“တောရိုင်းထဲ၌ ကျွန်ုပ်တို့၏အလင်း၊” လီယဟိုနာ၊ ဇန်၊ ၂၀၂၄။
လစဉ် လီယဟိုနာ အမှာစကား၊ ဇန်နဝါရီ ၂၀၂၄
တောရိုင်း ထဲ၌ ကျွန်ုပ်တို့၏အလင်း
မော်မုန်ကျမ်းကို စစ်မှန်စွာဖတ်ရှုပြီး၊ ၎င်း၏ပညတ်ချက်များအတိုင်းနေထိုင်ကာ၊ ၎င်း၏မှန်ကန်မှုကို ဆုတောင်းရှာဖွေသူများသည် သန့်ရှင်းသောဝိညာဉ်တော်အားခံစားရမည်ဖြစ်ပြီး၊ ကယ်တင်ရှင်အားသက်သေခံရာတွင် ယုံကြည်ခြင်းတိုးပွားလာမည်ဖြစ်ပါသည်။
နော်မန်ဒီ ပေါ်ထာ ရေးဆွဲသည့် တောက်ပနေသောကျောက်ခဲများဖြင့် ယာရက်၏အစ်ကို ရုပ်ပုံ
ငယ်ရွယ်သောကောင်ကလေးတစ်ဦးဖြစ်စဉ်ကပင်၊ ကျွန်ုပ်ထံ၌ မော်မုန်ကျမ်းအကြောင်း သက်သေခံချက်တစ်ခုရှိခဲ့ပါသည်။ “ကတိတော်မြေ”သို့သွားမည့် လမ်းခရီးတွင် ဖြစ်ပျက်ခဲ့သည့် ယာရက်၏အစ်ကိုနှင့် သူ့လူမျိုးတို့၏ ဇာတ်လမ်းသည် ကျွန်ုပ်အား အထူးဆွဲဆောင်ခဲ့ပါသည် (ဧသာ ၂:၉)။
အလင်းမရှိသည့်သဗ္ဗာန်များဖြင့် ခရီးသွားရန်ကြုံလာသောအခါ၊ ယာရက်၏အစ်ကိုက၊ “အို ကိုယ်တော်ရှင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့အား ဤကြီးစွာသောရေကို မှောင်မိုက်ထဲ၌ ဖြတ်ကူးရစေကြောင်း အခွင့်ပေးမည်လော” ဟုတောင်းလျှောက်ခဲ့ပါသည်။ ကိုယ်တော်ရှင်က “သင်တို့၏သင်္ဘောထဲ၌ အလင်းရနိုင်ခြင်းငှာ အဘယ်အရာကို ငါပြုရန်အလိုရှိကြသနည်း” ဟု ဖြေကြားကာ၊ မိန့်တော်မူခဲ့ပါသည်။ (ဧသာ ၂း၂၂၊ ၂၃)။
ယာရက်၏အစ်ကိုသည် ကိုယ်တော်ရှင်၌ အလုံးစုံသောတန်ခိုးရှိကြောင်း သိရှိခဲ့ပါသည်။ ကိုယ်တော်ရှင်သည် အလင်းတို့၏ မြစ်ဖျားခံရာဖြစ်ကြောင်း သူသိရှိခဲ့ပါသည်။ ကိုယ်တော်ရှင်သည် သူ၏လူမျိုးများအား လိုအပ်သောအချိန်တွင် သူ့အား ပဌာနပြုရမည့်အကြောင်း ပညတ်တော်မူထားသည်ကို သူသိရှိခဲ့ပါသည်။ သို့ဖြစ်၍၊ ကိုယ်တော်ရှင်၌ယုံကြည်ကိုးစားခြင်းဖြင့်၊ ယာရက်၏အစ်ကိုသည် သေးငယ်သောကျောက်ခဲ တစ်ဆယ့်ခြောက်လုံးကို ပြင်ဆင်ခဲ့ပါသည်။ ထို့နောက် သူသည် ကျောက်ခဲများကို “မှောင်မိုက်ထဲ၌တောက်ပစေခြင်းငှာ”ကိုယ်တော်ရှင်၏လက်ချောင်းဖြင့် တို့ထိရန်၊ တောင်းလျှောက်တော်မူခဲ့သည်ကို သင်မှတ်မိပါလိမ့်မည် (ဧသာ ၃း၄)။
