“ယေရှုခရစ်တော်၌ ညီညွတ်ခြင်းစံနမူနာ၊” လီယဟိုနာ၊အောက်၊၂၀၂၄။
လစဉ် လီယဟိုနာ အမှာစကား၊ အောက်တိုဘာ ၂၀၂၄
ယေရှုခရစ်တော်၌ညီညွတ်ခြင်းစံနမူနာ
စတုတ္ထနီဖိုင်းမှာပါတဲ့ လူမျိုးတွေလိုပဲ ယေရှုခရစ်တော်ထံမှာ ကျွန်တော်တို့ညီညွတ်တာနဲ့အမျှ၊ ကျွန်တော်တို့ရဲ့တစ်လုံးတစ်ဝတည်းဖြစ်လိုတဲ့ဆန္ဒက ကျွန်တော်တို့ရဲ့ ကွဲပြားမှုတွေကို အစားထိုးသွားပြီး ပျော်ရွှင်ခြင်းကို ဦးတည်ပါလိမ့်မယ်။
ကမ္ဘာအနှံ့ သဘောထားကွဲလွဲမှုတွေနဲ့အငြင်းပွားမှုတွေ အရှိန်အဟုန်နဲ့ပျံနှံ့နေတဲ့ ခေတ်မှာ ကျွန်တော်တို့နေထိုင်ကြပါတယ်။ နည်းပညာနဲ့ စိတ်နှလုံးအေးစက်မာကျောတဲ့လူတွေရဲ့ အားပေးကူညီမှုကြောင့်၊ အဲဒီစိတ်ဝမ်းကွဲစေတဲ့ တွန်းအားတွေက ကျွန်တော်တို့ရဲ့ နှလုံးသားကို စက်ဆုပ်မှုတွေနဲ့ပြည့်စေပြီး ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ခိုက်ရန်ဒေါသတွေနဲ့ ပျက်စီးစေပါတယ်။ အသိုင်းအဝိုင်းဆက်ဆံရေးတွေ ပြိုကွဲလာပါတယ်။ စစ်ပွဲတွေ တဟုန်းဟုန်းတောက်လောင်နေပါတယ်။
ဒီလိုနောက်ခံဖြစ်ရပ်ကို ဆန့်ကျင်ပြီး၊ ယေရှုခရစ်တော်ရဲ့ စစ်မှန်တဲ့နောက်လိုက်တွေက ငြိမ်းချမ်းရေးကိုတောင့်တကြကာ ယေရှုခရစ်တော်ရဲ့သွန်သင်ချက်များအပေါ်အခြေခံပြီး မတူကွဲပြားတဲ့လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ တက်ကြွစွာ ကြိုးပမ်းနေကြပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို “တစ်လုံးတစ်ဝတည်းဖြစ်စေပါ၊ သင်တို့ တစ်လုံးတစ်ဝတည်းမဖြစ်လျှင် သင်တို့သည် ငါ့သားသမီးများမဟုတ်” လို့ မိန့်တော်မူခဲ့ပါတယ်။ (ဩဝါဒနှင့်ပဋိညာဉ်များ ၃၈း၂၇)။ အမှန်တကယ်ပင်၊ ညီညွတ်ခြင်းဆိုတာ ယေရှုခရစ်တော်ရဲ့ စစ်မှန်တဲ့အသင်းတော်ရဲ့ ဝိသေသလက္ခဏာပဲဖြစ်ပါတယ်။
စိတ်ဝမ်းကွဲပြီး ခိုက်ရန်ဒေါသကိုဖြစ်စေတဲ့ တွန်းအားတွေကို ကျွန်တော်တို့ ဘယ်လိုဆန့်ကျင်ကြပါမလဲ။ ကျွန်တော်တို့ ညီညွတ်ခြင်းကို ဘယ်လိုစွမ်းဆောင်ကြပါမလဲ။
