၂၀၂၃
ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်း
ဇူလိုင် ၂၀၂၃


“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်း၊” လီယဟိုနာ ဇူလိုင် ၂၀၂၃။

လစဉ် Liahona အမှာစကား၊ ဇူလိုင် ၂၀၂၃

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်း

ပေါင်ပေါ်တွင် ကျမ်းစာများဖွင့်ကြည့်နေသည့် လူငယ်အမျိုးသမီး

ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော် အသင်းသားများဖြစ်သောကြောင့်ရရှိသည့် ကောင်းချီးမင်္ဂလာများအကြောင်းကို စဉ်းစားကြသောအခါ၊ ဧဝံဂေလိတရားတော်ကို ကျွန်ုပ်တို့ချစ်သောသူများနှင့် ဝေငှလိုကြပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရားသက်သေခံချက်များကို ကျွန်ုပ်တို့၏စကားလုံးများနှင့် ကျွန်ုပ်တို့၏ပုံသက်သေအားဖြင့် ဝေငှနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ဝေငှရမည့်သူနှင့် ပြောရမည့်အရာတို့ကို သိရန် လမ်းပြလှုံ့ဆော်ခြင်းအတွက် ဆုတောင်းနိုင်ပါသည်။

နာမကျန်းသူအမျိုးသားတစ်ဦးကို ကူညီနေသည့် ယေရှု

အခြားသူများကို ချစ်ပါ

ဧဝံဂေလိတရားတော်ကို ဝေငှခြင်း၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုမှာ အခြားသူများကို ချစ်ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့သောအပြုအမူများဖြင့် အခြားသူများသို့ ကျွန်ုပ်တို့၏ချစ်ခြင်းကို ပြသောအခါ၊ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်ကို ဝေငှနေကြပါသည်—တစ်ခါတစ်ရံတွင် စကားတစ်လုံးမျှမပြောပါ။ အခြားသူများသည် ကျွန်ုပ်တို့ သူတို့ကို အမှန်ဂရုစိုက်ကြောင်း သိကြသောအခါ၊ ဧဝံဂေလိတရားတော်နှင့် ပတ်သက်သည့် ကျွန်တော်တို့၏အတွေးများကို ကြားခြင်းအတွက် ပို၍ပွင့်လင်းလာနိုင်ကြပါသည်။ (ရှု ဂယ်ရီ အီး၊ စတီဗင်ဆင်၊ “ချစ်ပါ၊ ဝေငှပါ၊ ဖိတ်ခေါ်ပါ၊” လီယဟိုနာ၊ မေ ၂၀၂၂၊ ၈၄-၈၇၊)

ပုံမှန်သဘာဝနည်းများဖြင့် ဝေငှပါ

ကျွန်ုပ်တို့သည် ဧဝံဂေလိတရားတော်နှင့် ပတ်သက်၍ ကိုယ်နှစ်သက်သည့်အရာအကြောင်းကို ဝေငှနိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ဤအရာကို ကျွန်ုပ်တို့ နေ့စဉ်ဘဝ၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ဆောင်ကြသောအခါ၊ အနေခက်မည်၊ မသက်မသာဖြစ်မည်မဟုတ်ပါ။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့တွင် ကျွန်ုပ်တို့ လုပ်ဆောင်သည့်အရာအကြောင်းကို ကျွန်ုပ်တို့၏ မိသားစု၊ မိတ်ဆွေများနှင့် ပြောနိုင်ပါသည်။ သို့မဟုတ် အခြားသူများကို ကျွန်ုပ်တို့ အမှုဆောင်သည့်အခါ ကျွန်ုပ်တို့ခံစားရသည့် ပျော်ရွှင်မှုကို ပြောပြနိုင်ပါသည်။ ဒီတော့ရ် အက်.ဥဒေါ့၊ “အမှုတော်ထမ်းဆောင်ခြင်းအလုပ်-သင်၏စိတ်နှလုံးတွင်ရှိသောအရာအားဝေငှခြင်း၊“ လီယာဟိုနာမေ၂၀၁၉၊ ၁၅-၁၈။

အခြားသူများကို ကျွန်ုပ်တို့နှင့် ပူးပေါင်းဖို့ ဖိတ်ခေါ်ပါ။

ကျွန်ုပ်တို့သည် အခြားသူများအား ဧဝံဂေလိတရားတော်အကြောင်းကို ပို၍ လေ့လာရန် ဖိတ်ခေါ်နိုင်ပါသည်။ ဥပမာအားဖြင့်၊ သူတို့အား ဘုရားကျောင်းအစည်းအဝေး သို့မဟုတ် လှုပ်ရှားမှုတစ်ခုသို့လာရန်၊ မော်မုန်ကျမ်းဖတ်ရန်၊ အသင်းတော်ဗီဒီယိုတစ်ခုကို ကြည့်ရန်၊ သို့မဟုတ် သာသနာပြုများနှင့် အလည်သွားရန် ဖိတ်ခေါ်နိုင်ပါသည်။ ဤအတွေ့အကြုံများသည် သူတို့အား ဝိညာဉ်တော်ကို ခံစားရန်နှင့် ပို၍သင်ယူလိုစိတ်ရှိစေရန် ကူညီနိုင်ပါသည်။

