“သန့်ရှင်းသောယဇ်ပရောဟိတ်အခွင့်၏အဝတ်တန်ဆာ၊” လီယဟိုနာ၊ စက်၊၂၀၂၄။
လစဉ် လီယဟိုနာ အမှာစကား၊ စက်တင်ဘာ ၂၀၂၄
သန့်ရှင်းသောယဇ်ပရောဟိတ်အခွင့် ၏ အဝတ်တန်ဆာ
ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်၊ ကျွန်တော်တို့ကို ကျွန်တော်တို့ရဲ့ ပဋိညာဉ်များအကြောင်း မြင့်မြတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ သတိပေးချက်တစ်ခုပေးခဲ့ပါတယ်—အဲဒါက ကယ်တင်ရှင်ကိုယ်တိုင်ရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။
ဒေါက်ဂလစ် အမ်၊ ဖရိုင်ယာ၏၊ အာဒမ်နှင့်ဧဝ မှ အသေးစိတ်
ဘယ်လိုပဲ ပြင်ဆင်မှုတွေ မလွဲမသွေရှိပြီး သူတို့ကြိုးစားပြီးသတိရ ရမယ့် အာမခံချက်တွေရှိပါစေ၊ နတ်ပြည်နဲ့တူတဲ့ ဧဒင်ဥယျာဉ်ကနေ ပြိုလဲနေတဲ့လောကထဲကို ခြေလှမ်းလှမ်းရခြင်းက အာဒံနဲ့ဧဝအတွက် ခြောက်ခြားစရာတုန်လှုပ်မှုတစ်ခု ဖြစ်ခဲ့ပါလိမ့်မယ်။
တည်ငြိမ်အေးချမ်းပြီး အပူအပင်ကင်းတဲ့ဘဝနဲ့ အတိုက်အခံတွေ၊ ချွေးတွေ၊ ဆူးငြောင့်တွေနဲ့ ဝမ်းနည်းမှုတွေရှိပြီး နောက်ဆုံးမှာ သေခြင်းလို့ခေါ်တဲ့ အရာတစ်ခုက လိုက်လာမယ့် လောကတစ်ခုကို အလဲအလှယ်လုပ်ရတာ ဘာအတွက်လဲဆိုတာ လေးနက်တဲ့အသိနဲ့ သူတို့သဘောပေါက်ခဲ့ကြပါတယ်။ ဒါတွေအားလုံးက ဘာအတွက်လဲဆိုတာ အစမှာ သူတို့သေချာမသိပေမယ့်၊ မကြာခင်မှာ တစ်ရက်ချင်းစီက နာကျင်မှုအသစ်ကို ယူဆောင်လာတယ်ဆိုတာ သူတို့သင်ယူခဲ့ရပါတယ်။ အမှန်တကယ်၊ အားလုံးထဲမှာအနာကျင်ရဆုံးကတော့ သူတို့ရဲ့ကောင်းကင်ဘုံက အဘနဲ့ခွဲခွာပြီး ဒီအရာအားလုံးကို ရင်ဆိုင်ရတော့မယ်ဆိုတာ သဘောပေါက်ခြင်းပါပဲ—“သူ၏မျက်မှောက်တော်မှပယ်ရှားခံရသည်၊” လို့မောရှေက နောက်ပိုင်းမှာ မှတ်တမ်းပြုခဲ့ပါတယ်။
ဒီလိုခွဲခွာမှုတွေ၊အထီးကျန်ဆန်မှုတွေနဲ့ အေးစက်ငြီးငွေ့ဖွယ်ကောင်းတဲ့ကမ္ဘာတစ်ခုမှာ ၊ အာဒံနဲ့ဧဝတို့အတွက် ပြုလေပြီးတဲ့ကတိတော်တွေဖြစ်တဲ့ ပဋိညာဉ်လို့ခေါ်တဲ့ မြင့်မြတ်ပြီးထာဝရတည်မယ့်အရာတစ်ခုကို အောက်မေ့သတိရနိုင်တာ ဘယ်လောက်တောင် နှစ်သိမ့်မှုဖြစ်စေလိုက်ပါမလဲ။ သူတို့က အသက်တာရဲ့နေ့ရက်တိုင်းမှာ အဘကိုနာခံပါမယ်လို့ ကတိပေးခဲ့ကြပြီး၊ အဘက သူတို့ရဲ့ နာကျင်မှုနဲ့ဝမ်းနည်းမှုတွေကို သက်သာစေပြီး၊ သူတို့ရဲ့အမှားတွေအတွက် အပြစ်ဖြေပေးပြီး၊ သူတို့ကို အဘရဲ့မျက်မှောက်တော်ကို လုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးမယ့် ကယ်တင်ရှင်တစ်ဦး စေလွှတ်ပါမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါပေမယ့် ဒီသေခြင်းအခွင့်ရှိသူတွေက သူတို့ကတိပေးခဲ့တာကို ဘယ်လိုမှတ်မိနိုင်မှာပါလဲ။ သူတို့ရဲ့ အန္တရာယ်များတဲ့အခြေအနေကို ဘယ်လိုမျိုး နေ့ရောညပါ၊ အချိန်တိုင်း သတိရှိရှိနဲ့နေကြပါမလဲ။
သူတို့၏ပဋိညာဉ်များအကြောင်းသတိပေးချက်
အဲလို သတိပေးချက်တစ်ခုအဖြစ် ကိုယ်တော်ရှင်က သူတို့ကို “သားရေပတ်လုံ”တွေပေးခဲ့ပါတယ်။ အဲဒီလက်ဆောင်က ဘယ်လောက်တောင်အသုံးဝင်ပြီး အချိန်ကိုက်ဖြစ်လိုက်ပါသလဲ။ တားမြစ်အသီးကို သုံးဆောင်ပြီးနောက်မှာ၊ အာဒံနဲ့ဧဝတို့က သူတို့မှာ အဝတ်မပါတာကို ချက်ချင်းပဲ သတိပြုမိသွားကြပါတယ်။ အရင်ဆုံး၊ သူတို့က အဝတ်မပါတာကို သင်္ဘောသဖန်းပင်အရွက်တွေနဲ့ ဖုံးအုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီနောက်မှာ၊ မလုံခြုံတာကိုသိပြီး၊ ကိုယ်တော်ရှင်ထံကနေ ပုန်းကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ (ဒီလိုမိုက်မဲတဲ့ကြိုးပမ်းမှုက သေခြင်းအခွင့်ဝင်ရောက်နေပြီဆိုတဲ့ သက်သေပါပဲ၊) ထိုအချိန်မှစပြီး ယနေ့တိုင်၊ ချစ်ခြင်းမေတ္တာရှိတဲ့ အဘက သူ့ရဲ့သားသမီးတွေကို ပုန်းကွယ်ရာကနေ သူ့ဆီထွက်လာဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ထိုအချိန်မှစပြီး သားရေပတ်လုံတွေ၊ အဝတ်အထည်အမျိုးမျိုးတွေလိုပဲ ၊ ကိုယ်တော်ရှင်က ကျွန်တော်တို့ကို ကရုဏာတော်အားဖြင့် အဝတ်ဗလာမထားခဲ့ဘဲ ကျွန်တော်တို့ရဲ့ကတိတော်တွေနဲ့ ပဋိညာဉ်တွေကို အမှတ်ရစေမယ့် “ဖြောင့်မတ်ခြင်းဝတ်လုံ၊” နဲ့ နာခံသူများကို ဆင်ယင်ပေးခဲ့ပါတယ်။ အဲဒီ “ကယ်တင်ခြင်းအဝတ်တန်ဆာ”တွေက အမြင့်မြတ်ဆုံးဆုကျေးဇူးဖြစ်တဲ့ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းကို ကိုယ်စားပြုပါတယ်။
အဝတ်တန်ဆာဆိုတာ ကယ်တင်ရှင်ရဲ့ အမှတ်အသားဖြစ်ပါတယ်။