ကံကောင်းစွာနဲ့၊ မော်မုန်ကျမ်းထဲက စတုတ္ထနီဖိုင်းက ကျွန်တော်တို့ကို ပုံဥပမာတစ်ခုပေးခဲ့ပါတယ်။ ကယ်တင်ရှင်က လူတွေဆီလာရောက်သွန်သင်ပြီး၊ သူ့အသင်းတော်ကို သူတို့ကြားမှာ တည်ထောင်ပြီးတဲ့နောက် သူတို့ရှင်သန်နေထိုင်ကြပုံကို အဲဒီအခန်းမှာ အကျဉ်းချုပ်မှတ်တမ်းတင်ထားပါတယ်။ ဒီဖြစ်စဉ်က ပျော်ရွှင်ငြိမ်းချမ်းတဲ့ညီညွတ်ခြင်းကို အဲဒီလူမျိုးတွေဘယ်လိုစွမ်းဆောင်ခဲ့ကြတယ်ဆိုတာ ပြသပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီလိုတူညီတဲ့ညီညွတ်ခြင်းကိုရရှိဖို့ အတုယူနိုင်တဲ့ စံနမူနာတစ်ခုကိုပေးခဲ့ပါတယ်။
ပြောင်းလဲခြင်း
၄ နီဖိုင်း ၁း၁ မှာ၊ ကျွန်တော်တို့ ဒီလို ဖတ်ခဲ့ရပါတယ်၊ “ယေရှု၏တပည့်တော်တို့သည် ပတ်ဝန်းကျင်ပြည်ခပ်သိမ်းတို့၌ ခရစ်တော်၏ အသင်းတော်ကို တည်ထောင်ကြ၏၊ သူတို့ထံသို့ လာသမျှသောသူတို့သည်လည်း မိမိတို့အပြစ်များမှ အမှန်ပင်နောင်တရကြ၏၊”
ကျွန်တော်တို့က ကိုယ်တော်ရှင်နဲ့ ကယ်တင်ရှင်ယေရှုခရစ်တော်ကို ဗဟိုပြုပြီး ညီညွတ်ကြပါတယ်။ လူတစ်ဦးချင်းစီက ယေရှုခရစ်တော်အကြောင်း၊ သူ့ရဲ့ ဧဝံဂေလိအကြောင်းနဲ့ အသင်းတော်အကြောင်း သင်ယူတာနဲ့အမျှ၊ သန့်ရှင်းသောဝိညာဉ်တော်က တစ်ဦးချင်းစီရဲ့နှလုံးသားကို သမ္မာတရားနဲ့သက်သေခံပေးပါလိမ့်မယ်။ ထို့နောက် ကျွန်တော်တို့ တစ်ဦးချင်းစီက နောင်တရခြင်းအားဖြင့် သူ့၌ယုံကြည်ခြင်းရှိဖို့ ကယ်တင်ရှင်ရဲ့ဖိတ်ခေါ်ချက်ကိုလက်ခံနိုင်ပြီး သူ့နောက်ကိုလိုက်လျှောက်နိုင်ပါတယ်။
ဒီလိုနည်းနဲ့ အတ္တနဲ့လွဲမှားတဲ့ဆန္ဒတွေကကင်းဝေးပြီး ကယ်တင်ရှင်ဆီလျှောက်လှမ်းလာမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပြောင်းလဲခြင်းခရီးကစတင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းအုတ်မြစ် ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီက အတွေးတိုင်းမှာ ကိုယ်တော့်ကိုမှီခိုကြပါတယ် (ရှု ဩဝါဒနှင့်ပဋိညာဉ်များ ၆း၃၆)၊ သူက ကျွန်တော်တို့ရဲ့အသက်တာတွေထဲမှာ ညီညွတ်ခြင်းအင်အားတစ်ခုဖြစ်လာပါတယ်။
ပဋိညာဥ်များ
အသင်းတော်သို့လာရောက်ပြီး သူတို့၏အပြစ်များမှ နောင်တရကြသူများသည် “ယေရှု၏နာမတော်၌ ဗတ္တိဇံခံ၍၊ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း လက်ခံရရှိကြ၏” လို့ စတုတ္ထနီဖိုင်းရှိ မှတ်တမ်းက ဆက်လက်ဖော်ပြပါတယ် (၄ နီဖိုင်း ၁း၁)။ သူတို့တွေက ဘုရားသခင်နဲ့ အထူးချည်နှောင်ထားတဲ့ဆက်ဆံရေးတစ်ခုဖြစ်တဲ့ ပဋိညာဉ်တစ်ခုဆီ ဝင်ရောက်ခဲ့ကြပါတယ်။