ကျွန်ုပ်သည် ထိုဇာတ်လမ်းကို ဖတ်စဉ်ကပင် ထိုကျောက်ခဲများကိုတို့ထိနေသော ကိုယ်တော်ရှင်၏ပုံရိပ်ကို ကျွန်ုပ်၏ စိတ်ထဲ၌ ပုံဖော်ခဲ့ပါသည်။ ထိုအဖြစ်အပျက်သည် ကျွန်ုပ်၏မျက်စိရှေ့တွင် ဖြစ်ပျက်နေသကဲ့သို့ မြင်ခဲ့ရပါသည်။ ထိုသို့ဖြစ်ခြင်းမှာ အလင်းအားဖြင့် လွင့်ပြယ်သွားသော မှောင်မိုက်ပုံရိပ်သည် ကျွန်ုပ်အတွက် လက်တွေ့ကြုံခဲ့ခြင်းကြောင့် ဖြစ်နိုင်ပါသည်။
ကျွန်ုပ်သည် သန့်ရှင်းသောဝိညာဉ်တော်ကို မခံစားရသောအခါ၊ ကိုယ်တော်၏ ဝိညာဉ်တော်နှင့် အနည်းငယ်လွဲချော်နေသောအခါ၊ မှောင်မိုက်ခြင်းကို ခံစားရပါသည်။ သို့ရာတွင် မော်မုန်ကျမ်းကို ဖတ်ရှုသောအခါ၌၊ အလင်းသည် ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ မော်မုန်ကျမ်းသည် ကျွန်ုပ်အတွက် ကိုယ်တော်တို့ထိလိုက်သော တောက်ပသည့် ကျောက်ခဲကဲ့သို့ပင် ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်၏အသက်တာခရီးလမ်းတစ်လျှောက်၌ အလင်းပေးခဲ့ပါသည်။
ကာလအစဉ်အဆက် အလင်းတစ်ခု
ရှေးအမေရိကတိုက်များဆီသို့ ကိုယ်တော်၏လက်ဖြင့် ဆောင်ယူခြင်းခံခဲ့ရသော သူများကဲ့သို့ပင်၊ ကျွန်ုပ်တို့အားလုံးသည် မြင့်မြတ်သည့် ကတိတော်မြေသို့ သွားရာခရီးလမ်းတွင် မုန်တိုင်းများနှင့်မှောင်မိုက်သောနေ့ရက်များကို ရင်ဆိုင်ရပါလိမ့်မည်။ သို့ရာတွင် ကိုယ်တော်ရှင်သည် ယာရက်အမျိုးသားများနှင့်နီဖိုင်းလူမျိုးတို့အတွက် သူပြုတော်မူခဲ့သည့်အတိုင်း ကျွန်ုပ်တို့အတွက်လည်း ပြုတော်မူပါလိမ့်မည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ရှင်အား နာခံခြင်း၊ ယုံကြည်ကိုးစားခြင်းနှင့် သူ၏အကူအညီအား တောင်းလျှောက်ခြင်း ပြုပါက—သူသည် ကျွန်ုပ်တို့အားလမ်းပြပြီး၊ ကျွန်ုပ်တို့၏ လမ်းကိုလင်းစေပါလိမ့်မည်။
ကိုယ်တော်ရှင်သည် နီဖိုင်းအား၊ “ငါသည် တောရိုင်းထဲ၌ သင်တို့၏ အလင်းလည်း ဖြစ်တော်မူပါမည်။ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလျှင်၊ သင်တို့ရှေ့၌ လမ်းကိုလည်းပြင်ဆင်တော်မူမည်။ သို့ဖြစ်၍၊ သင်တို့သည် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြသမျှ ကတိတော်မြေဆီသို့ ခေါ်ဆောင်ခံရမည်။ ငါအားဖြင့် ခေါ်ဆောင်ခံရသည်ကိုလည်း သင်တို့သိကြလိမ့်မည်”ဟု မိန့်တော်မူ၏ (၁နီဖိုင်း ၁၇း၁၃)။
