“ယေရှုခရစ်တော်၌ယုံကြည်ခြင်း ၊” လီယဟိုနာ၊ ဧပြီ၊ ၂၀၂၃။
လစဉ် လီယဟိုနာ အမှာစကား၊ ဧပြီ ၂၀၂၃
ယေရှုခရစ်တော်၌ယုံကြည်ခြင်း
ယေရှုခရစ်တော်၊ ဟယ်ရီ အန်ဒါဆင်န်မှ
ယေရှုခရစ်တော်၌ယုံကြည်ခြင်းသည် ဧဝံဂေလိတရားတော်၏ပထမဆုံးကျင့်ဝတ်ဖြစ်သည် (ရှု ယုံကြည်ခံယူချက်များ ၁း၄)။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းများသည် ကောင်းကင်ဘုံရှင်အဖထံပြန်သွားရန် ဦးဆောင်လမ်းပြပေးသည့်ရွေးချယ်မှုများပြုလုပ်နိုင်ရန်ကူညီပေးသည်။ ကျွန်ုပ်တို့ရဲ့ဘဝတစ်လျှောက်တွင် ယုံကြည်ခြင်းအားကောင်းလာနိုင်ရန်အလုပ်လုပ်နိုင်သည်။
ယုံကြည်ခြင်းကဘာလဲ။
ယုံကြည်ခြင်းသည် တစ်စုံတစ်ခုအပေါ်ခိုင်မာသောယုံကြည်မှု သို့မဟုတ် စိတ်ချခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့မမြင်နိုင်သော်လည်း၊ သို့မဟုတ် စုံလင်သောအသိပညာမရှိသော်လည်း မှန်ကန်သောအရာတို့အတွက် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းဖြစ်သည် (ရှု ဟေဗြဲ ၁၁း၁၊ အယ်လမာ ၃၂း၂၁)။
ဟိန်းရစ်ဟော့ဖ်မန်း၏ ခရစ်တော်နှင့် လူချမ်းသာလူငယ်၊ မှ အသေးစိတ်
ယေရှုခရစ်တော်၌ ဗဟိုပြုသောယုံကြည်ခြင်း
ကယ်တင်ခြင်းသို့ဦးဆောင်ရန်၊ ယေရှုခရစ်တော်အား ကျွန်ုပ်တို့၏ ကယ်တင်ရှင် သို့မဟုတ် ရွေးနှုတ်ရှင်အဖြစ် ဗဟိုပြုသောယုံကြည်ခြင်းရှိရမည်။ ခရစ်တော်၌ယုံကြည်မှုရှိခြင်းသည် သူ့၌စိတ်ချကိုးစားခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ သူ၏တန်ခိုး၊ အသိဉာဏ်ပညာနှင့် ချစ်ခြင်းကိုယုံကြည်ပြီး သူ့အပေါ်အလုံးစုံ အားကိုးခြင်းဖြစ်သည်။ ထိုအထဲတွင် သူ၏ သွန်သင်မှုများကို လိုက်လျှောက်ပြီး ယုံကြည်ခြင်းလည်းပါဝင်သည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းတိုးတက်ခြင်း
ယုံကြည်ခြင်းသည်ဘုရားသခင်ဆီမှလာသော ဆုကျေးဇူးဖြစ်သည်၊ သို့သော်လည်း ထိုယုံကြည်မှုကိုရှာဖွေရမည်၊ အားကောင်းလာစေရန်အလုပ်လုပ်ရမည်။ ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် နောက်ပိုင်းကာလပုရောဖက်တို့၏ သင်ကြားမှုများကိုလေ့လာခြင်းဖြင့်ကျွန်ုပ်တို့၏ ယုံကြည်မှုများတိုးတက်လာနိုင်သည်။ ကျွန်ုပ်တို့၏ ပဋိညာဥ်များ အားထိန်းသိမ်းခြင်းနှင့် ဖြောင့်မတ်စွာနေထိုင်ခြင်းဖြင့်လည်း ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အားကောင်းလာစေနိုင်ပါတယ်။
ယုံကြည်ခြင်းဖြင့်နေထိုင်ခြင်း
