၂၀၂၂
ကျမ်းစာများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်
ဇွန် ၂၀၂၂


“ကျမ်းစာများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်၊” Liahona ဇူလိုင် ၂၀၂၂။

လစဉ် Liahona အမှာစကား၊ ဂျူလိုင် ၂၀၂၂

ကျမ်းစာများ၊ ဘုရားသခင်၏နှုတ်ကပတ်တော်

ရေးနေသည့် ဓမ္မဟောင်းကျမ်းပရောဖက်တစ်ပါး

ဂျူးဒစ်အေ၊ မက်ဟာ၏ ဓမ္မဟောင်းကျမ်းပရောဖက်

ကျမ်းစာများသည် ပရောဖက်များအဓိကရေးထားသည့် သန့်ရှင်းသောကျမ်းများဖြစ်ပါသည်။ ကျမ်းစာများက ယေရှုခရစ်တော်အကြောင်းကိုသက်သေခံ၍၊ သူ၏ဧဝံဂေလိတရားတော်အကြောင်းကို သွန်သင်ပါသည်။ အသင်းတော်၏တရားဝင်ကျမ်းစာများမှာ သမ္မာကျမ်း( ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းပါဝင်ပါသည်)၊ မော်မုန်ကျမ်း၊ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း၊ မြတ်ပုလဲကျမ်းတို့ဖြစ်ပါသည်။

ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်းသည် ဘုရားသခင် ရှေးခေတ်က သူ၏ပဋိညာဉ်ခံလူမျိုးတို့နှင့် ပြုတော်မူသည့်အမှုများအကြောင်းမှတ်တမ်းတစ်ခုဖြစ်ပါသည်။ ထိုကျမ်းတွင်၊ မောရှေ၊ ယောရှု၊ ဟေရှာယ၊ ယေရမိနှင့် ဒံယေလကဲ့သို့သော ပရောဖက်တို့၏သွန်သင်ခြင်းများပါဝင်ပါသည်။ ယေရှုခရစ်တော်ဖွားတော်မူခြင်းမတိုင်မီနှစ် ရာပေါင်းများစွာကရေးထားခဲ့သော်လည်း၊ များစွာသောဓမ္မဟောင်းကျမ်းပရောဖက်တို့သည် သူ့အကြောင်းကို ရေးခဲ့ကြပါသည်။

ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်းသည် ယေရှုခရစ်တော်၏ဖွားတော်မူခြင်း၊ လူ့ဇာတိဘဝ၊ သွန်သင်ခြင်းများနှင့် အပြစ်ဖြေခြင်းမင်္ဂလာတို့ကို မှတ်တမ်းတင်ထားပါသည်။ ခရစ်တော်၏တမန်တော်များနှင့် အခြားတပည့်တော်တို့၏သွန်သင်ခြင်းများလည်းပါဝင်ပါသည်။ ဓမ္မသစ်ကျမ်းသည် ယခုခေတ်တွင် ကျွန်တော်တို့ကို ယေရှုခရစ်တော်၏တရားတော်၌ မည်သို့နေထိုင်ရမည်ကို နားလည်ရန်ကူညီပါသည်။

တောင်ပေါ်၌ဒေသနာဟောပြောနေသည့်ယေရှုခရစ်တော်

မော်မုန်ကျမ်း၊ ယေရှုခရစ်တော်အကြောင်း အခြားသောသက်သေခံချက်

မော်မုန်ကျမ်းသည် ရှေးအမေရိက၌နေထိုင်ခဲ့သည့် လူမျိုးအချို့အကြောင်း မှတ်တမ်းတစ်ခုဖြစ်ပါသည်။ ထိုကျမ်းတွင် ပရောဖက်တို့၏သွန်သင်ချက်များပါဝင်ပါသည်၊ အဓိကရည်ရွယ်ချက်မှာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း လူမျိုးအားလုံးတို့ကို နားသွင်းဖို့ဖြစ်ပါသည်။ ပရောဖက်ဂျိုးဇက်စမစ်သည် ထိုကျမ်းကို ဘုရားသခင်၏ ဆုကျေးဇူးနှင့် တန်ခိုးဖြင့် ရွှေပုရပိုက်ပြားများမှ ဘာသာပြန်ခဲ့ပါသည်။