ကိုယ်တော်ရှင်သည် နီဖိုင်း၏အစ်ကို ယာကုပ်အား၊“ငါ၏နှုတ်ကပတ်တော်တို့ကို ကြားနာသူတို့အဖို့ ကာလအစဉ်အဆက် အလင်းဖြစ်တော်မူမည်” ဟုမိန့်တော်မူခဲ့ပါသည်(၂နီဖိုင်း ၁၀း၁၄)။
ယေရှုခရစ်တော်အကြောင်း၊ ပရောဖက်အဘိနဒိက၊ “သူသည် လောက၏ အလင်းနှင့် အသက်၊ အထူးသဖြင့် အဆုံးမရှိသော၊ အဘယ်တော့မျှ မှောင်မိုက်စေနိုင်ခြင်းမရှိသောအလင်းဖြစ်၏။ အထူးသဖြင့်၊ အဆုံးမရှိသည့်အသက်လည်းဖြစ်သဖြင့်၊ သေခြင်း မရှိနိုင်တော့”ဟုသက်သေခံခဲ့သည်(မောဇိယ၁၆း၉)။
သူကိုယ်တိုင်၏အကြောင်းကိုကား၊ ကယ်တင်ရှင်က၊ “ငါသည် လောက၏အလင်းနှင့်အသက်ဖြစ်၏”ဟုသက်သေခံခဲ့သည်။ ကိုယ်တော်က၊ “ရှုလော့၊ ငါသည်အလင်းဖြစ်၏၊ ငါသည် သင်တို့အတွက် ပုံသက်သေကို ပြတော်မူလေပြီ” ဟုထပ်လောင်းသက်သေခံခဲ့ပါသည် (၃နီဖိုင်း ၉း၁၈၊ ၁၈း၁၆)။
အလင်းကိုခံစားခြင်း
ကျွန်ုပ်သည် ကျွန်ုပ်တို့၏ပရောဖက်ဖြစ်သူ၊ ဥက္ကဌ ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်အား ချစ်ပါသည်။ ကျွန်ုပ်သည် သူ၏ဘေးတွင် အမှုတော်ဆောင်ခွင့်ရသော ကောင်းချီးကို ရရှိပါသည်။ သူသည် အခန်းတစ်ခန်းထဲသို့ ဝင်လာပါက၊ ထိုအခန်းသည် ရုတ်ချည်း လင်းလက်သွားသကဲ့သို့ ခံစားရပါသည်။ သူသည် ခရစ်တော်၏အလင်းကို သူနှင့်အတူသယ်ဆောင်လာပါသည်။
ခရစ်တော်၏အလင်းသည် အစစ်အမှန်ဖြစ်ပါသည်။ ထိုအရာသည် “ဘုရားသခင်မှ ယေရှုခရစ်တော်အားဖြင့် လုပ်ဆောင်သည့် မြင့်မြတ်သောစွမ်းအင်၊ တန်ခိုး၊ သို့ လွှမ်းမိုးမှုဖြစ်ပြီး၊ အရာခပ်သိမ်းအား အသက်တာနှင့်အလင်းကိုပေးပါသည်။” ထိုအရာသည် တန်ဖိုးထားအပ်သည့် ဝိညာဉ်ရေးရာဆုကျေးဇူးဖြစ်ပြီး ဘုရားသခင်၏သားသမီးများကို သန့်ရှင်းသောဝိညာဉ်တော်နှင့် ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ထံသို့ လမ်းပြပေးနိုင်ပါသည်။၁ မော်မုန်ကျမ်းအားဖတ်ရှုခြင်းသည် ထိုအလင်းကို အားကောင်းစေပါသည်။