ကျွန်တော်တို့က ပဋိညာဉ်တွေပြုပြီး စောင့်ထိန်းတဲ့အခါ၊ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ ကိုယ်တော်ရှင်ရဲ့နာမတော်ကို ကျွန်တော်တို့အပေါ်မှာ ခံယူကြပါတယ်။ ဒါ့အပြင်၊ ကျွန်တော်တို့က သူ့ရဲ့နာမတော်ကို လူမျိုးတစ်စုအဖြစ် ခံယူခြင်းဖြစ်ပါတယ်။ ပဋိညာဉ်တွေပြုပြီး စောင့်ထိန်းဖို့ကြိုးစားသူအားလုံးက ကိုယ်တော်ရှင်ရဲ့လူမျိုးတွေ၊ကိုယ်တော်ရှင်ရဲ့ အဖိုးတန်ရတနာတွေဖြစ်လာကြပါတယ် ( ရှု ထွက်မြောက်ရာကျမ်း ၁၉း၅)။ ဒီလိုနည်းနဲ့၊ ကျွန်တော်တို့က ပဋိညာဉ်လမ်းကြောင်းကို တစ်ဦးချင်းရော အစုလိုက်ပါလျှောက်လှမ်းကြပါတယ်။ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ ပဋိညာဉ်ဆက်ဆံရေးက ကျွန်တော်တို့ကို တူညီတဲ့ ရည်ရွယ်ချက်နဲ့ တူညီတဲ့ လက္ခဏာကို ပေးပါတယ်။ ကျွန်တော်တို့က ကိုယ်တော်ရှင်ထံမှာ ပေါင်းစည်းတာနဲ့အမျှ၊ သူက “ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ညီညွတ်ခြင်းနှင့်တစ်ယောက်ကိုတစ်ယောက်ချစ်ခြင်း၌ ထုံးဖွဲ့” နိုင်အောင် ကူညီပေးမှာဖြစ်ပါတယ် (မောဇိယ ၁၈း၂၁)။
တရားမျှတမှု၊ တန်းတူညီမျှမှု နဲ့ ဆင်းရဲသူများကိုကူညီပေးခြင်း
စတုတ္ထနီဖိုင်းက ဖြစ်စဉ်က ဒီလိုဆက်လက်ဖော်ပြပါတယ်၊ “သူတို့ကြား၌ ရန်တွေ့ခြင်းနှင့်ငြင်းခုံခြင်းများမရှိ၊ လူတိုင်းအချင်းချင်းတရားမျှတစွာဆက်ဆံကြ၏။
“ထိုအတူ သူတို့၌ အရာခပ်သိမ်းတို့ကို အများပိုင်အဖြစ်ထား၍ အသုံးပြုကြ၏၊ ထို့ကြောင့် သူတို့သည် ကြွယ်ဝသူနှင့်ဆင်းရဲသား၊ ကျွန်နှင့်လူလွတ်ဟူ၍ မရှိကြ၊ အားလုံးကို လွတ်လပ်သောသူများနှင့် ကောင်းကင်ဘုံရှင်ဆုကျေးဇူးကို ခံယူရသောသူများသာဖြစ်စေ၏”(၄ နီဖိုင်း ၁း၂-၃)။
ကျွန်တော်တို့ရဲ့လောကီရေးရာဆက်ဆံရေးတွေမှာ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့အချင်းချင်း တရားမျှတစေဖို့နဲ့ အချင်းချင်း လိမ်လည်လှည့်ဖြားမရှိဖို့ ဒါမှမဟုတ် အခွင့်ကောင်းမယူဖို့ကို လိုလားပါတယ်။ (ရှု သက်သာလောနိတ်ဩဝါဒစာပဌမစောင် ၄း၆) ကိုယ်တော်ရှင်ထံနီးကပ်လာသည်နှင့်အမျှ၊ ကျွန်တော်တို့သည် “တစ်ယောက်ကိုတစ်ယောက် ထိခိုက်စေလိုစိတ်လည်းမရှိကြ၊ ငြိမ်းချမ်းစွာနေလိုစိတ်နှင့် လူသားမှန်သမျှတို့အား ရသင့်သည်အတိုင်း ပေးဆပ်လိုစိတ်သာရှိကြလေ၏” (မောဇိယ ၄း၁၃)။
