2024
ယေရှုခရစ်တော်သည် “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊” “ကောင်းမြတ်သော၊” “သာ၍မြတ်သောမျှော်လင့်ခြင်း“ ၏ အရင်းအမြစ်ဖြစ်သည်
ဒီဇင်ဘာ ၂၀၂၄


“ယေရှုခရစ်တော်သည် ‘အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော,’ ၊ ‘ကောင်းမြတ်သော၊,’ ‘သာ၍မြတ်သောမျှော်လင့်ခြင်း ’၏ အရင်းအမြစ်ဖြစ်သည်” လီယဟိုနာ၊ ဒီ၊ ၂၀၂၄။

လစဉ် လီယဟိုနာ အမှာစကား၊ ဒီဇင်ဘာ ၂၀၂၄

ယေရှုခရစ်တော် သည် “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊” “ကောင်းမြတ်သော၊” “သာ၍မြတ်သောမျှော်လင့်ခြင်း”၏ အရင်းအမြစ်ဖြစ်သည်

ဗက်လင်မြို့၌ သူငယ်တော်ဖွားမြင်ခြင်းကို ဂုဏ်ပြုသည့် ဤအထူးရာသီတွင်၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့်ရွေးနှုတ်ရှင်ဖြစ်ရန် ဤလောကသို့ကြွလာကြောင်း ကျွန်ုပ်တို့အမြဲ‌အောက်မေ့နိုင်ပါစေ။

သူငယ်တော်ယေရှုနှင့်အတူ မာရိနှင့် ယောသပ်

ရှားလတ် အန်းဒရပ်စ် ၏ ဖွားမြင်ခြင်း

တမန်တော်ပေတရုနှင့် မော်မုန်ပရောဖက်များဖြစ်သည့် ယာကုပ်နှင့် မော်ရော်နိုင်းတို့သည် ခရစ်တော်၌မျှော်လင့်ခြင်း၏ ဝိညာဉ်ရေးရာဆုကျေးဇူးကို အလားတူအသုံးဝင်သည့်နည်းလမ်းများဖြင့် ဖော်ပြကြပါသည်။

ဥပမာအားဖြင့်၊ “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း” ဟု ရှင်ပေတရုက ကြေညာခဲ့သည် (၁ ရှင်ပေတရု ၁း၃၊ အလေးပေးဖော်ပြထားသည်)။ “မျှော်လင့်ခြင်း”ကိုဖော်ပြရန် “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော”ဟူသည့် စကားလုံးကိုအသုံးပြုကြောင်း ကျေးဇူးပြု၍ သတိရပါ။

“သို့ဖြစ်၍၊ ချစ်လှစွာသော​ညီအစ်ကိုတို့၊ သူ၏​တစ်ပါးတည်းသော သားတော်ဖြစ်သည့် ခရစ်တော်၏​အပြစ်ဖြေခြင်း​မင်္ဂလာ​အားဖြင့် သူ့ထံသို့ မိတ်သဟာယဖွဲ့​ကြလော့၊ သင်တို့သည် ခရစ်တော်၌​ရှိတော်မူသော ရှင်ပြန်ထမြောက်ခြင်း​တန်ခိုးတော်​အတိုင်း ရှင်ပြန်​ထမြောက်ခြင်းကို ရရှိ​နိုင်ကြ၏။ သင်တို့သည် ယုံကြည်ခြင်း​ရှိလျက်၊ ဇာတိ​ကိုယ်ခန္ဓာ​အားဖြင့် သူကိုယ်တိုင်​ထင်ရှားစွာပြ​တော်မမူမီတွင် သူ၏​ဘုန်းတော်၌ ခိုင်မြဲသော​မျှော်လင့်ချက် ကို ရရှိကြသော​ကြောင့် ခရစ်တော်၏​အဦးသီးများ​အဖြစ် ဘုရားသခင်​ထံသို့ ဆက်ကပ်ကြလော့” ဟု ရှင်ယာကုပ်က ထုတ်ဖော်ကြေညာခဲ့ပါသည် (ယာကုပ် ၄း၁၁၊ အလေးပေးဖော်ပြထားသည်)။ “မျှော်လင့်ခြင်းကို ဖော်ပြရန် “ခိုင်မြဲသော” ဟူသည့် စကားလုံးကိုအသုံးပြုကြောင်း ကျေးဇူးပြု၍သတိရပါ။