ယုံကြည်ခြင်းသည် ဘာသာရေးအယူဝါဒယုံကြည်မှုသက်သက်သာ မဟုတ်ပါ။ ထိုယုံကြည်မှုအပေါ်တွင် လုပ်ဆောင်မှုပြုလုပ်ခြင်းများပါဝင်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့နေထိုင်ပုံဖြင့်ပြသသည်။ ယေရှုခရစ်တော်တွင်ရှိသောယုံကြည်ခြင်းက သူ၏ပြီးပြည့်စုံသော ဥပမာကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့အား စိတ်ခွန်အားပေးသည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းက ပညတ်တော်များကိုလိုက်နာရန်၊ အပြစ်များမှနောင်တရရန်နှင့် ပဋိညာဥ်များပြုလုပ်ပြီး စောင့်ထိန်းရန်လမ်းညွှန်ပေးပါသည်။
ယုံကြည်ခြင်းသည် အံ့သြဖွယ်ရာများကို ဖြစ်စေသည်
စစ်မှန်သောယုံကြည်ခြင်းက ရူပါရုံများ၊ အိမ်မက်များ၊ ကုသခြင်းများနှင့် ဘုရားသခင်ဆီမှလာသော အခြားဆုကျေးဇူးများကဲ့သို့ အံ့သြဖွယ်များကို ဆောင်ယူလာသည်။ ကျမ်းစာများတွင် ကိုယ်တော်ရှင်၌ယုံကြည်မှုရှိခြင်းကြောင့် သူ့ထံမှအံ့သြဖွယ်များရရှိခဲ့ကြသော လူတို့၏ဇာတ်လမ်းများအကြောင်းများစွာပါဝင်သည်။ ဥပမာတချို့အတွက် ကျမ်းစာလမ်းညွှန်ထဲတွင် “အံ့သြဖွယ်များ” ကိုကြည့်ပါ၊
ယုံကြည်ခြင်းက ငြိမ်းချမ်းခြင်းကိုသယ်ဆောင်လာနိုင်သည်
ဘုရားသခင်အပေါ် နှင့်သူ၏ ကယ်တင်ခြင်းအစီအစဥ် တွင်ယုံကြည်ခြင်းသည် စိန်ခေါ်မှုများကြုံတွေ့ရသည့်အခါ ကျွန်ုပ်တို့အားခွန်အားပေးနိုင်သည်။ ယုံကြည်ခြင်းက ကျွန်ုပ်တို့အား ရှေ့ဆက်လျှောက်ရန်နှင့် အခက်အခဲများအား ရဲဝင့်စွာရင်ဆိုင်နိုင်ရန် ခွန်အားပေးနိုင်သည်။ အနာဂတ် မသေချာသလိုဖြစ်နေလျှင်ပင်၊ ကျွန်ုပ်တို့၏ ကယ်တင်ရှင်အပေါ်ရှိသောယုံကြည်ခြင်းက ငြိမ်းချမ်းမှုပေးနိုင်သည်။
ယေရှုခရစ်တော်၌ယုံကြည်ခြင်းသည် ကယ်တင်ခြင်းသို့ဦးဆောင်လမ်းပြသည်
ခရစ်တော်၌ယုံကြည်ခြင်းကိုကျင့်သုံးခြင်းသည် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသို့ဦးဆောင်လမ်းပြသည်။ ထာဝရအသက်တာရရှိရန် လမ်းစဥ်ကို ခရစ်တော်က ကျွန်ုပ်တို့အတွက်ပြင်ဆင်ပေးခဲ့သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သူ့၌ထားရှိပြီးနေထိုင်ပါက၊ အပြစ်များမှခွင့်လွှတ်ခြင်းရရှိပြီး ဘုရားသခင်နှင့်အတူပြန်လည်နေထိုင်နိုင်မည်။
© 2023 by Intellectual Reserve, Inc. All rights reserved. USA တွင်ပုံနှိပ်သည်။ အင်္ဂလိပ်စာခွင့်ပြုချက်၊ ၆/၁၉။ ဘာသာပြန် ခွင့်ပြုချက်၊ ၆/၁၉။ Monthly Liahona Message, April 2023. ၏ဘာသာပြန် Language. 19006 256