ကောင်းပါပြီ၊ အာဒံနဲ့ဧဝအကြောင်း၊ ပဋိညာဉ်များနဲ့ အဝတ်အထည်များအကြောင်း တွေးတောခြင်းအားလုံးက၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုထက်ပိုတာ သေချာပါတယ်။ အာဒံနှင့်ဧဝ ဘယ်လိုခံစားရမယ်ဆိုတာ တွေးကြည့်ဖို့ မခက်ခဲပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တွေလဲ ဒီပြိုလဲနေတဲ့လောကထဲမှာ ဒုက္ခတွေကို ရင်ဆိုင်နေရလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ဘုရားသခင်ရဲ့မျက်မှောက်တော်ကနေ ပယ်ရှားခြင်းခံရပြီး၊ ကျွန်တော်တို့ အပြစ်ကျူးလွန်တဲ့အချိန်တိုင်းမှာ ကျွန်တော်တို့ကိုယ်တိုင် ဘုရားသခင်ရဲ့အဝေးမှာနေလာကြပါတယ်။ အာဒံနဲ့ဧဝလိုပဲ၊ ကျွန်တော်တို့ကိုလည်း တူညီသော ကယ်တင်ရှင်ကိုပေးထားပါတယ်၊ သူက နာဇရက်မြို့ကယေရှုခရစ်တော်၊ အာလဖလည်း ဖြစ်သလို ဩမေဃလည်းဖြစ်ပြီး၊ အသက်ရှင်သောဘုရားရဲ့ သားတော်ဖြစ်ပါတယ်။ အာဒံနဲ့ဧဝလိုပဲ၊ ကျွန်တော်တို့က ဘုရားသခင်နဲ့ ပဋိညာဉ်တွေ ပြုလုပ်ထားကြပါတယ်။ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်၊ ကျွန်တော်တို့ကို အဲဒီပဋိညာဉ်များအကြောင်း မြင့်မြတ်တဲ့ ရုပ်ပိုင်းဆိုင်ရာသတိပေးချက်တစ်ခုကိုပေးထားပါတယ်—အဲဒါက ကယ်တင်ရှင်ကိုယ်တိုင်ရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သာသနာခေတ်မှာ၊ အဲဒါကို သန့်ရှင်းသောယဇ်ပရောဟိတ်အခွင့်၏အဝတ်တန်ဆာ လို့ခေါ်ကြပါတယ်။
ဟယ်ရီ အန်ဒါဆင်၏ ဒုတိယအကြိမ်ကြွလာတော်မူခြင်း၊ မှအသေးစိတ်
ကျွန်တော်တို့က ဒီအဝတ်တန်ဆာကို ကျွန်တော်တို့ရဲ့အပြင်အဝတ်အစားအောက်ကနေ ဝတ်ဆင်ကြပါတယ်။ ကျွန်တော့်မှာ ဘယ်လိုတာဝန်တွေပဲရှိပါစေ၊ အသက်တာမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ရပါစေ၊နေ့စဉ်အသက်မွေးဝမ်းကျောင်းပြုရမယ့်တာဝန်တွေ ဘယ်လိုပဲရှိပါစေ၊ ဒါတွေအားလုံးရဲ့အောက်မှာတော့ အမြဲထာဝစဉ်တည်သွားမယ့် ကျွန်တော့်ရဲ့ ပဋိညာဉ်တွေရှိနေပါတယ်။ အဲဒါတွေအားလုံးရဲ့အောက်မှာ ကျွန်တော်အသည်းအသန်တွယ်ဖက်ထားတဲ့ မြင့်မြတ်တဲ့ကတိတော်တွေရှိပါတယ်။ အဝတ်တန်ဆာကို လောကီရှေ့မှောက်မှာ အမွှမ်းတင်ခြင်း သို့မဟုတ် ကြွားဝါခြင်း မလုပ်ရသလိုပဲ ကျွန်တော့်ရဲ့ ပဋိညာဉ်တွေကိုလည်း အဲလိုမလုပ်ရပါဘူး။ ဒါပေမယ့် နှစ်ခုစလုံးကို ကျွန်တော်နဲ့နီးနိုင်သမျှနီးအောင် ထားဖို့ ကြိုးစားပါတယ်။ သူတို့တွေက အင်မတန်လျှို့ဝှက်ပြီး အလွန်ပင်မြင့်မြတ်လှပါတယ်။