“ကိုယ်တော်သည် လူသားအတွက် အိမ်တစ်အိမ်ကို၊ အမှန်စင်စစ်၊ ကိုယ်တော့်ခမည်းတော်၏ နေစရာအခန်းများ၌ပင် ပြင်ဆင်ထားတော်မူလျက်၊ ထိုအိမ်၌ လူသားသည် သာ၍မြတ်သော မျှော်လင့်ခြင်း ရှိနိုင်ကြောင်း မိန့်တော်မူသည်ကိုလည်း အကျွန်ုပ်သတိရပါ၏။ သို့ဖြစ်၍၊ လူသားသည် မျှော်လင့်ခြင်းရှိရမည်။ သို့မဟုတ်လျှင်၊ သူသည် ကိုယ်တော်ပြင်ဆင်သည့် အရပ်၌ အမွေခံရာကို ရလိမ့်မည်မဟုတ်ပါ”ဟု မော်ရော်နိုင်းက ဖော်ပြခဲ့သည် (ဧသာ ၁၂း၃၂၊ အလေးပေးဖော်ပြထားသည်)။ “မျှော်လင့်ခြင်း”ကိုဖော်ပြရန် “သာ၍မြတ်သော” ဟူသည့် စကားလုံးကိုအသုံးပြုကြောင်း ကျေးဇူးပြု၍ သတိရပါ။

ယေရှုခရစ်တော်၌ မျှော်လင့်ခြင်းဆိုသည်မှာ အဘယ်နည်း။

ခရစ်တော်၌မျှော်လင့်ခြင်း၏ ဝိညာဉ်ရေးရာဆုကျေးဇူးသည် သန့်ရှင်းသောမေရှိယ၏ “ကောင်းမှုများ၊ ကရုဏာတော် နှင့် ကျေးဇူးတော်”(၂ နီဖိုင်း ၂း၈) တို့အားဖြင့် ဝမ်းမြောက်ဖွယ်ကောင်းသော ထာဝရအသက်တာကို ရည်မှန်းခြင်း နှင့် ဖြောင့်မတ်ခြင်း၏ ကတိတော်ပြုထားသောကောင်းချီးများကို ပြင်းပြစွာလိုလားခြင်း ဖြစ်သည်။ ဤကျမ်းပိုဒ်များထဲမှ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊ ကောင်းမြတ်သော၊ သာ၍မြတ်သော ဟူသည် တြိယာဝိသေသနများသည် ယေရှုခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ထာဝရအသက်တာ၏ အစဉ်တိုးပွားနေပြီး အားအင်ပြည့်ဝသည့် အာမခံချက် ဖြစ်ကြောင်း ရည်ညွှန်းကြပါသည်။

ပရောဖက်မော်မုန်ရှင်းပြခဲ့သည်မှာ၊

“ထိုမှတစ်ဖန်၊ ငါ၏ချစ်လှစွာသောညီအကိုတို့၊ မျှော်လင့်ခြင်းအကြောင်းကို သင်တို့အား ငါပြောလို၏။ သင်တို့၌ မျှော်လင့်ခြင်းမရှိကြလျှင်၊ ယုံကြည်ခြင်းကို အဘယ်သို့အားဖြင့်၊ ရရှိနိုင်ကြမည်နည်း။

“ထို့အတူ၊ သင်တို့သည် အဘယ်အရာကို မျှော်လင့်ကြမည်နည်း။ ရှုလော့၊ သင်တို့ကို ငါဆိုသည်မှာ၊ သင်တို့သည် ခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် သူ၏ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော်တို့အားဖြင့် အသက်ထာဝရရှင်ရာသို့ ထမြောက်စေဖို့ မျှော်လင့်ခြင်းရှိကြလိမ့်မည်။ ဤအမှုသည်ကား၊ ကတိတော်အတိုင်း သူ့ကို သင်တို့၏ယုံကြည်ခြင်းကြောင့်ပေတည်း။

“သို့ဖြစ်၍၊ အကြင်လူသည် ယုံကြည်ခြင်းရှိလျှင်၊ မျှော်လင့်ခြင်းရှိဖို့ လိုအပ်၏။ အကြောင်းမူကား၊ ယုံကြည်ခြင်းမရှိဘဲနှင့် အဘယ်မျှော်လင့်ခြင်းမျှမရှိနိုင်။” (မော်ရော်နိုင်း ၇း၄၀-၄၂)။