ဆင်းရဲသူတွေနဲ့ချို့တဲ့သူတွေကို စောင့်ရှောက်ဖို့လည်း ကိုယ်တော်ရှင်က ကျွန်တော်တို့ကို မိန့်မှာထားပါတယ်။ ကျွန်တော်တို့က သူတို့ကို တရားစီရင်တာမျိုးမလုပ်ဘဲ၊ ကျွန်တော်တို့ တတ်နိုင်စွမ်းရှိသလောက်၊ သူတို့ကိုကူညီဖို့အတွက် ၊ “[ကျွန်တော်]တို့၌ ရှိသည့်ဥစ္စာများကို မျှ၍ပေးသင့်”ပါတယ် (ရှု မောဇိယ ၄း၂၁-၂၇)။
ကျွန်တော်တို့ တစ်ဦးချင်းစီက “သူ၏ညီအစ်ကိုအား သူ့ကိုယ်တိုင်ကဲ့သို့ လေးစားရန်” လိုအပ်ပါတယ်(ဩဝါဒနှင့်ပဋိညာဉ်များ ၃၈း၂၄)။ ကျွန်တော်တို့က ကိုယ်တော်ရှင်ရဲ့လူမျိုးတွေဖြစ်ပြီး ညီညွတ်ကြမယ်ဆိုရင်၊ ကျွန်တော်တို့ အချင်းချင်းသာ သာတူညီမျှစွာ ဆက်ဆံရမှာတင်မဟုတ်ဘဲ၊ အချင်းချင်း သာတူညီမျှအဖြစ် စစ်မှန်စွာ ရှုမြင်ရမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ သာတူညီမျှဖြစ်ကြောင်း ခံစားရမှာဖြစ်ပါတယ် —ဘုရားသခင်ရဲ့ရှေ့မှောက်မှာ သာတူညီမျှဖြစ်ကြောင်း ၊ သာတူညီမျှတဲ့ထိုက်တန်မှုနဲ့ သာတူညီမျှတဲ့အလားအလာတွေရှိကြောင်း ဖြစ်ပါတယ်။
နာခံခြင်း
စတုတ္ထနီဖိုင်းက နောက်ထပ်သင်ခန်းစာကို ဒီလိုရိုးရှင်းစွာတင်ပြထားပါတယ်၊“သူတို့သည် သူတို့၏ကိုယ်တော်ရှင်နှင့်သူတို့၏ဘုရားသခင်ထံမှ လက်ခံရရှိသည့် ပညတ်တော်များနောက်သို့လိုက်ကြ၏” (၄ နီဖိုင်း ၁း၁၂)။
ကိုယ်တော်ရှင်က ဒီလူမျိုးတွေကို သူ့ရဲ့ဩဝါဒကို သင်ပေးခဲ့ပါတယ်၊ သူတို့ကို ပညတ်တော်တွေ ပေးခဲ့ပြီး သူတို့ကိုအုပ်ချူပ်ဖို့ အစေခံတွေကို မိန့်တော်မူခဲ့ပါတယ်။ ဒီလိုလုပ်ရတဲ့ သူ့ရဲ့ရည်ရွယ်ချက်ထဲကတစ်ခုကတော့ သူတို့ကြားမှာ အငြင်းပွားမှုတွေမရှိအောင်လို့ ဖြစ်ပါတယ်။(ရှု ၃ နီဖိုင်း ၁၁း၂၈-၂၉၊ ၁၈း၃၄)။
ကိုယ်တော်ရှင်ရဲ့ သွန်သင်ချက်တွေနဲ့သူရဲ့အစေခံတွေကို နာခံခြင်းက ကျွန်တော်တို့ ညီညွတ်လာဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီနာခံခြင်းမှာ ပါဝင်တာကတော့ ကျွန်တော်တို့အပြစ်လုပ်တဲ့အခါတိုင်းမှာ နောင်တရပြီး ပညတ်တော်ကို နာခံဖို့ နဲ့ ကျွန်တော်တို့ ပိုမိုကောင်းမွန်အောင် နေ့ရက်တိုင်းကြိုးပမ်းနေချိန်မှာ အချင်းချင်းကူညီပေးဖို့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ပဲဖြစ်ပါတယ်။