ကျွန်ုပ်တို့၏လမ်းခရီးတွင် မည်သို့ အကူအညီပေးခံခဲ့ရကြောင်း သတိရရန် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဘဝများကို ပြန်လည်ဆန်းစစ်ကြည့်ရန်လိုအပ်ပါသည်။ ထိုသို့ပြန်လည်ဆန်းစစ်သည်နှင့်အမျှ၊ ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏လွှမ်းမိုးမှုကို နောက်တစ်ကြိမ် ခံစားနိုင်ပါသည်။ ကျမ်းစာများက၊ “သတိရကြလော့၊ သတိရကြလော့”(ဟေလမန် ၅း၁၂)ဟုပြောသည့်အခါ၊ “သင်တစ်ချိန်က သိခဲ့ဖူးသော သို့ ခံစားခဲ့ဖူးသောအရာကိုသာ မမှတ်မိပါနှင့်၊ ထိုအလင်းကို ပြန်လည်ခံစားပါ” ဟုပြောနေသည်ဟု ကျွန်ုပ်ထင်မိသည်။
တချို့သောသူများအတွက် ဝိညာဉ်ရေးရာအလင်းကို ခံစားခြင်းသည် လွယ်ကူပါသည်။ တခြားသောသူများအတွက်မူ၊ ဝိညာဉ်ရေးရာအလင်းသည် ကိုယ်ရေးကိုယ်တာအခက်အခဲများ သို့ လောကီအာရုံထွေပြားမှုများကြောင့် ခံစားရန်ခက်ခဲနိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိသည်နှင့်အမျှ၊ အလင်းသည် ရောက်လာပါလိမ့်မည်—တစ်ခါတစ်ရံ ကျွန်ုပ်တို့ မမျှော်လင့်ထားသည့်နည်းလမ်းများဖြင့်လည်းရောက်လာနိုင်ပါသည်။
“ဆုတောင်းခြင်းပြည့်ဝစွာဖြင့် မော်မုန်ကျမ်းကို နေ့စဉ်လေ့လာရန်”၂ ကျွန်ုပ်တို့အား၊ အကြံပြုခဲ့သော ဥက္ကဋ္ဌနယ်လ်ဆင်က၊ ကျွန်ုပ်တို့အား ကယ်တင်ရှင်နှင့် ပိုမိုနီးကပ်လာစေရန်၊ ဧဝံဂေလိ၏အလင်းကို ခံစားနိုင်ရန်၊ ဧဝံဂေလိ၏မှန်ကန်ခြင်းတရားများကို နားလည်သဘောပေါက်နိုင်ရန်၊ နှင့်ဧဝံဂေလိသွန်သင်မှုများအတိုင်းနေထိုင်ရန် မော်မုန်ကျမ်းမှ ကူညီပေးနိုင်မည့် နည်းလမ်းများစွာကို ဝေမျှခဲ့ပါသည်။
ကျွန်ုပ်တို့သည် မော်မုန်ကျမ်းအားဖတ်ရှုကြသည်နှင့်အမျှ၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းကို နားလည်သဘောပေါက်ခြင်း၊ နှင့်ကျေးဇူးတင်ရှိခြင်းသည် ကြီးမားလာလိမ့်မည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌနယ်လ်ဆင်က ပြောကြားခဲ့သည်။
ကျွန်ုပ်တို့သည် “တဖန်မွေးဖွားခြင်း” ကိုခံယူလိုသည့် စိတ်ဆန္ဒကို ခံစားရပါလိမ့်မည် (မောဇိယ ၂၇း၂၅)၊ အကြောင်းမှာ မော်မုန်ကျမ်းသည် ကျွန်ုပ်တို့၏နှလုံးသားကို ပြောင်းလဲရန်ကူညီပေးသောကြောင့်ဖြစ်ပါသည် (ရှု မောဇိယ ၅း၂)။