ခမည်းတော်၏ ပျော်ရွှင်ခြင်းအစီအစဉ်

အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊ ကောင်းမြတ်သော၊ သာ၍မြတ်သော ခရစ်တော်၌မျှော်လင့်ခြင်းသည် ဘုရားသခင် ထာဝရခမည်းတော် ရှင်သန်ကြောင်း သိရှိခြင်းမှ စတင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ခမည်းတော်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သူ၏သားသမီးများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပကတိ ဝိညာဉ်သားသမီးများဖြစ်ကြပြီး သူ၏ ကောင်းမြတ်သောအရည်အသွေးများကို ဆက်ခံရရှိထားပါသည်။

ခမည်းတော်သည် ပျော်ရွှင်ခြင်းအစီအစဉ်၏ ကလောင်ရှင်ဖြစ်ပါသည် (ရှု အာဗြဟံ ၃း၂၂–၂၈)။ ဘုရားသခင်၏ဝိညာဉ်သားသမီးများအနေဖြင့်၊ ကျွန်ုပ်တို့သည် “ သူ၏အစီအစဉ်အား လက်ခံခဲ့သည်၊ ထိုအစီအစဉ်အားဖြင့် သူ၏သားသမီးများသည် စုံလင်ခြင်းသို့ ဆက်လက်ရောက်ရှိကာ အဆုံးတွင် ထာဝရအသက်တာကို ဆက်ခံသူများအဖြစ် သူတို့၏မြင့်မြတ်သောကံကြမ္မာကို နားလည်သဘောပေါက်စေရန် ရုပ်ခန္ဓာ နှင့် လောကီအတွေ့အကြုံကို ရရှိနိုင်မည်ဖြစ်သည်။” ကျမ်းစာများတွင်၊ ကျွန်ုပ်တို့သင်ယူခဲ့ရသည်မှာ၊ “ခမည်းတော်သည် လူသား၏ ကိုယ်ခန္ဓာကဲ့သို့ပင် ထိနိုင်သိနိုင်သည့် အသားနှင့်အရိုးတို့ရှိသည့် ကိုယ်ခန္ဓာရှိသည်၊ သားတော်၌လည်းရှိသည်” (ဩဝါဒနှင့်ပဋိညာဉ်များ ၁၃၀း၂၂)။ သို့ဖြစ်၍၊ ရုပ်ခန္ဓာများရရှိခြင်းသည် ကျွန်ုပ်တို့၏မြင့်မြတ်သောကံကြမ္မာသို့ တိုးတက်ခြင်းဖြစ်စဉ်တွင် မရှိမဖြစ်လိုအပ်သည်။

ကျွန်ုပ်တို့သည် ခန္ဓာနှင့်ဝိညာဉ် နှစ်မျိုးရှိသော ဖြစ်တည်မှုများဖြစ်သည်။ ကျွန်ုပ်တို့၏ ထာဝရအစိတ်အပိုင်းဖြစ်သည့်၊ ကျွန်ုပ်တို့၏ ဝိညာဉ်များကို ၊ သေခြင်းတရား၏ လိုအင်နှင့်တပ်မက်မှုများကို ဖြစ်စေသည့် ရုပ်ခန္ဓာများဖြင့် ဖုံးလွှမ်းထားသည်။ ခမည်း‌တော်၏ ပျော်ရွှင်ခြင်းအစီအစဉ်သည် သူ၏သားသမီးများအတွက် လမ်းညွှန်မှုပေးရန်၊ ရှင်ပြန်ထမြောက်ပြီး မြင့်မြတ်သောခန္ဓာများဖြင့် သူ့ထံဘေးကင်းစွာပြန်လာနိုင်ရန်၊ ထာဝရဝမ်းမြောက်ခြင်းနှင့်ပျော်ရွှင်ခြင်း၏ ကောင်းချီးများကို လက်ခံရရှိရန် ရေးဆွဲထားခြင်းဖြစ်သည်။