အဲဒီပဋိညာဉ်တွေ၊ နှစ်လမ်းသွားကတိတွေကို၊ အောက်မေ့သတိရသောအားဖြင့်၊ ကျွန်တော်တို့ရဲ့ အသက်တာတစ်လျှောက်လုံးမှာ အဝတ်တန်ဆာကို ဝတ်ဆင်ကြပါတယ်။ အဲဒီအလေ့အကျင့်က ကျွန်တော်တို့ရဲ့အသက်တာမှာ ကယ်တင်ရှင်ကို အဆက်မပြတ်လွှမ်းမိုးမှုရှိစေချင်တဲ့ ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒကို ဖော်ပြပါတယ်။ တခြားနှစ်သက်ဖွယ်သင်္ကေတတွေကတော့ အခါအားလျော်စွာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အသက်တာမှာ တစ်ကြိမ်ပဲ ဗတ္တိဇံခံကြပါတယ်။ ကျွန်တော်တို့က တစ်ပတ်တစ်ကြိမ် ပွဲတော်မင်္ဂလာကို သုံးဆောင်ကြပါတယ်။ အခြေအနေပေးရင် ကျွန်တော်တို့က ဗိမာန်တော်ကို တက်ရောက်ကြပါတယ်။ ဒါပေမယ့် သန့်ရှင်းသောယဇ်ပရောဟိတ်အခွင့်၏အဝတ်တန်ဆာကတော့ ကွဲပြားပါတယ်၊ ကျွန်တော်တို့က အဲဒီအမှတ်သင်္ကေတကို နေ့ရာညပါ လေးစားမှုရှိရပါမယ်။
အဲဒါက ပဋိညာဉ်တွေရဲ့ ပုံစံပါပဲ — လွယ်ကူသက်သာဖို့ ဒါမှမဟုတ် ပေါ့လျော့ဖို့ သတ်မှတ်ထားတာမဟုတ်သလို လူ့အဖွဲ့အစည်းရဲ့ စတိုင်နဲ့ ဖက်ရှင်တွေကို အံဝင်ခွင်ကျဖြစ်ဖို့ မွမ်းမံထားတာလည်းမဟုတ်ပါဘူး။ ယေရှုခရစ်တော်ရဲ့ တပည့်တော်တစ်ပါးရဲ့ အသက်တာမှာ၊ တခြားနည်းလမ်းမဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေနဲ့ကိုက်ညီဖို့ လောကရဲ့နည်းလမ်းတွေကို မွမ်းမံရမှာဖြစ်ပါတယ်။
ကျွန်တော်တို့က အဝတ်တန်ဆာကို ဝတ်ဆင်တဲ့အခါ၊ ပထမဥက္ကဋ္ဌအဖွဲ့ သွန်သင်ခဲ့သလိုပဲ၊ ကျွန်တော်တို့က ယေရှုခရစ်တော်ရဲ့ မြင့်မြတ်တဲ့အမှတ်သင်္ကေတကို ဝတ်ဆင်နေခြင်းဖြစ်ပါတယ်။ အဲလိုဆိုရင်၊ ကျွန်တော်တို့က အဲဒီအမှတ်သင်္ကေတကို ဖယ်ရှားဖို့ ဘာကြောင့်ဆင်ခြေကို ရှာနေဦးမှာလဲ။ အဝတ်တန်ဆာကို ကိုယ်စားပြုတဲ့ တန်ခိုး၊ အကာအကွယ် နဲ့ ကရုဏာတော်တွေရဲ့ ကတိကို ကျွန်တော်တို့ဘာကြောင့် အဆုံးရှုံးခံမှာလဲ။ ဆန့်ကျင်ဘက်အနေနဲ့၊ ကျွန်တော်တို့ အဝတ်တန်ဆာကို