ကျွန်ုပ်တို့သည် ဣသရေလ၏စုရုံးခြင်းအကြောင်း မော်မုန်ကျမ်း၏သင်ကြားခြင်းများတွင် ဖတ်ရှုလေ့လာရသောအခါ၊ ကျွန်ုပ်တို့၏ သေလွန်ပြီးသောအမျိုးအနွယ်များကို ရှာဖွေပြီး ၎င်းတို့အတွက် ကယ်တင်ခြင်းနှင့် မြင့်မြတ်ခြင်း ဘိသိက်မင်္ဂလာများကို ဗိမာန်တော်ထဲတွင် ဆောင်ရွက်ပေးလိုသည့် စိတ်ဆန္ဒများတိုးပွားလာသည်ကို ခံစားရပါလိမ့်မည်။
ကျွန်ုပ်တို့၏မေးခွန်းများအတွက် အဖြေများ၊ ဆုံးဖြတ်ချက်များပြုလုပ်ရာတွင် လမ်းညွှန်မှုများ၊ နောင်တရရန်နှင့်မကောင်းမှုအားကြံ့ကြံ့ခံရန် ခွန်အားများ လက်ခံရရှိသောအခါ၊ ကျွန်ုပ်တို့သည် အလင်းကို ခံစားမိပါလိမ့်မည်။
၎င်းအပြင် ကျွန်ုပ်တို့သည် မော်မုန်ကျမ်းတွင်ပါရှိသော အမှန်တရားများကို ဖတ်ရှုသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်အား ကုစားခံရခြင်း၊ နှစ်သိမ့်ခံရခြင်း၊ ပြန်လည်ထောင်မတ်ခြင်း၊ စောင်မခံရခြင်း၊ ခွန်အားဖြည့်ခြင်း၊ ဖြေသိမ့်ခံရခြင်းနှင့် အားတက်စေခြင်းတို့ကို ခံစားရပါလိမ့်မည်။၃
“အို ထိုသို့ဆိုလျှင်၊ ဤအမှုသည် အစစ်အမှန် မဟုတ်လေသလော။” အယ်လမာသည် အမှန်တရားမျိုးစေ့၏ ဖောင်းပွလာခြင်း၊ အပင်ပေါက်လာခြင်း၊ အသိပညာ၊ သက်သေခံချက်တို့နှင့် စပ်လျဉ်းပြီး မေးမြန်းခဲ့ပါသည်။ “ထိုအရာသည်ကား၊ အလင်းဖြစ်သောကြောင့်၊ ဟုတ်ပေ၏ဟု သင်တို့ကို ငါဆို၏၊ ပိုင်းခြား၍သိမြင်နိုင်ကြောင့်၊ အလင်းဖြစ်သောအရာမှန်သမျှသည် ကောင်းမြတ်၏၊ ထို့ကြောင့်၊ကောင်းမြတ်သည်ကို သင်တို့ သိရမည်”(အယ်လမာ ၃၂း၃၅)။
ဟိန်းန်ရစ်ချ် ဟော့ခ်မန်း၏၊ ခရစ်တော်၏ပုံ
အမှောင်ထုထဲတွင် ကယ်တင်ရှင်အား ရှာဖွေပါ
ကျွန်ုပ်၏ သူငယ်ချင်းဖြစ်သူ ကမ်မရမ်သည် အသက် ၁၀နှစ်အရွယ်တွင်၊ သူမ၏ ညာဘက်မျက်လုံးရှိ မျက်ကြည်လွှာကို ကူးစက်သော ရှားပါးနာတာရှည်မျက်စိရောဂါတစ်မျိုး ဖြစ်ပွားခဲ့ပါသည်။၄ တစ်ခါတစ်ရံတွင်၊ ရောဂါနှင့်ဆက်နွယ်သောနာကျင်မှုသည် အဆက်မပြတ်ဖြစ်လာပြီး သည်းမခံနိုင်တော့သည့်အခါ၊ ကမ်မရမ်သည် မည်သည့်အလင်းရောင်ကိုမျှ မခံနိုင်တော့ပါ။ သူမ၏မိဘများသည်၊ သူမမျက်စိကွယ်သွားမည်ကို စိုးရိမ်ခဲ့ကြပြီး၊ သူမအားသက်တောင့်သက်သာဖြစ်စေရန် သူမအိပ်ခန်းထဲရှိ ပြတင်းပေါက်များကို အမှောင်ချထားခဲ့ကြသည်။ ကမ်မရမ်၏မိခင်ဖြစ်သူ၊ ဂျန်နာက၊ ပြန်လည်ပြောပြခဲ့သည်၊