သူငယ်တော်ယေရှုနှင့်မာရိ

ရှားလတ် အန်းဒရပ်စ်၏ သူငယ်တော်ယေရှု

ခမည်းတော်၏အစီအစဉ်၌ ယေရှုခရစ်တော်၏ ရွေးနှုတ်ခြင်းကဏ္ဍ

ယေရှုခရစ်တော်သည် ထာဝရခမည်းတော်၏ တစ်ဦးတည်းသောသားတော်ဖြစ်သည်။ သူ့ခမည်းတော်၏ ဆန္ဒကိုဖြည့်ဆည်းရန် သူသည် လောကသို့ ကြွလာခဲ့သည် (ရှု ၃ နီဖိုင်း ၂၇း၁၃)။ ယေရှုခရစ်တော်သည် လူသားမျိုးနွယ်အားကယ်တင်ခြင်းနှင့် စပ်ဆိုင်သည့် အရာအားလုံးတွင် ခမည်းတော်၏ ပုဂ္ဂိုလ်ရေးရာ ကိုယ်စားလှယ်အဖြစ် ဘိသိက်အပ်နှင်းခံရသူဖြစ်သည်။ သူသည် သေခြင်းနှင့်အပြစ်ကို ‌အောင်နိုင်ခဲ့သောကြောင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင် ဖြစ်ပါသည်။

မေရှိယ၏ ကယ်တင်ခြင်းအမှုနှင့် စပ်လျဉ်း၍ အယ်လမာသည် ဂိဒေါင်၏လူမျိုးများကို ပရောဖက်ပြု၍ပြောခဲ့သည်မှာ၊

“သူသည်လည်း နာကျင်မှုများ၊ ဆင်းရဲဒုက္ခများနှင့် စုံစမ်းခြင်းအမျိုးမျိုးကို ခံစားလျက် ထွက်သွားလိမ့်မည်။ ဤအရာသည်ကား၊ သူ့လူမျိုးတို့၏နာကျင်မှုများနှင့် ဖျားနာခြင်းတို့ကို သူ့အပေါ်၌ ခံယူလိမ့်မည်ဟု မိန့်တော်မူသော နှုတ်ကပတ်တော်ကို ပြီးပြည့်စုံစေခြင်းငှာပေတည်း။

“သူသည် မိမိလူမျိုးတို့ကို ချည်နှောင်သည့် သေခြင်း၏ကြိုးများကို ဖြေလွှတ်နိုင်တော်မူခြင်းငှာ၊ သေခြင်းကိုလည်း သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။ လူ့ဇာတိအတိုင်း သူ၏ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏အနာရောဂါဝေဒနာများအလျောက်၊ လူဇာတိအတိုင်း အဘယ်သို့အားဖြင့် မစရမည်ကိုသိနိုင်ခြင်းငှာလည်းကောင်း၊ သူတို့၏အနာရောဂါဝေဒနာများကို သူ့အပေါ်၌ ခံယူတော်မူလိမ့်မည်။

“ယခုတွင်၊ ဝိညာဉ်တော်သည် ခပ်သိမ်းသော​အရာတို့ကို သိတော်မူ၏။ သို့သော်လည်း၊ ဘုရားသခင်၏​သားတော်သည် သူ့လူမျိုးတို့၏​အပြစ်များကို သူ့အပေါ်၌ ခံယူနိုင်ခြင်းငှာ​လည်းကောင်း၊ သူ၏​ကယ်လွှတ်​တော်မူခြင်း တန်ခိုးနှင့်​အညီ၊ သူတို့၏​လွန်ကျူးခြင်းများကို ပယ်ဖျောက်နိုင်​စေခြင်းငှာ​လည်းကောင်း လူဇာတိ​အတိုင်း ဒုက္ခ​ဝေဒနာ​ခံစားတော်မူ၏။”(အယ်လမာ ၇း၁၁-၁၃)။

ဧဝံဂေလိ၏ ပထမဆုံးဥပဒေသည် သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်းဖြစ်ပါသည်။ စစ်မှန်သောယုံကြည်ခြင်းသည် ကယ်တင်ရှင်အပေါ် ဗဟိုပြုပြီး ကျွန်ုပ်တို့အား သေခြင်းမှကယ်တင်နိုင်သော၊ အပြစ်မှသန့်ရှင်းစေနိုင်သော၊ ကျွန်ုပ်တို့ထက်သာလွန်သောခွန်အားဖြင့် ကောင်းချီး‌ပေးနိုင်သော သူ၏တန်ခိုးအား အပြည့်အဝယုံကြည်ရန် နှင့် ကျွန်ုပ်တို့အား သူ့ထံကိုးစားရန် စွမ်းဆောင်နိုင်သည်။