အတူတကွတွေ့ဆုံခြင်း
နောက်ထပ်အနေနဲ့၊ စတုတ္ထနီဖိုင်းမှာပါတဲ့ လူမျိုးတွေက “အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်း၊ ထို့အတူဆုတောင်းခြင်းငှာ နှင့် ကိုယ်တော်ရှင်၏နှုတ်ကပတ်တော်တို့ကို ကြားနာခြင်းငှာ အကြိမ်ကြိမ်အတူတကွတွေ့ဆုံခြင်းတို့ကို ဆက်၌ပြုလုပ်လျက်ရှိကြ၏ ” လို့ ကျွန်တော်တို့သင်ယူရပါတယ် (၄ နီဖိုင်း ၁း၁၂)။
ကျွန်တော်တို့တွေ အတူတကွတွေ့ဆုံဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အပတ်စဉ် ဝတ်ပြုတွေ့ဆုံမှုတွေက တစ်ဦးချင်းသော်လည်းကောင်း၊ အစုလိုက်သော်လည်းကောင်း ခွန်အားကိုရှာဖွေဖို့ အရေးကြီးတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့က ပွဲတော်မင်္ဂလာကိုသုံးဆောင်ခြင်း၊ လေ့လာသင်ယူခြင်း၊ ဆုတောင်းခြင်း၊ အတူတကွသီဆိုခြင်း နဲ့ အချင်းအချင်းပံ့ပိုးကူညီခြင်းတွေ ပြုလုပ်ကြပါတယ်။ တခြားတွေ့ဆုံပွဲတွေကလည်း နားလည်လက်ခံမှု၊ ခင်မင်ရင်းနှီးမှု နဲ့ ဝေမျှတဲ့ရည်ရွယ်ချက်ကို တိုးပွားလာစေပါတယ်။
ချစ်ခြင်းမေတ္တာ
စတုတ္ထနီဖိုင်းက မှတ်တမ်းက ဒီအရာတွေအားလုံးအတွက် အဓိကသော့ချက်ဖြစ်ကောင်းဖြစ်နိုင်တဲ့အရာကို ပေးခဲ့ပါတယ်—အဲဒီအရာမရှိဘဲ စစ်မှန်တဲ့ညီညွတ်ခြင်းကို မရနိုင်ပါဘူး၊ “ထိုပြည်၌ ရန်တွေ့ခြင်းမရှိ၊ လူတို့၏စိတ်နှလုံးထဲ၌ရှိနေသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကြောင့်ပေတည်း”(၄နီဖိုင်း ၁း၁၅)။
ကျွန်တော်တို့က၊ နှိမ့်ချတတ်တဲ့နာခံမှုနဲ့၊ ဘုရားသခင်ကို စစ်မှန်စွာချစ်မယ်ဆိုရင်၊ ကိုယ်ပိုင်ငြိမ်းချမ်းမှုဆီ ရောက်ရှိပါလိမ့်မယ်။ အဲဒါက ပထမဆုံးနဲ့ ကြီးမြတ်တဲ့ ပညတ်တော်ဖြစ်ပါတယ်။ ဘုရားသခင်ကို မည်သူထက်မဆို ဒါမှမဟုတ် တခြားမည်သည့်အရာထက်မဆို ပိုပြီးချစ်ခြင်းက စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း၊ နှစ်သိမ့်ခြင်း၊ ယုံကြည်မှုနဲ့ ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးပါတယ်။ ကျွန်တော်တို့က ဘုရားသခင်နဲ့ယေရှုခရစ်တော်အပေါ်မှာ ချစ်ခြင်းမေတ္တာတိုးပွားလာတာနဲ့အမျှ၊ မိသားစုနဲ့ အိမ်နီးချင်းအပေါ် ချစ်ခြင်းမေတ္တာလည်း အလိုအလျောက် တိုးပွားလာပါလိမ့်မယ်။