“ရောဂါသိပြီး လေးလအကြာ၊ ကျွန်မ သူမရဲ့ မှောင်မဲနေတဲ့အိပ်ခန်းထဲကို ဝင်သွားခဲ့ပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေကို အားယူပြီးကြည့်လိုက်တဲ့အခါ ၊ သူမရဲ့အိပ်ရာပေါ်မှာ သန္ဓေသားလောင်းပုံစံကွေးနေတဲ့ ကမ်မရမ်ကို မြင်လိုက်ရတယ်။ သူမက အရမ်းနာကျင်နေတာကြောင့် ကျွန်မဝင်လာတာကိုကြားတာတောင် လှုပ်လည်းမလှုပ် ငိုတောင်မငိုနိုင်ခဲ့ပါဘူး။ သူမက အဲဒီနေရာမှာပဲ ယောင်ကိုင်းနေတဲ့မျက်လုံးတွေကို ပိတ်လျက်သား လဲလျောင်းနေခဲ့ပါတယ်။
“ကျွန်မက သူမရဲ့အိပ်ရာဘေးမှာ ဒူးထောက်လိုက်တယ်၊ သူမရဲ့လက်တွေကို ကျွန်မလက်ထဲကိုဆွဲယူလိုက်ပြီး သုံးကြိမ် ဖြစ်ညှစ်လိုက်တယ်—‘ချစ်တယ်’လို့ ဆိုလိုတဲ့ ကျွန်မတို့ရဲ့ လျို့ဝှက်ကုဒ်ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် သူမက ‘သမီးကပိုချစ်ပါတယ်’ ဆိုတဲ့ အဓိပ္ပါယ်နဲ့ လေးကြိမ် ပြန်ညှစ်ပေးပါတယ်၊ ဒါပေမယ့် သူမက မတုံ့ပြန်ခဲ့ပါဘူး။ သူမက အင်မတန်နာကျင်နေတာမို့လို့ပါ။ ကျွန်မရဲ့ပါးပြင်ပေါ်ကိုကျဆင်းလာတဲ့မျက်ရည်တွေနဲ့အတူ၊ ဘောလုံးတစ်လုံးလို ခွေခေါက်နေတဲ့ ကျွန်မရဲ့ တစ်ချိန်က တက်ကြွရွင်ပျခဲ့တဲ့ ၁၀နှစ်သမီးလေးကို ကြည့်လိုက်ပါတယ်။ ကျွန်မရဲ့နှလုံးသားကြေမွသွားခဲ့ပါတယ်။”
ဂျန်နာသည် တိတ်ဆိတ်ပြီး၊ လေးနက်ကြေကွဲသော ဆုတောင်းခြင်းတစ်ခုကို ပြုခဲ့ပါတယ်။
“ကျွန်မ ကောင်းကင်ဘုံရှင်အဖကိုပြောခဲ့တယ်၊ ကိုယ်တော်ရှင်အသိဆုံးဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် ‘ကျေးဇူးပြုပြီး သူမကိုကူညီပါ‘လို့ ကျွန်မဆုတောင်းခဲ့ပါတယ်။ ကျွန်မအဲဒီနေရာမှာထိုင်ပြီး ဆုတောင်းနေရင်း၊ နွေးထွေးတဲ့လှိုင်းတစ်ခု ကျွန်မအပေါ်ဖြတ်ပြေးသွားခဲ့တယ်။ ယေရှုခရစ်တော်အကြောင်း အတွေးတစ်ခု ကျွန်မစိတ်ထဲကို ရောက်လာတဲ့အခါ ကျွန်မငြိမ်သက်သွားခဲ့တယ်၊ ‘ကိုယ်တော်သည် အလင်းဖြစ်သည်၊ သူ့အား အမှောင်ထုထဲတွင် ရှာပါ။”
ဂျန်နာသည် ခေါင်းထောင်လိုက်ပြီး ကမ်မရမ်၏ နားထဲသို့ တီးတိုးပြောခဲ့သည်၊ “သမီး ကယ်တင်ရှင်ကို အမှောင်ထုထဲမှာ ရှာဖွေရမယ်။”