“ထို့အတူ၊ ယေရှု​ခရစ်တော်​အားဖြင့် ဖြစ်​လာသည့် လူ​သား​ကို​ရွေး​နှုတ်ခြင်း​ကြောင့်၊ သူတို့သည် ကိုယ်တော်ရှင်၏​မျက်​မှောက်သို့ ပြန်​လည်​ဆောင်​ယူ​ခံရ၏။ ဤအရာ​သည်ကား၊ လူ​သား​ခပ်သိမ်းတို့ ရွေးနှုတ်ခြင်း​ခံရာ​လမ်း​ဖြစ်၏။ ခရစ်တော်၏​သေခြင်းက အဆုံး​မရှိ​သည့် အိပ်​ပျော်ခြင်းမှ ရွေး​နှုတ်တော်မူခြင်းကို ဖြစ်​ပေါ်စေ​သည့်၊ ရှင်​ပြန်​ထ​မြောက်ခြင်းကို ဖြစ်​ပေါ်​စေသော​ကြောင့်၊ လူ​သား​ခပ်သိမ်းတို့သည် တံပိုး​မှုတ်သော​အခါ၌ ဘုရားသခင်၏​တန်ခိုးတော်​အားဖြင့်၊ ထို​အိပ်​ပျော်ခြင်းမှ နိုး​ထ​ရလိမ့်မည်။ သူတို့ အကြီး​အငယ်​မှန်သမျှတို့​သည်​လည်း ထွက်​လာ၍၊ ဇာတိ​ပကတိ​သေခြင်း​ဖြစ်သည့် ထာဝရ​သေခြင်း၏​ကြိုးမှ ရွေးနှုတ်ခြင်းနှင့် ဖြေ​လွှတ်ခြင်းကို ခံရလျက်၊ သူ၏​တရား​စီရင်ရာ​တိုင်ရှေ့၌​ရပ်​ရ​လိမ့်မည်။” ဟု မော်ရော်နိုင်းက သက်သေခံခဲ့သည် (မော်မုန် ၉း၁၃)။

ကယ်တင်ရှင်သည် သေခြင်းအချူပ်အနှောင်များကို ချိုးဖျက်ခဲ့ကြောင်း ကျွန်ုပ် သက်သေခံပါသည်။ သူသည် ရှင်ပြန်ထမြောက်ခဲ့၏၊ သူသည် အသက်ရှင်၏၊ သူသည် အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊ ကောင်းမြတ်သော၊ သာ၍မြတ်သော မျှော်လင့်ခြင်း ဖြစ်၏။

စိတ်ဝိညာဉ်များ၏‌ကျောက်ဆူး

“သို့ဖြစ်၍၊ ဘုရားသခင်၌ ယုံကြည်သူမှန်သမျှသည် သာ၍ကောင်းမြတ်သောလောကကို၊ အမှန်စင်စစ်၊ ဘုရားသခင်၏လက်ယာတော်ဘက်နေရာကိုပင် ဧကန်အမှန်မျှော်လင့်နိုင်ကြ၏၊ ထိုမျှော်လင့်ခြင်းသည် ယုံကြည်ခြင်းမှလာ၍၊ လူတို့ကို ခိုင်ခန့်ပြီး မြဲမြံခြင်းကို ဖြစ်စေ၍၊ ကောင်းမြတ်သောအမှုများနှင့် အစဉ်အမြဲကြွယ်ဝလျက်၊ ဘုရားသခင်ကို ချီးမွမ်းစေခြင်းငှာ လမ်းညွှန်မည့် လူသားတို့စိတ်ဝိညာဉ်များ၏ ကျောက်ဆူးကို ဖြစ်စေ၏။”ဟူ၍ ပရောဖက်ဧသာက သက်သေခဲ့သည်။ (ဧသာ ၁၂း၄၊ အလေးပေးဖော်ပြထားသည်)။