ဗျာဒိတ်ခံနေသည့် ဂျိုးဇက်စမစ်

ဒန်နီရယ်လ် အေ၊ လူးဝစ်၏ ဗျာဒိတ်ခံနေသည့် ဂျိုးဇက်စမစ်

ဩဝါဒနှင့်ပဋိညာဉ်များကျမ်း

ဩဝါဒနှင့် ပဋိညာဉ်များကျမ်းတွင် ဂျိုးဇက်စမစ်နှင့် အခြားနောက်ပိုင်းကာလပရောဖက်များကို ပေးထားသည့် ဗျာဒိတ်တော်များ ပါဝင်ပါသည်။ ခရစ်တော်၏အသင်းတော်ကို မည်သို့ဖွဲ့စည်းထားကြောင်း ဗျာဒိတ်တော်များက ဖော်ပြပါသည်။ ၎င်းတို့တွင် ယဇ်ပုရောဟိတ်အခွင့်၊ ဧဝံဂေလိတရားတော်ဘိသိက်မင်္ဂလာများ၊ ဤဘဝနောက်၌ ဖြစ်မည့်အရာများအကြောင်း များလည်းပါဝင်ပါသည်။

မြတ်ပုလဲကျမ်း

မြတ်ပုလဲကျမ်းတွင် မောရှေကျမ်းနှင့် အာဗြဟံကျမ်း၊ ဂျိုးဇက်စမစ်၏သက်သေခံချက်၊ အသင်းတော်၏ယုံကြည်ခံယူချက်များ ပါဝင်ပါသည်။ ဂျိုးဇက်စမစ်—မဿဲ၊ ဓမ္မသစ်ကျမ်း ဂျိုးဇက်စမစ်ဘာသာပြန်ခြင်း၏တစ်စိတ်တစ်ပိုင်းပါဝင်ပါသည်။

ကျမ်းစာများကို လေ့လာခြင်း

ပရောဖက်များက ကျွန်တော်တို့ကို ကျမ်းစာများကို နေ့စဉ်လေ့လာရန် သွန်သင်ခဲ့ပါသည်။ ထိုကဲ့သို့လေ့လာခြင်းက ကျွန်တော်တို့၏ယုံကြည်ခြင်းကို တိုးစေရန်၊ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်ထံပို၍နီးလာစေရန် ကျွန်တော်တို့ကို ကူညီပါသည်။ ကျွန်တော်တို့ ကျမ်းစာများကို ဆုတောင်းခြင်းထက်သန်စွာလေ့လာကြသည်နှင့်အမျှ၊ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ကို မေးခွန်းများ၏အဖြေများကို ရှာတွေ့ရန် ကူညီပါလိမ့်မည်။

ယခုခေတ်ပရောဖက်များ

ယခုခေတ်တွင် ပရောဖက်များနှင့် တမန်တော်များ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဟောပြောသည့်အခါ၊ သူတို့၏စကားများသည် ကျမ်းစာများကဲ့သို့ပင်ဖြစ်ပါသည်။ ဤအရာ၏ဥပမာတစ်ခုမှာ အထွေထွေညီလာခံဖြစ်ပါသည်။ ကျွန်တော်တို့သည် ညီလာခံမှ သွန်သင်ချက်များကို မေလနှင့် နိုဝင်ဘာလထုတ် Liahona တွင်လေ့လာနိုင်ပါသည်။

စာတန်ကိုအောင်နိုင်သည့် မောရှေ

ဂျိုးဇက်ဘရစ်ကီ၏ စာတန်ကိုအောင်နိုင်သည့် မောရှေ