“ဗိမာန်တော်သို့တက်ရောက်ရန်ပြင်ဆင်ခြင်း၊” လီယဟိုနာ၊ ဒီ၊ ၂၀၂၃။
လစဉ် လီယဟိုနာ အမှာစကား၊ ဒီဇင်ဘာ ၂၀၂၃
ဗိမာန်တော်သို့တက်ရောက်ရန်ပြင်ဆင်ခြင်း
မာခ့် ဘရွန်ဆင်၏ အော်ဂဒန် ယုတဗိမာန်တော်ဓာတ်ပုံ
ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏ ဗိမာန်တော်များထဲတွင် ကျွန်ုပ်တို့ကိုယ်တိုင်နှင့်ဘိုးဘေးများအတွက် သန့်ရှင်းမြင့်မြတ်သော ပဋိညာဉ်များနှင့်ဘိသိက်မင်္ဂလာများကို လက်ခံရရှိနိုင်သည်။ ကောင်းကင်ဘုံရှင်အဖနှင့်ယေရှုခရစ်တော်အား ချစ်ခင်ကြောင်းနှင့်ကျေးဇူးတော်ချီးမွမ်းကြောင်း ပြသရန် ကျွန်ပ်တို့သည် ဗိမာန်တော်သို့ တက်ရောက်ကြသည်။ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်အတိုင်း သင်ယူလေ့လာပြီး နေထိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဗိမာန်တော်သို့ တက်ရောက်ရန် ပြင်ဆင်နိုင်သည်။ ဗိမာန်တော်များအကြောင်း ပိုမိုသိရှိလိုပါက၊ ဧဝံဂေလိအခြေခံဆောင်းပါးဖြစ်သည့် “ဗိမာန်တော်အလုပ်”အား အောက်တိုဘာ ၂၀၂၁ ထုတ် လီယဟိုနာ ထဲတွင် ကြည့်ပါ။
မက်သရူး ရဲရား၏ ဒါးဘန် တောင်အာဖရိကဗိမာန်တော်ဓာတ်ပုံ
ကိုယ်တော်ရှင်၏အိမ်တော်
ဗိမာန်တော်များကို “ကိုယ်တော်ရှင်၏အိမ်တော်” ဟုခေါ်ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ကျွန်ုပ်တို့အပေါ်တွင်ထားရှိသော သူ၏ချစ်ခြင်းမေတ္တာကို ခံစားနားလည်နိုင်သည့် သန့်ရှင်းမြင့်မြတ်ရာနေရာများဖြစ်သည်။ ၎င်းတို့သည် ကျွန်ုပ်တို့အား ထာဝရအသက်တာ ရရှိအောင် ပြင်ဆင်ပေးမည့် ပဋိညာဉ်များပြုလုပ်ရန် နှင့် ထူးကဲသောဘိသိက်မင်္ဂလာများကို လက်ခံရရှိနိုင်မည့် နေရာများဖြစ်ကြသည်။ ( ပဋိညာဉ်များသည် ဘုရားသခင်နှင့်သူ၏သားသမီးများကြားတွင် ပြုလုပ်သော သန့်ရှင်းမြင့်မြတ်သည့် ကတိတော်များဖြစ်ကြသည်။) ကျွန်ုပ်တို့၏ ပဋိညာဉ်များကို နာခံခြင်းနှင့် ထိုဘိသိက်မင်္ဂလာများကို လက်ခံရရှိခြင်းသည် ကျွန်ုပ်တို့အား ကောင်းကင်ဘုံရှင်အဖ၊ယေရှုခရစ်တော်တို့နှင့် ထူးခြားသောဆက်ဆံရေးကို ဖြစ်ပေါ်စေသည်။
ဂျနေး ဘင်ဟမ်၏ ဂွာရာခီ အီကွေဒေါဗိမာန်တော်ဓာတ်ပုံ
ဗိမာန်တော်အား မည်သူတက်ရောက်နိုင်သနည်း။