ဗက်လင်မြို့၌ သူငယ်တော်ဖွားမြင်ခြင်းကို ဂုဏ်ပြုသည့် ဤအထူးရာသီတွင်၊ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့်ရွေးနှုတ်ရှင်ဖြစ်ရန် ဤလောကသို့ကြွလာကြောင်း ကျွန်ုပ်တို့အမြဲ‌အောက်မေ့နိုင်ပါစေ။ သူသည် ကျွန်ုပ်တို့အား အဖိုးမဖြတ်နိုင်သော ဝိညာဉ်ရေးရာဆုကျေးဇူးများဖြစ်သည့် အသက်၊ အလင်း၊ ပြန်လည်ဆန်းသစ်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း၊ ရှုထောင့်၊ ဝမ်းမြောက်ခြင်းနှင့် မျှော်လင့်ခြင်းတို့ကို ပေးသနားတော်မူပါသည်။

ကိုယ်တော်၏အပြစ်ဖြေပေးဆပ်ခြင်းနှင့် ပကတိရှင်ပြန်ထမြောက်ခြင်း နှင့် စပ်လျဉ်းသော ခေတ်‌‌ဟောင်း နှင့် ခေတ်သစ် ပရောဖက်များ၏ သင်ကြားချက်များနှင့် သက်သေခံချက်များကို လေ့လာခြင်းအားဖြင့် ကယ်တင်ရှင်၌ မျှော်လင့်ခြင်း၏ ဝိညာဉ်ရေးရာဆုကျေးဇူးကို လျော်ကန်စွာရှာဖွေရန် သင်တို့အား ကျွန်ုပ်ဖိတ်ခေါ်ပါသည်။ သင်သည် ထိုသို့ပြုခြင်းအားဖြင့်၊ ရွေးနှုတ်ရှင်၏ ကောင်းမြတ်မှုအကြောင်း သင်၏သက်သေချက်သည် ခိုင်မာလာပါလိမ့်မည်၊ သူ့ထံသို့ သင်၏ပြောင်းလဲခြင်းသည် နက်ရှိုင်းလာပါလိမ့်မည် ၊ သူ၏ရဲရင့်သောသက်သေခံတစ်ဦးအဖြစ် ရပ်တည်လိုသည့် သင်၏လိုအင်ဆန္ဒနှင့်စိတ်ပိုင်းဖြတ်မှုသည် ကြီးထွားလာလိမ့်မည်ဖြစ်ကာ၊ သင်၏စိတ်ဝိညာဉ်၏ ကျောက်ဆူးဖြစ်သော အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊ကောင်းမြတ်သော၊ သာ၍မြတ်သော မျှော်လင့်ခြင်းဖြင့်ပင် ကောင်းချီပေးခံရပါလိမ့်မည် ဟု ကျွန်ုပ်ကတိပေးနိုင်ပါတယ်။

ခေတ်အဆက်ဆက်တွင် ကိုယ်တော့်အားသက်သေခံခဲ့သည့် တမန်တော်များနှင့်အတူ၊ ယေရှုခရစ်တော်သည် အသက်ရှင်သောဘုရား၏ အသက်ရှင်သောသားဖြစ်ကြောင်း ကျွန်ုပ်၏သက်သေခံချက်ကို ဝမ်းမြောက်ဝမ်းသာ ကြေညာပါသည်။ ကိုယ်တော်သည် ဘုန်းထင်ရှားပြီး၊ထိနိုင်သိနိုင်သည့် လူ့ဇာတိနှင့်အရိုး ကိုယ်ခန္ဓာရှိသည့် ကျွန်ုပ်တို့၏ ရွေးနှုတ်ရှင်ဖြစ်ပါသည်။ တဖန် ရွေးနှုတ်ခြင်းနှင့် ဘုရားသခင်နှင့်ပြန်လည်ပေါင်းစည်းခြင်းကြောင့်၊ ကိုယ်‌တော်ရှင်သည် ခပ်သိမ်းသောလူသားမျိုးနွယ်တို့အတွက်၊ “လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့” ဟူသည့် အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော၊ကောင်းမြတ်သော၊ သာ၍မြတ်သော မျှော်လင့်ခြင်းနှင့် ဝိညာဉ်ရေးရာအာမခံချက်ကို ရရှိစေပါသည် (၁ ကောရိန္သု ၁၅း၂၂)။

မှတ်စု

  1. မိသားစု၊ လောကသို့ ကြေညာချက်၊ ဧဝံ‌‌‌‌ဂေလိတရားတော်စာကြည့်တိုက်။” ဧဝံဂေလိတရားတော် စာကြည့်တိုက်။