမ်းကို သင်တို့လှမ်းလိုက်တာနဲ့ “သင်တို့ကယ်တင်ခြင်း၏ ကာလ” စတင်ပြီး “ကြီးမြတ်သည့် ရွေးနုတ်ခြင်းအစီအစဉ်ကို သင်တို့ထံသို့ ချက်ချင်းဖြစ်စေတော်မူလိမ့်မည်။” (အယ်လမာ ၃၄:၃၁)။
ကျွန်တော်တို့ရဲ့ ရိုးသားသောနောင်တရခြင်းအားဖြင့် ဘုရားသခင်က ခွင့်လွှတ်ပြီးကျွန်တော်တို့ရဲ့အပြစ်များကို ထပ်မံမအောက်မေ့တော့ရန် ကတိပေးပါတယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေကို မေ့ပျောက်ဖို့ ကျွန်တော်တို့မှာ အခက်အခဲရှိတဲ့အခါ ခွင့်လွှတ်မည်ဟူသော ကိုယ်တော့်ရဲ့ကတိတော်ကို ယုံကြည်ဖို့နှင့် အခြားသူများနှင့် မိမိကိုယ်တိုင်ကို ခွင့်လွှတ်ရန် သင်ယူဖို့ ကြိုးစားကြရအောင်။
“ကျွန်တော်တို့ အမှားများပြုမိပြီး အပြစ်များကျူးလွန်တဲ့အခါ ကျွန်တော်တို့ရဲ့ဝိညာဥ်တွေ ပျက်စီးသွားပါတယ်” လို့ ဥက္ကဋ္ဌ ဘွိုင်းဒ် ခေ၊ ပက်ခ်ကာ ကသွန်သင်ခဲ့ပါတယ် (၁၉၂၄–၂၀၁၅)။ “သို့သော် ကျွန်တော်တို့ရဲ့သေခြင်းရှိရာခန္ဓာကိုယ်များရဲ့ အခြေအနေနှင့်မတူဘဲ နောင်တရခြင်းဖြစ်စဉ် ပြီးပြည့်စုံတဲ့အခါ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းကြောင့် အမာရွတ်များမကျန်ရစ်ခဲ့ပါ။”
Healing the Blind Man, ကားလ် ဟိုင်းရစ်ခ် ဘလော့ခ် မှ
“ထိုသူတို့ကို ဤအရပ်သို့ဆောင်ယူခဲ့ကြလော့”
ကယ်တင်ရှင်ဟာ အနာကင်းစေသောအရှင်ဖြစ်ပါတယ်။ သူရဲ့အနာကင်းစေသောတန်ခိုးတော်၏ အလှပဆုံးသရုပ်ပြချက်များမှတစ်ခုကို မော်မုန်ကျမ်းရှိ ရှေးအမေရိကတွင် သူကိုယ်တော်တိုင် အမှုတော်ဆောင်ခြင်း၏မှတ်တမ်းမှာ တွေ့ရပါတယ်။
“သင်တို့၌ ဖျားနာသောသူတစ်စုံတစ်ဦးရှိသလော။” သူမေးခဲ့ပါတယ်။ “ထိုသူတို့ကို ဤအရပ်သို့ဆောင်ယူခဲ့ကြလော့။ သင်တို့၌ ခြေမစွမ်းသောသူ၊ သို့မဟုတ် မျက်စိကန်းသောသူ၊ သို့မဟုတ် ခြေဆွံသောသူ၊ သို့မဟုတ် အင်္ဂါ ချို့တဲ့သောသူ၊ သို့မဟုတ် နူသောသူ၊ သို့မဟုတ် ကိုယ်ပိန်ခြောက်သောသူ၊ သို့မဟုတ် နားပင်းသောသူ၊ ဒုက္ခအမျိုးမျိုးရောက်သောသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူတို့ကို ဤအရပ်သို့ ဆောင်ယူခဲ့ကြလော့။ ငါသည် သူတို့ကို အနာကင်းစေမည်။ အကြောင်းမူကား၊ ငါသည် သင်တို့ကို သနားတော်မူ၏။ ငါ၏ဝမ်းသည် ကရုဏာတော်နှင့်ပြည့်၏။ …