အသင်းဝင်များသည် အသက်(၁၂)နှစ်ပြည့်သည့် နှစ်မှစ၍ သေလွန်သောသူတို့အတွက် ဗတ္တိဇံခံပေးခြင်းများ ပြုလုပ်နိုင်သည်။ အသင်းဝင်တစ်ဦးသည် အနည်းဆုံး အသက်(၁၈)နှစ် ပြည့်လျှင်သော်လည်းကောင်း၊ အသင်းဝင်အဖြစ် အနည်းဆုံး (၁)နှစ်ပြည့်ပြီးလျှင်သော်လည်းကောင်း၊ ဗိမာန်တော်ပဋိညာဉ်များကို ပြုလုပ်ရန်နှင့်စောင့်ထိန်းရန် လိုလားလျှင်သော်လည်းကောင်း ဝိညာဉ်ပကတိအပ်နှင်းခြင်းအား လက်ခံရရှိနိုင်သည် (ရှု အထွေထွေလက်စွဲစာအုပ်၊ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်တွင် အမှုတော်ဆောင်ခြင်း၊၂၇.၂.၂၊ ChurchofJesusChrist.org)။ ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းကိုလက်ခံရရှိပြီးသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့သည် ဗိမာန်တော်ထဲတွင် ထာဝရအတွက် ပေါင်းစည်းခြင်း(ထိမ်းမြားခြင်း)ကို ပြုလုပ်နိုင်သည်။
ပဋိညာဉ်များ နှင့် ဘိသိက်မင်္ဂလာများ
သင်သည် ဗိမာန်တော်ထဲတွင် ပဋိညာဉ်များပြုလုပ်ပြီး ဘိသိက်မင်္ဂလာများကို လက်ခံရရှိနိုင်သည်။ “ဘုရားသခင်နဲ့ ပဋိညာဉ်ဆက်ဆံရေးထဲကို ဝင်ရောက်ခြင်းက ကျွန်တော်တို့ကို ဘဝနဲ့ပတ်သက်တဲ့ အရာတိုင်း ကို ပိုပြီးလွယ်ကူစေတဲ့နည်းနဲ့ ကျွန်တော်တို့ကို ကိုယ်တော်နဲ့ ပေါင်းစည်းပါတယ်။”(ရပ်ဆဲလ် အမ်၊ နယ်လ်ဆင်၊ “လောကကိုအောင်နိုင်၍ချမ်းသာခြင်းကိုရှာလော့၊” လီယဟိုနာ၊ နို၊ ၂၀၂၂၊ ၉၇)။ ဘိသိက်မင်္ဂလာတစ်ခုဆိုသည်မှာ ယဇ်ပရောဟိတ်အခွင့် အာဏာအားဖြင့် လုပ်ဆောင်ရသော သန့်ရှင်းမွန်မြတ်သည့် ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်တစ်ခု ဖြစ်သည်။ ဘိသိက်မင်္ဂလာများတွင် လေးနက်သော ဝိညာဉ်ရေးရာအဓိပ္ပါယ်ရှိသည်။ ဥပမာအားဖြင့်၊ သင်သည် ဘိသိက်မင်္ဂလာတစ်ခုတွင် ပါဝင်ဆောင်ရွက်သောအခါ၊ ဘုရားသခင်၏ ပဋိညာဉ်များကို လက်ခံပြီး လိုက်နာစောင့်ထိန်းရန် ဆန္ဒရှိကြောင်း ဘုရားသခင်အား ပြသသည်။
မိမိကိုယ်တိုင်ပြင်ဆင်ခြင်း
ယေရှုခရစ်တော်၏ သွန်သင်မှုများအတိုင်း လိုက်လျှောက်ခြင်းနှင့် ဗတ္တိဇံခံရာတွင် ဘုရားသခင်နှင့်ပြုလုပ်ခဲ့သည့် ပဋိညာဉ်များကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် ဝိညာဉ်ရေးရာ၌ ပြင်ဆင်ပါ။ သင်သည် ကျမ်းစာများနှင့်အထွေအထွေညီလာခံမိန့်ခွန်းများကဲ့သို့သော အသင်းတော်၏အထောက်အပံ့များကိုလည်း လေ့လာနိုင်သည်။ Temples.ChurchofJesusChrist.org မှ သင်ဗိမာန်တော်သို့ တက်ရောက်သောအခါ ကြုံတွေ့လာရမည့်အရာများအကြောင်း အချက်အလက်ကိုပေးပါသည်။ ထိုအချက်အလက်များတွင် ဗိမာန်တော်ပဋိညာဉ်များ၊ ဘိသိက်မင်္ဂလာများနှင့် သင်္ကေတသရုပ်ဖော်ခြင်းတို့အကြောင်း အသေးစိတ် ပိုမိုပါဝင်သည်။