နောက်ပိုင်းတွင်၊ ကမ်မရမ်သည် အသင်းတော်စာကြည့်တိုက်အက်ပ်ထဲရှိ ဓမ္မသီချင်းများနှင့်ကျမ်းစာများကို နားထောင်ရင်း အိပ်မောကျသွားခဲ့ပါတယ်။
သူမ၏မျက်စိကူးစက်ရောဂါ ပြန်ပေါ်လာသောအခါ၊ ကမ်မရမ်သည် အမှောင်ထုထဲတွင် ကယ်တင်ရှင်ကို ရှာဖွေတတ်သွားပါတယ်။
ကမ်မရမ်၏မိသားစု ကျေးဇူးပြုသော ဓာတ်ပုံ
ကမ်မရမ်၏ရောဂါသည် အချိန်အများစုတွင် ငုံ့နေတတ်သော်လည်း၊ ပြန်ပေါ်လာသောအခါမျိုးတွင်၊ ဂျန်နာနှင့်သူမ၏အမျိုးသားတို့သည်၊ သူမအားနှစ်သိမ့်ပေးကြပြီး သူမ၏ အိပ်ခန်းပြတင်းတံခါးများကို စောင်များဖြင့် ထပ်မံအုပ်ထားရပါတယ်။ ထိုကဲ့သို့ နာကျင်ခံစားနေသောအချိန်များတွင်၊ ကမ်မရမ်က၊ “သမီးက အမှောင်ထဲမှာ ကယ်တင်ရှင်ကို ရှာနေတာပါ” ဟုပြောတတ်ပါတယ်။၅
ဘဝသည် “မှောင်မိုက်၍ ခြောက်ခြားဖွယ်ကောင်းသော တောရိုင်းတစ်ခု” (၁နီဖိုင်း၈း၄) နှင့်တူသောအခါ၊ ကျွန်ုပ်တို့သည်လည်း အမှောင်ထဲတွင် ကယ်တင်ရှင်အား ရှာဖွေရန်လိုအပ်ပါတယ်။ “ယေရှုသည် ခရစ်တော်၊ ထာဝရဘုရား ဖြစ်ကြောင်း၊ ”၆ ၎င်း၏သက်သေခံချက်နှင့်အတူ မော်မုန်ကျမ်းသည် ကျွန်ုပ်တို့အား ကိုယ်တော်ထံသို့ လမ်းပြလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်သက်သေခံပါတယ်။ မော်မုန်ကျမ်းကို စစ်မှန်စွာဖတ်ရှုပြီး ၎င်း၏ပညတ်ချက်များအတိုင်းနေထိုင်ကာ ၎င်း၏မှန်ကန်မှုကို ဆုတောင်းရှာဖွေသူများသည် သန့်ရှင်းသောဝိညာဉ်တော်အားခံစားရမည်ဖြစ်ပြီး ကယ်တင်ရှင်အားသက်သေခံရာတွင် ယုံကြည်ခြင်းတိုးပွားလာမည်ဖြစ်ကြောင်း ကျွန်ုပ်သိရှိပါတယ်။
ကျွန်ုပ်တို့သည် ဤ“အမှန်ကန်ဆုံး” စာအုပ်အတွက်၇ ကျွန်ုပ်တို့၏ ကျေးဇူးသိတတ်ခြင်းကို ထိုစာအုပ်အား ဖတ်ရှုခြင်း၊ တန်ဖိုးထားခြင်း၊ လောက၏အလင်းထဲတွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် တစ်ပါးသူများ၏ယုံကြည်ခြင်းကို ခိုင်မာစေရန် အသုံးပြုခြင်းဖြင့် ပြသနိုင်ပါတယ်။
© 2024 by Intellectual Reserve, Inc. မူပိုင်ခွင့်ရရှိပြီး။ USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, January 2024.၏ဘာသာပြန် Language. 19273 256