ခေတ္တဖယ်ရှားရမယ့်အချိန်တိုင်းမှာ၊ တတ်နိုင်သမျှမြန်မြန်၊ ပြန်ပြီးဝတ်ဆင်ဖို့ စိတ်အားထက်သန်သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ပဋိညာဉ်တွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကတိတော်တွေနဲ့ ဘေးအန္တရာယ်တွေကို အောက်မေ့သတိရသင့်လို့ပါပဲ။ အရာအားလုံးထက်၊ ကျွန်တော်တို့ မှတ်မိရမှာကတော့ လက်ဝါးကပ်တိုင်နဲ့ ခရစ်တော်ရဲ့ ဗလာနတ္တိ အုတ်ဂူပဲဖြစ်ပါတယ်။
“ငါ့မှာ ယေရှုခရစ်တော်ကို အောက်မေ့သတိရဖို့ တခြားနည်းလမ်းတွေရှိတယ်” လို့ တချို့ကပြောနိုင်ပါတယ်။ ကျွန်တော်တုံ့ပြန်ချင်တာကတော့၊ အဲဒါက ဝမ်းမြောက်ဖွယ်ပါပဲ။ ပိုများလေ ပိုကောင်းလေပါပဲ။ “သူ့အားအစဉ်အမြဲအောက်မေ့ရန်” ပညတ်တော်တွေကို စောင့်ထိန်းဖို့ တတ်နိုင်သမျှ နည်းလမ်းများများ ရှာကြပါစို့။ ဒါပေမယ့် အဲလိုလုပ်ဆောင်ရင်း၊ ဝိညာဉ်ပကတိအပ်နှင်းသူတွေကို ကိုယ်တော်ရှင်ကိုယ်တိုင်ပေးခဲ့တဲ့ သတိပေးချက်ဖြစ်တဲ့၊ သန့်ရှင်းသောယဇ်ပရောဟိတ်အခွင့်၏အဝတ်တန်ဆာကို၊ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုတယ်ဆိုရင်တော့ မရိုးသားခြင်းပဲ ဖြစ်ပါလိမ့်မယ်။
ယေရှုခရစ်တော်နဲ့ သူ့ရဲ့ ဧဝံဂေလိတရားတော်က ကျွန်တော့်အတွက် အရာအားလုံးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ထာဝရ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်တွေအားလုံး၊ ကျွန်တော်မြတ်နိုးတဲ့ အရာအားလုံးက၊ သူ့အပေါ်မှာ အမှီပြုနေပါတယ်။ သူက “ကျွန်တော့်ရဲ့ ကယ်တင်ခြင်း၏ကျောက်”၊ကောင်းကင်ဘုံရှင်အဘထံ ကျွန်တော့်ရဲ့ဝင်ရာလမ်း၊ ကျွန်တော့်မှာ အရင်ကရှိခဲ့ပြီး အခုပြန်လိုချင်တဲ့အရာဆီ ပြန်သွားနိုင်မယ့် တစ်ခုတည်းသောလမ်း နဲ့ နောက်ထပ်များစွာသောအရာတွေ ဖြစ်ပါတယ်။ သူ့ရဲ့လက်ဆောင်က ကျွန်တော်လက်ခံရရှိဖူးတဲ့ လက်ဆောင်တွေထဲမှာ အရက်ရောဆုံးဖြစ်ပါတယ်၊ ပေးဖူးသမျှထဲမှာ အရက်ရောဆုံးပါပဲ—အဆုံးမရှိတဲ့ချစ်ခြင်းမေတ္တာနဲ့အပ်နှင်းပြီး၊ အဆုံးမရှိတဲ့ အရေအတွက်အထိ၊ အဆုံးမရှိတဲ့ နာကျင်ဆင်းရဲတွေနဲ့ ဝယ်ယူခဲ့ရပါတယ်။ ဤပြိုလဲနေတဲ့လောကရဲ့ ဆူးပင်အမျိုးမျိုး၊ နာကျင်မှုနဲ့ဝေဒနာ၊ ပူဆွေးမှုနဲ့အပြစ်တွေအားလုံးကို “ယေရှုခရစ်တော်အားဖြင့် ကျော်လွှားနိုင်ပါတယ်။”