သင်ကြုံတွေ့ရမယ့် အကြီးမားဆုံးဝမ်းမြောက်မှုဆိုတာ သင်က ဘုရားသခင်နဲ့ သူ့ရဲ့သားသမီးအားလုံးအပေါ် ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝနေတဲ့အခါမျိုးဖြစ်ပါလိမ့်မယ်။
ခရစ်တော်ရဲ့ဖြူစင်တဲ့ချစ်ခြင်းဖြစ်တဲ့၊မေတ္တာဟာ ခိုက်ရန်ဖြစ်ပွားခြင်းအတွက် ဖြေဆေးပဲဖြစ်ပါတယ်။ မေတ္တာဟာ ယေရှုခရစ်တော်ရဲ့ စစ်မှန်သောနောက်လိုက်တစ်ဦးရဲ့ အဓိကပင်ကိုလက္ခဏာဖြစ်ပါတယ်။ ဘုရားသခင်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုရှိပြီး စိတ်နှလုံးအစွမ်းရှိသမျှ ဆုတောင်းကြမယ်ဆိုရင်၊ ဘုရားသခင်ဟာ ကျွန်တော်တို့၌ မေတ္တာတရားကို ပြည့်စေပါလိမ့်မယ် (ရှု မော်ရော်နိုင်း ၇း၄၈)။
ကျွန်တော်တို့နှလုံးသားတွေထဲမှာ ဘုရားသခင်ရဲ့ ချစ်ခြင်း ကိန်းအောင်းဖို့ ကြိုးပမ်းကြတာနဲ့အမျှ၊ ညီညွတ်ခြင်းရဲ့အံ့ဖွယ်အမှုတွေက ကျွန်တော်တို့ဆီမှာ လုံးဝသဘာဝကျကျဖြစ်ပေါ်လာတယ်လို့ ထင်ရပါလိမ့်မယ်။
ကောင်းကင်ဘုံအမှတ်လက္ခဏာ
နောက်ဆုံးမှာတော့၊ စတုတ္ထနီဖိုင်းမှာပါတဲ့ လူမျိုးတွေက ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုနဲ့ထိုက်တန်တဲ့ ညီညွတ်ခြင်းလက္ခဏာကို ထုတ်ဖော်ပြသခဲ့ကြပါတယ်၊ “ဓားပြမရှိ။ လူ့အသက်သတ်သောသူလည်းမရှိ။ လာမန်အမျိုးသားဟုလည်းမရှိ။ အဘယ်အမျိုးသားဟုလည်း ကွဲပြားခြင်းမရှိ။ သူတို့သည် ခရစ်တော်၏သားသမီးများ၊ ထို့အတူ ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံသူများအဖြစ် တစ်လုံးတစ်ဝတည်းသာရှိကြ၏”(၄ နီဖိုင်း ၁း၁၇)။
လူမျိုးတွေကို နှစ်ပေါင်းရာနဲ့ချီပြီး ပိုင်းခြားခဲ့တဲ့ အဆင့်အတန်းတွေက ပိုမို ရေရှည်တည့်တံ့ပြီး ဂုဏ်ကျက်သရေရှိတဲ့ အမှတ်လက္ခဏာရှေ့မှာ ပျောက်ကွယ်သွားကြပါတယ်။ ကောင်းကင်ဘုံရှင်အဘနဲ့ ယေရှုခရစ်တော်နဲ့ ပြုထားတဲ့ သူတို့ရဲ့ ဆက်ဆံရေးအတိုင်း သူတို့ကိုယ်သူတို့ နဲ့ တခြားသူတွေကိုပါ ရှုမြင်ကြပါတယ်။