အိဗ် တက်ဖ်၏ နော်ဘူး အီလီနွိုက်စ်ဗိမာန်တော်ဓာတ်ပုံ
သင်္ကေတသရုပ်ဖော်ခြင်း
ကိုယ်တော်ရှင်သည် သင်္ကေတများအသုံးပြုပြီး မကြာခဏသင်ကြားသည်။ ဥပမာအားဖြင့်၊ ဗတ္တိဇံခံခြင်း—ရေအောက်သို့ရောက်ခြင်းနှင့်တဖန်ပြန်ထလာခြင်း—သည် သင်၏လူဟောင်းသေဆုံး၍ လူသစ်တဖန်မွေးဖွားလာခြင်းနှင့်တူသည် (ရှု ရောမဩဝါဒစာ ၆း၃-၆)။ ဗိမာန်တော် ဘိသိက်မင်္ဂလာများသည် ယေရှုခရစ်တော်နှင့်သူ၏အပြစ်ဖြေခြင်းအား ရည်ညွှန်းသည်။ ဗိမာန်တော်သို့တက်ရောက်သည့် ပထမဆုံးအကြိမ်တွင် သင်္ကေတသရုပ်ဖော်ခြင်းအား နားလည်ရန် ခက်ခဲကောင်းခက်ခဲပါလိမ့်မည်၊ သို့ရာတွင် သင်၏အသက်တာတစ်လျှောက်လုံး ဗိမာန်တော်သို့ ပြန်လာခြင်းအားဖြင့် ဆက်လက်သင်ယူလေ့လာနိုင်ပါသည်။
ဗိမာန်တော်ထောက်ခံချက်
ဗိမာန်တော်သို့ဝင်ရောက်ရန် သင်သည် ပြင်ဆင်ခြင်း နှင့် ထိုက်တန်ခြင်း ရှိရန်လိုအပ်ပါသည်။ သင်၏ သင်းအုပ် (သို့) အသင်းတော်ခွဲဥက္ကဋ္ဌ၊ သင်၏ ပန္နက် (သို့) သာသနာပြုဥက္ကဋ္ဌနှင့် လူတွေ့မေးမြန်းပြီးနောက် သင်သည် ဗိမာန်တော်သို့ ဝင်ရောက်ရန် ထောက်ခံချက်ကို ရရှိနိုင်ပါသည်။ ဤခေါင်းဆောင်များသည် သင့်အား ယေရှုခရစ်တော်၏ ဧဝံဂေလိတရားနှင့်အညီ နေထိုင်ကြောင်း သေချာစေရန် မေးခွန်းအစုံလိုက် မေးပါလိမ့်မည်။ သင်၏ခေါင်းဆောင်များသည် ထိုမေးခွန်းများအကြောင်းကို သင့်အားကြိုတင်ပြောပြနိုင်ပါသည်။
သင်၏ဘိုးဘေးများအတွက် ဗိမာန်တော်သို့ ပြန်လာခြင်း
ကောင်းကင်ဘုံရှင်အဖသည် သူ၏သားသမီးများအားလုံးကို သူနှင့်ပဋိညာဉ်များပြုလုပ်ပြီး သန့်ရှင်းမွန်မြတ်သော ဘိသိက်မင်္ဂလာများ လက်ခံရရှိစေလိုပါသည်။ ဗတ္တိဇံခံခြင်းနှင့်ဝိညာဉ်ပကတိအပ်နှင်းခြင်းကဲ့သို့သော ဘိသိက်မင်္ဂလာများကို ဧဝံဂေလိတရားတော်အား လက်ခံရရှိခြင်းမရှိဘဲ ကွယ်လွန်သွားသောသူတို့အတွက် ဗိမာန်တော်များထဲတွင် လုပ်ဆောင်ရမည်ဖြစ်သည်။ သင်၏ ဆုံးပါးသွားသော မိသားစုဝင်များအတွက် ဘိသိက်မင်္ဂလာများပြုလုပ်ရန် ဗိမာန်တော်သို့ ပြန်လာနိုင်ပါသည်။
© 2023 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, December 2023. ၏ဘာသာပြန် Language. 19049 256