အဲဒါကြောင့် အသက်၁၉နှစ်၊ ကျွန်တော် ဝိညာဉ်ပကတိအပ်နှင်းခဲ့တဲ့ လွန်ခဲ့တဲ့ ၆၄နှစ်ကတည်းက၊ သန့်ရှင်းသောယဇ်ပရောဟိတ်အခွင့်၏အခွင့်တန်ဆာကို နေ့တိုင်းညတိုင်း ဝတ်ဆင်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ကိုယ်တော့်ကိုချစ်ပြီး အဲဒီအရာက ကိုယ်စားပြုတဲ့ကတိတော်တွေကိုလိုအပ်ခဲ့လို့ပါပဲ။
အဝတ်တန်ဆာကို ဝတ်ဆင်တာနဲ့ပတ်သတ်ပြီး မေးခွန်းများရှိပါသလား။
အဝတ်တန်ဆာနဲ့ပတ်သတ်ပြီး မေးခွန်းတစ်စုံတစ်ရာကို ကျွန်တော်ဖြေပေးလိမ့်မယ်လို့ မျှော်လင့်ရင်း သင်တို့တွေထဲကတစ်ချို့က ဒီဆောင်းပါးကိုဖတ်နေကြပါလိမ့်မယ်။ သင်တို့ရဲ့ စိတ်နှလုံးနဲ့နီးစပ်တဲ့ကိစ္စပေါ်မှာ “ရှုလော့ ကိုယ်တော်ရှင်ဘုရားသခင်မိန့်တော်မူလေသည်ကား” ဒါမှမဟုတ် “ရှုလော့ ကိုယ်တော်ရှင်၏နောက်လိုက်များမိန့်တော်မူသည်ကား” ကိုပင် မျှော်လင့်ကောင်းမျှော်လင့်နိုင်ပါတယ်။ သင်တို့ရဲ့မေးခွန်းတွေက အလုပ်အကိုင်၊ လေ့ကျင့်ခန်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ရာသီဥတု၊ ကျိုးနွံမှု၊ ကိုယ်လက်သန့်စင်နေရာတွေ ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာအခြေအနေတွေနဲ့ပါ သက်ဆိုင်တဲ့ ကိုယ်ရေးကိုယ်တာအခြေအနေမှ ထွက်ပေါ်လာနိုင်ပါတယ်။
ဒီလိုမေးခွန်းတွေအတွက် တချို့အဖြေတွေကို temples.ChurchofJesusChrist.org နဲ့ အထွေထွေလက်စွဲစာအုပ်တို့ရဲ့ အခန်း ၃၈၊၅ မှာ တွေ့နိုင်ပါတယ်။ ယုံကြည်ရတဲ့ မိသားစုဝင်တွေနဲ့ ခေါင်းဆောင်တွေကို ကိုယ်ရေးကိုယ်တာကိစ္စအတွက် တိုင်ပင်နိုင်ပါတယ်။ ဒါပေမယ့်၊ အစပြုဘိသိက်မင်္ဂလာတွေမှာ အလွန်ရှင်းလင်းတဲ့လမ်းညွှန်ချက်ရှိပြီး၊ သင့်ကိုသိပြီး သင့်ကိုချစ်တဲ့ သင့်ရဲ့အခြေအနေအားလုံးကို နားလည်တဲ့၊ ကောင်းကင်ဘုံပေါ်က အဘက အစဉ်အမြဲရှိနေပါတယ်။ သင်က သူ့ကို ဒီမေးခွန်းတွေ ကိုယ်တိုင်ကိုယ်ကျမေးမယ်ဆိုရင် သူက ပီတိဖြစ်ပါလိမ့်မယ်။
ခေါင်ချွန်း၏ ဓာတ်ပုံ စိန့်၊ ဂျောချ့် ယုတ ဗိမာန်တော်
ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ သင်က ကောင်းကင်ဘုံရဲ့လမ်းညွှန်ချက်ကို ရှာဖွေတာနဲ့အမျှ၊ ဗိမာန်တော်ထဲမှာရရှိတဲ့လမ်းညွှန်ချက် နဲ့ ပထမဥက္ကဋ္ဌအဖွဲ့ရဲ့ မကြာသေးခင်ကဖော်ပြချက်မှာ မျှဝေထားတဲ့ ပရောဖက်ပြုအကြံဥာဏ်ကို လိုက်နာခြင်းထက် လျှော့ပြီးလုပ်ဆောင်ဖို့ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို တိုက်တွန်းမှာ မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာရှိတဲ့အဘက သင့်ကို ယခုနဲ့ထာဝစဉ်ကောင်းချီးပေးသွားမယ့် သူ့ရဲ့ ဆည်းကပ်ခြင်းနဲ့ကျိုးနွံခြင်း စည်းစနစ်များနဲ့ ကိုက်ညီအောင်လုပ်ဆောင်ခြင်းထက် လျှော့ပြီးလုပ်ဆောင်ဖို့ သင့်ကို အကြောင်းရှာရန် ကူညီပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူက သင့်ရဲ့မေးခွန်းတွေကို အမှန်တကယ်နားလည်ပါသလား၊ အဝတ်တန်ဆာကိုလေးစားပြီး သင့်ရဲ့ပဋိညာဉ်တွေကိုထိန်းသိမ်းခြင်းရဲ့ ကောင်းချီးတွေကို လက်ခံရရှိဖို့ သင့်ကို ကူညီပေးမှာလား။ ဟုတ်ပါတယ်။ လိုအပ်ပါက သင်က ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာနဲ့ကျန်းမာရေး ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါသလား။ တိုင်ပင်သင့်ပါတယ်။ သင်က ပင်ကိုယ်အသိစိတ်ကို လျစ်လျူရှုခြင်း သို့မဟုတ် ပန်းတုံးတိုင်ကိုလွန်၍ကြည့်ခြင်း လုပ်သင့်ပါသလား။ သင်မလုပ်ပါနဲ့လို့ပဲ ကျွန်တော်ဆုတောင်းပါတယ်။
ကျွန်တော် သင့်မှာရှိတဲ့မေးခွန်းတိုင်းကို မဖြေပေးနိုင်ပါဘူး။ ကျွန်တော့်မှာရှိတဲ့ မေးခွန်းတိုင်းကိုတောင် ကျွန်တော်မဖြေနိုင်ပါဘူး။ ဒါပေမယ့်၊ သခင်ယေရှုခရစ်တော်ရဲ့ တမန်တော်တစ်ပါးအနေနဲ့၊ ကျွန်တော် ကတိပေးနိုင်တာကတော့၊ သူနဲ့ပြုထားတဲ့ပဋိညာဉ်တွေကို စောင့်ထိန်းတာနဲ့အမျှ၊ သင် လက်ရှိအချိန်မှာ နားလည်သဘောပေါက်နိုင်ခြင်း သို့မဟုတ် ကြိုမြင်နိုင်ခြင်းမရှိတဲ့ နည်းလမ်းတွေနဲ့၊ သင့်အတွက် အောင်ပွဲနဲ့ကောင်းချီးတိုင်းကို ရယူပေးမယ့်၊ ချစ်ခြင်းမေတ္တာရှိတဲ့ ဘုရားသခင်ရဲ့ အကူအညီကို ရမှာဖြစ်ပါတယ်။
© ၂၀၂၄ by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် Monthly Liahona Message, September 2024. Burmese. 19295 256