ထိုင်၍၊ စကားပြောနေသည့် အသက်ကြီးအမျိုးသမီးနှစ်ဦး

သူတို့၏အတွေ့အကြုံများအကြောင်းကို မေးပါ။

မိတ်ဆွေများနှင့် မိသားစုဝင်များ ဘုရားကျောင်းသို့ လာပြီး၊ သို့မဟုတ် သာသနာပြုများနှင့် သင်ယူပြီးနောက်တွင်၊ ကျွန်ုတို့သည် သူတို့၏အတွေ့အကြုံများအကြောင်းကို မေးနိုင်ပါသည်။ ဧဝံဂေလိတရားတော်အကြောင်း သွန်သင်ခြင်းအချို့မှာ သူတို့အဖို့ အသစ်ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့၌ရှိသည့် မေးခွန်းများကို ဖြေနိုင်ပါသည်။ ကျွန်ုပ်တို့သည် သူတို့ခရစ်တော်ထံလာဖို့ အားထုတ်ခြင်းများအတွက် ကျွန်ုပ်တို့၏ ချစ်ခြင်းနှင့် အကူအညီကို ပြနိုင်ပါသည်။

သူတို့၏ယုံကြည်မှုများသို့ ပေါင်းထည့်ပါ

ကျွန်ုပ်တို့သည် အခြားသူများ၏ ယုံကြည်မှုများကို တန်ဖိုးထား လေးစားပါသည်၊ သူတို့၌ရှိပြီးသား ယုံကြည်မှုအပေါ် ပေါင်းထည့်ပေးဖို့ ကျွန်တော်တို့ ကြိုးစားကြပါသည်။ ဥပမာအားဖြင့်၊ သမ္မာကျမ်းရှိကျမ်းစာများ၌ နှစ်သိမ့်ခြင်းကို ရှာတွေ့သည့် မိတ်ဆွေတစ်ဦးသည် မော်မုန်ကျမ်းမှ ကျွန်ုပ်တို့ ဝေငှသည့် သွန်သင်ခြင်းများ၌လည်း နှစ်သိမ့်ခြင်းကို ရှာတွေ့နိုင်ပါသည်။

အသက်ကြီးအမျိုးသမီးတစ်ဦးအား လမ်းဖြတ်ကူးရန် ကူညီနေသည့် လူငယ်အမျိုးသမီးတစ်ဦး

အသင်းတော်အသင်းသားအသစ်များကို ကူညီပါ

လူများအသင်းတော်သို့ ဝင်ကြသောအခါ၊ ကျွန်ုပ်တို့သည် သူတို့၏ယုံကြည်ခြင်းကို ခွန်အားဖြည့်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် သူတို့၏မိတ်ဆွေဖြစ်နိုင်၊ သူတို့၏မေးခွန်းများကို ဖြေနိုင်၊ သူတို့အမှုတော်ဆောင်တာဝန်များ ရရှိသောအခါ ကူညီနိုင်ပါသည်။ သူတို့အား ယေရှုခရစ်တော်နောက်လိုက်လျှောက်ခြင်းနှင့် ကိုယ်တော်၏ဧဝံဂေလိတရားတော်အကြောင်း သင်ယူခြင်းတို့ကို ဆက်၍ပြုရန် အားပေးနိုင်ပါသည်။

ဖုန်းကို အတူကြည့်နေသည့် သာသနာပြုအသင်းလူကြီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး

အချိန်ပြည့်သာသနာပြု အမှုဆောင်ပါ

ကျွန်ုပ်တို့၏နေ့စဉ်ဘဝရှိ ဧဝံဂေလိတရားတော်ဝေငှခြင်းသို့ ထပ်လောင်းခြင်းအဖြစ်၊ အသင်းတော်အသင်းသားများသည် အချိန်ပြည့် သာသနာပြုများအဖြစ် ခေါ်သွင်းခံရနိုင်ပါသည်။ ပြင်ဆင်ထားလျှင်၊ လူငယ်အမျိုးသားများသည် အသက် ၁၈ နှစ်မှစ၍ အမှုဆောင်နိုင်ပါသည်။ လူငယ်အမျိုးသမီးများနှင့် ပို၍အသက်ကြီးသော အရွယ်ရောက်သူများလည်း အမှုဆောင်နိုင်ပါသည်။ သင်သည် ပို၍များသော အချက်အလက်ကိုChurchofJesusChrist.org/callings/missionary တွင် တွေ့နိုင်ပါသည်။