မတူကွဲပြားခြင်းနဲ့ ခြားနားခြင်းတွေက ကျွန်တော်တို့အတွက် ကောင်းမွန်ပြီး အလွန်အရေးပါနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အရေးကြီးဆုံးအမှတ်လက္ခဏာတွေကတော့ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံဇစ်မြစ်နဲ့ ရည်ရွယ်ချက်နဲ့ သက်ဆိုင်တဲ့အရာတွေဖြစ်ပါတယ်။
ပထမဆုံးနဲ့အဦးဆုံးအားဖြင့်၊ ကျွန်တော်တို့ တစ်ဦးချင်းစီက ဘုရားသခင်ရဲ့ သားသမီးဖြစ်ပါတယ်။ ဒုတိယအားဖြင့်၊ အသင်းတော်ရဲ့ အသင်းဝင်တစ်ဦးအနေနဲ့၊ ကျွန်တော်တို့တစ်ဦးချင်းစီက ပဋိညာဉ်သားသမီးဖြစ်ပါတယ်။ တတိယအားဖြင့်၊ ကျွန်တော်တို့တစ်ဦးချင်းစီက ယေရှုခရစ်တော်ရဲ့ တပည့်တော်ဖြစ်ပါတယ်။ တခြားဘယ်သတ်မှတ်ချက်ကမှ “ဒီလိုရေရှည်တည်တံ့တဲ့ပုံစံသုံးရပ်ကို နေရာဖယ်ရှားခြင်း၊ အစားထိုးခြင်း၊ ဒါမှမဟုတ် ဦးစားပေးနေရာယူခြင်း”ကို ခွင့်မပြုဖို့ ကျွန်တော်က ကျွန်တော်တို့အားလုံးကို တိုက်တွန်းချင်ပါတယ်။
တစ်လုံးတစ်ဝတည်းဖြစ်စေပါ
ဘုရားသခင်က သူ့ဆီလာရောက်ဖို့ အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ လူတိုင်းအတွက် နေရာရှိပါတယ်။ ကျွန်တော်တို့က ယဉ်ကျေးမှု၊နိုင်ငံရေး၊ လူမျိုးစု၊ ဦးစားပေးမှု နဲ့ တခြားနေရာတွေမှာ ကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ယေရှုခရစ်တော်ထံမှာ ညီညွတ်ကြတာနဲ့အမျှ၊ အဲလိုကွဲပြားမှုတွေက အရေးမပါတော့ဘဲ ကျွန်တော်တို့ရဲ့ တစ်လုံးတစ်ဝတည်းဖြစ်လိုတဲ့ ပဓာနအကျဆုံးတဲ့စိတ်ဆန္ဒက လွှမ်းမိုးသွားပါတယ်—အဲလိုမှသာ ကျွန်တော်တို့က ကိုယ်တော်ရှင်ရဲ့သားသမီးတွေဖြစ်နိုင်ပါတယ်။
စတုတ္ထနီဖိုင်းက သင်ခန်းစာတွေကို အလေးအနက်သင်ယူအသုံးချကြပါ။ ကျွန်တော်တို့တစ်ဦးချင်းစီက ညီညွတ်ခြင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ကျွန်တော်တို့ရဲ့အသက်တာထဲကို ထည့်သွင်းပေါင်းစပ်ဖို့ ကြိုးပမ်းကြတာနဲ့အမျှ၊ သူတို့တုန်းကပြောခဲ့သလိုပဲ၊ ကျွန်တော်တို့ကိုလည်း ပြောပါလိမ့်မယ်၊ “ဘုရားသခင်၏လက်တော်အားဖြင့် ဖန်ဆင်းထားတော်မူသည့် လူမျိုးခပ်သိမ်းတို့၌ သာ၍ပျော်ရွှင်သောလူမျိုး ဧကန်အမှန်မရှိနိုင်” (၄ နီဖိုင်း ၁း၁၆)။
© ၂၀၂၄ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, October 2024.{ ၏ဘာသာပြန် Burmese. 19359 256