လူငယ်တို့အတွက် ခွန်အား
ငါနှင့်အတူလျှောက်လော့
လူငယ်တို့အတွက်ခွန်အား ဇန်နဝါရီ ၂၀၂၆


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇန်နဝါရီ ၂၀၂၆

ငါနှင့်အတူလျှောက်လော့

၂၀၂၆ လူငယ်ဆောင်ပုဒ်သည် သင်သည် ဘုရားသခင်နှင့် နီးကပ်စွာနေပါက၊ ကိုယ်တော်သည် သင်နှင့်အတူ— အမြဲလျှောက်လှမ်းလိမ့်မည်ဖြစ်ကြောင်း သင့်အားသတိပေးရန်ကူညီပါသည်။

လူငယ်အမျိုးသမီးများ အထွေထွေဥက္ကဋ္ဌအဖွဲ့

ဘယ်ဘက်မှ ညာဘက်သို့၊ တာမာရာ ဒဗယျူ၊ ရူနီးယား၊ ပထမအတိုင်ပင်ခံ၊ အမ်မလီ ဘယ်လ် ဖရီးမန်း၊ ဥက္ကဋ္ဌနှင့် အန်ဒရီယာ မြူနိုဇ် စပန်းနောင်စ့်၊ ဒုတိယ အတိုင်ပင်ခံ

သင်သည် တစ်ယောက်တည်းမဟုတ်ပါ

သင်မလုပ်နိုင်ဘူးလို့ ထင်မိသော အရာတစ်ခုခုအား လုပ်ရန် တောင်းဆိုခံရဖူးပါသလား။ သင်သည် အင်အားမပြည့်ဝဟု ခံစားရခြင်း သို့မဟုတ် ဉာဏ်ရည်ထက်မြက်မှု ပြည့်ဝခြင်းမရှိဟု ခံစားရခြင်း၊ သို့မဟုတ် အခြားသူများက သင့်ကို ပြက်ရယ်ပြုဝေဖန်မည်ကို စိုးရိမ်ခြင်း ရှိကောင်းရှိနိုင်ခဲ့ပါသည်။ ဤသို့ခံစားရဖူးပါက၊ သင်တစ်ယောက်တည်း မဟုတ်ပါ။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက၊ ဧနောက် အမည်ရှိ လူတစ်ယောက် ရှိခဲ့ပါသည်။ ဘုရားသခင်သည် ဧနောက်အား ကမ္ဘာမြေပေါ်၌ တွေ့ဖူးသမျှတွင် အညစ်ညမ်းဆုံးသူတစ်ချို့ ဖြစ်သည့် လူများကို နောင်တတရားဟောပြောရန် တောင်းဆိုခဲ့ပါသည်။

ဧနောက်က သူမတတ်နိုင်ဘူးဟု ထင်မိပါသည်။ သူသည် အလွန်ငယ်သေးသည်၊ လူတိုင်းကသူ့အား မနှစ်သက်ကြပါ၊ “စကားလေး”ပါသည်ဟု ဘုရားသခင်အား ပြောပြခဲ့ပါသည် (ရှု မောရှေ ၆:၃၁)။

သို့သော် ဘုရားသခင်က ဧနောက်အား ကတိတစ်ခု ပေးခဲ့ပါသည်။ ကြောက်ရွံ့နေသော ဧနောက်ကို၊ “ထွက်သွား၍၊ သင့်ကို ငါမိန့်တော်မူလေသည့်အတိုင်း လုပ်ဆောင်လော့”နှင့် “တောင်တို့သည် သင့်ရှေ့မှ ထွက်ပြေးလိမ့်မည်၊ မြစ်တို့သည်လည်း မိမိတို့ စီးရာရေကြောင်းကို ပြောင်းလိမ့်မည်။ သင်သည် ငါ၌ တည်၍၊ ငါသည်လည်း သင်၌ တည်မည်။ ထို့ကြောင့် ငါနှင့်အတူလျှောက်လော့”(မောရှေ ၆:၃၂၊ ၃၄) ဟုမိန့်တော်မူခဲ့ပါသည်။

“ငါနှင့်အတူလျှောက်လော့။” ဘယ်လောက် ရိုးရှင်းပြီး လှပသည့် ဖိတ်ခေါ်ချက်ဖြစ်လိုက်ပါသလဲ။