“ဤသို့အားဖြင့်အချိန်တန်လာသောအခါ၊ သူက ထိုကဲ့သို့အားဖြင့် ဟောပြောပြီးလျှင်၊ ခပ်သိမ်းသောလူအစုအဝေးသည် မိမိတို့၏ဖျားနာသောသူများနှင့် မိမိတို့၏ဒုက္ခရောက်သောသူများနှင့်၊ ထို့အတူ မိမိတို့၏ခြေမစွမ်းသောသူများ၊ ထို့အတူ မိမိတို့၏မျက်စိကန်းသောသူများနှင့်၊ ထို့အတူ မိမိတို့၏ဆွံ့အသောသူများနှင့်၊ ထို့အတူ၊ အမျိုမျိုးသောဒုက္ခရောက်ကြသောသူခပ်သိမ်းတို့နှင့် တညီတညွတ်တည်း ရှေ့သို့ထွက်လာကြ၏။ သူသည်လည်း မိမိထံသို့ သူတို့ထွက်လာလေသောအခါ၊ ထိုသူတို့အယောက်တိုင်းကို အနာကင်းစေ၏။” (၃ နီဖိုင်း ၁၇:၇၊ ၉)။
ကယ်တင်ရှင်က “ဒုက္ခအမျိုးမျိုးရောက်သောသူ” မည်သူ့ကိုမဆို အနာကင်းစေတဲ့အခါတိုင်း သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်း မတိုင်မီနှင့်နောက်ပိုင်း နှစ်ခုစလုံးမှာ ဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေကို အနာကင်းစေဖို့ သူ့ရဲ့ အဆုံးစွန်သောတန်ခိုးတော်ကို သက်သေပြချက်တစ်ခု ဖြစ်ပါတယ်။ အံ့ဖွယ်အနာကင်းစေမှုတစ်ခုစီဟာ ရှင်ပြန်ထမြောက်ခြင်းအချိန်မှာ ကျွန်တော်တို့တစ်ဦးစီထံဖြစ်လာမယ့် တည်မြဲသော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အနာကင်းခြင်း၏ ကြိုတင်သိမြင်မှုနှင့် ကတိတော်တစ်ခုသာဖြစ်ပါတယ်၊ ၎င်းက “ကိုယ်တော်ရှင်ရဲ့ ပြီးပြည့်စုံတဲ့ အနာကင်းခြင်းလုပ်ရပ်ဖြစ်ပါတယ်။”
ဒီဘဝမှာ အနာကင်းခြင်းအတွက် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ကျွန်တော်တို့ မျှော်လင့်ထားတဲ့နည်းနဲ့ အမြဲတမ်း အဖြေမရဘူးဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ၎င်းတို့ကို ဘယ်တော့မှ လျစ်လျူမရှုထားပါဘူး။ ညအမှောင်ထုဟာ အချိန်တန်တဲ့အခါ ခမ်းနားထည်ဝါတဲ့ နေထွက်ချိန်ကို လမ်းကြောင်းပေးရသလို အနာကင်းခြင်းအတွက်အချိန် ရောက်လာပါလိမ့်မယ်။
ဥက္ကဋ္ဌ နယ်လ်ဆင် သက်သေခံခဲ့တဲ့အတိုင်း “ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ဘယ်တော့မှ တန်ဖိုးမထားဘဲ မနေပါဘူး။ ပညာအလုံးစုံနှင့် ပြည့်စုံသော ကောင်းကင်ဘုံရှင်အဘရဲ့ ရှုထောင့်က ကျွန်တော်တို့ထက် ပိုပြီးကျယ်ပြန့်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ရဲ့သေခြင်းရှိရာ ပြဿနာများနှင့် နာကျင်မှုများကို ကျွန်တော်တို့သိရှိကြတဲ့အချိန်မှာ၊ ကျွန်တော်တို့ရဲ့မသေနိုင်သောတိုးတက်မှုနှင့် အလားအလာရှိခြင်းတို့ကို သူသိပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့အလိုတော်ကိုသိပြီး ၎င်းထံ စိတ်ရှည်မှုနှင့် ရဲစွမ်းသတ္တိဖြင့် မိမိကိုယ်ကိုအပ်နှံမယ်ဆိုရင် ကောင်းကင်မှအနာကင်းခြင်းဟာ ကိုယ်တော့်ရဲ့ကိုယ်ပိုင်နည်းလမ်းနှင့် အချိန်မှာ ဖြစ်ပေါ်နိုင်ပါတယ်။”
မကြာသေးခင်က ကျွန်တော့်ဇနီး ဟယ်ရီရက်နဲ့ ကျွန်တော်ဟာ ကျွန်တော်တို့ရဲ့ဆုတောင်းချက်တွေမှာ အထူးမျှော်လင့်ချက်နဲ့ ကျွန်တော်တို့ချစ်ရတဲ့သူတချို့ရဲ့ကိုယ်စား အသနားခံတောင်းလျှောက်ခြင်းကိုထည့်သွင်းခဲ့ကြပါတယ်။ သူတို့ရဲ့ရောဂါတွေကို ကုသပေးဖို့ သူတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို အထူးစွမ်းရည်ပေးရန် ကျွန်တော်တို့ဆုတောင်းခဲ့ကြပါတယ်။ ချက်ချင်းကုသမှု သို့မဟုတ် ပြန်လည်နာလန်ထူမှု မဖြစ်လာရင်တောင် ကယ်တင်ရှင်ရဲ့ အနာကင်းစေသောတန်ခိုးတော်က သူတို့ကို နှစ်သိမ့်မှုနဲ့ ငြိမ်သက်မှု ယူဆောင်လာပေးနိုင်ကြောင်း ထည့်သွင်းဖို့ ကျွန်တော်တို့ စိတ်ထက်သန်ခဲ့ကြပါတယ်။ ကယ်တင်ရှင်ရဲ့ရွေးနုတ်ခြင်းတန်ခိုးတော်၏ အနာကင်းစေသောအကျိုးဆက်က ကျွန်တော်တို့ ရရှိနိုင်တဲ့ လောကမှာရှိတဲ့ မည်သည့်ကုသမှု ထက်မဆို ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ပိုပြီးကြီးမားတဲ့ အကျိုးသက်ရောက် မှုရှိနိုင်ပါတယ်။ ယေရှုခရစ်တော်ဟာ ဒီဘဝနှင့် ထာဝရမှာ အနာကင်းစေသူဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ညီအစ်ကိုမောင်နှမများနှင့် ချစ်ရတဲ့ မိတ်ဆွေများခင်ဗျာ၊ ကျွန်တော်တို့ကယ်တင်ရှင်ရဲ့ ကရုဏာတော်ဟာ သင်တို့ရဲ့ဒဏ်ရာတွေကို ကုသပေးဖို့၊ သင်တို့ကိုအပြစ်မှ သန့်စင်စေဖို့၊ လာမယ့် စမ်းသပ်မှုတွေအတွက် သင်တို့ကိုခွန်အားဖြည့်ပေးဖို့နှင့် မျှော်လင့်ခြင်း၊ ဉာဏ်ပညာနဲ့ သူ့ရဲ့ငြိမ်သက်ခြင်းဖြင့် သင်တို့ကိုကောင်းချီးပေးဖို့ လုံလောက်ကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့မေတ္တာ၊ အလင်းနှင့် နွေးထွေးမှုမှ ဝေးကွာတယ်လို့ ခဏတာ ကျွန်တော်တို့ခံစားနေချိန်၌ပင် သူ့ရဲ့တန်ခိုးတော်ဟာ—တည်မြဲပြီး ယုံကြည်စိတ်ချစွာ—အမြဲရှိနေပါတယ်။
ကျွန်တော်တို့အတွက် ယေရှုခရစ်တော် ပြုခဲ့သောအရာအားလုံးအတွက် ကျွန်တော်တို့ရဲ့ အံ့သြ မိန်းမောခြင်းနှင့် လေးနက်သောကျေးဇူးတင်မှုကို ကျွန်တော်တို့ဘယ်တော့မှ မပျောက်ဆုံးဖို့ ကျွန်တော်ဆုတောင်းပါတယ်။ သင်ကို အပြည့်အဝချစ်ကြောင်း ကျေးဇူးပြု၍ သိပြီး သင့်ကိုပေးထားတဲ့ ထာဝရကတိတော်များကို သတိရပါ။
“သူ့သားတော် ယေရှုခရစ်တော်၌ ဝမ်းမြောက်ခြင်းအားဖြင့် သင်တို့၏ဝန်များကို ပေါ့နိုင်စေကြောင်း၊ ဘုရားသခင်သည် သင်တို့ကို အခွင့်ပေးတော်မူပါစေ။” (အယ်လမာ ၃၃:၂၃)။
© ၂၀၂၅ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, February 2025. ၏ဘာသာပြန် Burmese. 19609 256