ဧနောက်သည် စတင်ရန် သတ္တိရှိမည်ဆိုလျှင်၊ ဘုရားသခင်သည် ခြေလှမ်းတိုင်း၌ သူနှင့်အတူရှိနေမည်ဟု ကိုယ်တော်က ဧနောက်ကို ကတိပေးခဲ့ပါသည်။ ဘုရားသခင်သည် ဧနောက်အား ပို၍လုပ်ဆောင်နိုင်ရန် အင်အားကြီးစေ၍ သန်မာစေလာရန်ပြုလုပ်ပေးပြီး သူမျှော်လင့်ထားသည်ထက် ပို၍ဖြစ်လာနိုင်စေရန် ကူညီပေးမည်ဖြစ်ပါသည်။

ကယ်တင်ရှင်၏ အမည်နာမများစွာထဲမှ တစ်ခုမှာ ဧမာနွေလ၊ သို့မဟုတ် “ငါတို့နှင့်အတူရှိသော ဘုရားသခင်“ ဖြစ်ပါသည် (ရှင်မဿဲ ၁:၂၃)။ ကျွန်ုပ်တို့နှင့်အတူ လျှောက်လှမ်းခြင်းသည် ကိုယ်တော်ရှင်၏နာမတော်နှင့်ပကတိ ဖြစ်ပါသည်။ ရွေးချယ်ခွင့်မှာမူ ကျွန်ုပ်တို့လက်ဝယ်တွင်ရှိပါသည်—ကျွန်ုပ်တို့သည်လည်း ကိုယ်တော်နှင့်အတူ လျှောက်လှမ်းပါမည်လား။

ယခုခေတ်ကာလ၌၊ ကျွန်ုပ်တို့သည် ဧနောက်အား ယုံကြည်ခြင်းကြီးမားသော ပုဂ္ဂိုလ်၊ ကြီးမြတ်သော ပရောဖက်နှင့် ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ကြပါသည်။ သို့ရာတွင် ပရောဖက် ဧနောက်ဖြစ်မလာမီက၊ မိမိကိုယ်ကို သံသယရှိသော်လည်း ဘုရားသခင်နှင့်အတူ လျှောက်လှမ်းရန် ရွေးချယ်ခဲ့သော လူငယ်ဧနောက်တစ်ဦး ရှိခဲ့ပါသည်။

ဘဝအခက်အခဲများ ကြုံတွေ့ရသောအခါ၊ သင်သည် မိမိကိုယ်ကို မလုံလောက်ဟု ခံစားရသောအခါ၊ ကိုယ်တော်ရှင်၏ ဧနောက်အတွက်နှင့် သင့်အတွက် ကတိတော်ကို သတိရပါ။ ကိုယ်တော်သည် သင်နှင့်အတူ လျှောက်လှမ်းပါလိမ့်မည်။ ကိုယ်တော်သည် သင့်အား တစ်ဦးတည်း မထားရစ်တော်မူပါ၊ ခြေတစ်လှမ်းစာပင် မထားရစ်တော်မူပါ။

ဧမာနွေလ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိသည်။ ဘုရားသခင်သည် သင်နှင့်အတူရှိသည်။

လူငယ်အမျိုးသမီးများ အထွေထွေဥက္ကဋ္ဌအဖွဲ့

လူငယ်အမျိုးသားများ အထွေထွေဥက္ကဋ္ဌအဖွဲ့

ဘယ်မှ ညာသို့၊ ဒေးဗစ် ဂျေ၊ ဝန်ဒါလီ၊ ပထမအတိုင်ပင်ခံ၊ တီမောသီ အက်လ်၊ ဖာနက်စ်၊ ဥက္ကဋ္ဌ နှင့် ရှော အာရ်၊ ဒစ်ခ်ဆန်၊ ဒုတိယအတိုင်ပင်ခံ

ကိုယ်တော်၏အကူအညီဖြင့်၊ သင်သည်အရာရာကိုစွမ်းဆောင်နိုင်သည်

သင်တို့ လူငယ်အမျိုးသားများကဲ့သို့ပင်၊ ကိုယ်တော်ရှင်သည် ဧနောက်အား အရေးကြီးသော ယဇ်ပုရောဟိတ်အခွင့်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် တောင်းဆိုတော်မူခဲ့ပါသည်။ သူ၏တာဝန်မှာ ဆိုးညစ်သောလူများထံသို့ နောင်တတရား ဟောပြောရန်ဖြစ်ပါသည်။ ဧနောက်သည် သူ၏သံသယများကို ဖွင့်ဟခဲ့ပါသည်။ “[ကျွန်ုပ်သည်]သူငယ်တစ်ယောက်သာဖြစ်၍” လို့ သူပြောခဲ့ပါသည်။ “ခပ်သိမ်းသောလူတို့က ကျွန်ုပ်ကို မုန်းကြပါ၏ … အကျွန်ုပ်သည် စကားလေးပါ၏၊ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန် ဖြစ်ပါသလော။” မောရှေ ၆:၃၁

ကိုယ်တော်ရှင်က တန်ခိုးတော်နှင့် ထပ်မံသေချာစေမှုဖြင့် တုံ့ပြန်တော်မူခဲ့ပါသည်။ ထွက်သွား၍၊ သင့်ကို ငါမိန့်တော်မူလေသည့်အတိုင်း လုပ်ဆောင်လော့၊ … သင်၏နှုတ်ကို ဖွင့်လော့၊ ပြည့်လိမ့်မည် …။ ငါ၏ ဝိညာဉ်တော်သည် သင့်အပေါ်၌ ရှိ၏ … ၊ တောင်တို့သည် သင့်ရှေ့မှ ထွက်ပြေးလိမ့်မည်…၊ ထို့ကြောင့် ငါနှင့်အတူလျှောက်လော့” (မောရှေ ၆:၃၂၊ ၃၄)။

ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့အား တာဝန်တစ်ခုခု ပေးအပ်တော်မူသောအခါ၊ ကျွန်ုပ်တို့သည် ထိုတာဝန်ကို တစ်ဦးတည်း ရင်ဆိုင်ရမည် မဟုတ်ကြောင်းကို ဧနောက် သိရှိလာခဲ့ပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ပဋိညာဉ်ပြုပြီးစောင့်ထိန်းသောအခါ၊ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းပြီး ကိုယ်တော်၏တန်ခိုးတော်ကို မျှဝေကြပါသည်—ကျွန်ုပ်တို့သည် ကိုယ်တော်၏လက်တော်တွင် ကိရိယာတန်ဆာပလာများ ဖြစ်လာကြပါသည်။

ဧနောက်ကဲ့သို့ပင်၊ သင့်တွင်လည်း အဓိကအခန်းကဏ္ဍရှိပါသည်၊ အမှုတော်ဆောင်ခြင်း၊ ဗိမာန်တော်၌ အစေခံခြင်း၊ ပွဲတော်မင်္ဂလာကို စီမံခန့်ခွဲပေးခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ဧဝံဂေလိ၏ စံနှုန်းများအတိုင်း နေထိုင်ခြင်း၊ နောင်တရခြင်း၊ သာသနာပြုလုပ်ငန်းအတွက် ပြင်ဆင်ခြင်း စသည်တို့ ဖြစ်ပါသည်။ ဤအရာသည် လွန်စွာကြီးမားသော ဝန်ထုပ်ဝန်ပိုးကဲ့သို့ ခံစားရနိုင်ပါသည်။ သင်သည် လုံလောက်ခြင်းမရှိပါဟု ခံစားရနိုင်ပါသည်။ ဤသို့ခံစားရခြင်းက အဆင်ပြေပါသည်။ ၎င်းသည် တစ်ဦးတည်း ဆောင်ရွက်ရန်အတွက် မဟုတ်ပါ။ ၎င်းသည် ဘုရားသခင်နဲ့အတူလျှောက်လှမ်းရန် ယနေ့—ဤနေ့နှင့် နေ့စဥ်နေ့တိုင်း—ကို ရွေးချယ်ခြင်း ဖြစ်ပါသည်။

ကိုယ်တော်၏အကူအညီဖြင့် သင်သည် အရာရာကို စွမ်းဆောင်နိုင်ပါသည်။ ကိုယ်တော်သည် သင့်အား ခွန်အားဖြည့်တော်မူပါမည်၊ ခွင့်လွှတ်တော်မူပါမည်၊ သင်၏သဘာဝစွမ်းရည်ထက် သာလွန်၍ စွမ်းဆောင်နိုင်စေတော်မူပါမည်။ ကိုယ်တော်သည် သင့်အားချစ်ပါသည်။ လူငယ်အမျိုးသားများ အထွေထွေဥက္ကဋ္ဌအဖွဲ့အနေဖြင့်၊ ကျွန်ုပ်တို့သည် သင့်အား ချစ်မြတ်နိုးပြီး လမ်းပြလှုံ့ဆော်မှုကိုပေးသည့် ၂၀၂၆ ခုနှစ် ဆောင်ပုဒ် “ငါနှင့်အတူလျှောက်လော့” ကို အတူတကွ စူးစမ်းလေ့လာရန် စောင့်မျှော်လျက်ရှိနေပါသည်။

လူငယ်အမျိုးသားများ အထွေထွေဥက္ကဋ္ဌအဖွဲ့