လူငယ်တို့အတွက် ခွန်အား
သင်၏အမှားများပြီးနောက်—ကြီးမားသောအမှားများပင်ဖြစ်ပါလေစေ
လူငယ်တို့အတွက်ခွန်အား ဧပြီ ၂၀၂၆


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဧပြီ ၂၀၂၆

သင်၏အမှားများပြီးနောက်—ကြီးမားသောအမှားများပင်ဖြစ်ပါလေစေ

ကျွန်တော်တို့သည် ကယ်တင်ရှင်၊ သူ၏အပြစ်ဖြေခြင်းမင်္ဂလာနှင့် ထပ်မံကြိုးစားခြင်းအကြောင်းကို ပေတရုထံမှ အများအပြား သင်ယူနိုင်ပါသည်။

ခရစ်တော်ကိုငြင်းပယ်နေသော ပေတရု

Peter’s Denial[ပေတရု၏ငြင်းပယ်ခြင်း]၊ ကားလ် ဘလော့ခ်မှ

ကျွန်တော်တို့အများစုမှာ လုံးဝမေ့ပစ်လိုက်နိုင်ရန် ဆန္ဒရှိသော အနည်းဆုံးမှတ်ဉာဏ်တစ်ခုတော့ ရှိတတ်ကြပါသည်။ ၎င်းက အလွန်ရှက်ဖွယ်ကောင်းသည့် အခိုက်အတန့်၊ နာကျင်စေသော ရုပ်ပိုင်းဆိုင်ရာ မတော်တဆမှု သို့မဟုတ် ငြင်းခုံမှုတစ်ခုတွင် သင်ပြောဆိုခဲ့သည့် စကားများကို ပြန်သိမ်းလိုသည်ဖြစ်စေ၊ ဘဝတွင် “ပြန်လုပ်ခွင့်” သို့မဟုတ် “ဖျက်ပစ်”နိုင်သည့်ခလုတ် တစ်ခုလောက်ရှိလျှင် အလွန်အမင်းကောင်းပုံထင်ရသည့် အချိန်များစွာ ရှိပါသည်။

ခါးသီးသောပရောဖက်ပြုဟောချက်ပြည့်စုံခြင်း

တမန်တော်ပေတရုသည် ဓမ္မသစ်ကျမ်းရှိ စိတ်ဝင်စားစရာကောင်းသောပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ယေရှုထံသို့ ရေပေါ်တွင်လမ်းလျှောက်သွားရန် သူ့တွင် ယုံကြည်ခြင်းနှင့်သတ္တိရှိခဲ့ပါသည်၊ သို့သော် အချိန်အနည်းငယ်ကြာပြီးနောက် သူ၏ကြောက်ရွံ့မှုများကို သူ့အား အနိုင်ယူခွင့်ပေးခဲ့ပြီး စတင်နစ်မွန်းခဲ့ကာ အကူအညီအတွက် ကိုယ်တော်ရှင်ထံ ဟစ်ကြော်ခေါ်ခဲ့ပါသည် (ရှု မဿဲ ၁၄:၂၈–၃၁)။ ပေတရု၏အသက်တာအသေးစိတ်အားလုံးကို ကျွန်တော်တို့မသိသော်လည်း၊ သူပြင်းစွာငိုကြွေးခဲ့သည့် အချိန်တစ်ခုကို ကျွန်တော်တို့သိကြပါသည်။

ယေရှုခရစ်တော်ကို ဖမ်းဆီးမခံရမီ နာရီအနည်းငယ်အလိုတွင်၊ ကိုယ်တော်က ပေတရုသည် ကြက်နှစ်ကြိမ်မတွန်မီ သုံးကြိမ်မြောက်အောင် ကိုယ်တော့်ကို ငြင်းပယ်လိမ့်မည်ဖြစ်ကြောင်း ပရောဖက်ပြုဟောခဲ့ပါသည်။ ပေတရုသည် ထိုပရောဖက်ပြုဟောချက်ကို ယုံကြည်ရန် ငြင်းဆိုခဲ့ပြီး “ကိုယ်တော်နှင့်တကွ သေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါဟု သာ၍ ခိုင်ခံ့သောစကားနှင့် လျှောက်ပြန်၏” (မာကု ၁၄:၃၁)။

ဟုတ်ပါသည်၊ ကယ်တင်ရှင်၏ပရောဖက်ပြုဟောချက်သည် အမှန်ပင် ဖြစ်လာခဲ့ပါသည်။ ကယ်တင်ရှင် ဖမ်းဆီးခံရခြင်းဝန်းကျင်ရှိ ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့မှုတို့ဖြင့်၊ ပေတရု၏ ရဲစွမ်းသတ္တိသည် သူ့ကို ကျရှုံးစေခဲ့ပါသည်။ သူသည် ကယ်တင်ရှင်အားသိကြောင်းကို နှစ်ကြိမ်တိုင် ငြင်းပယ်ပြီးနောက်၊ ပေတရုက “သင်တို့ပြောသောသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို” (မာကု ၁၄:၇၁) ခဲ့ပါသည်။

ကြက်နှစ်ကြိမ်တွန်ပြီး ပေတရုသည် ကယ်တင်ရှင်၏ပရောဖက်ပြုဟောချက်ကို သတိရသွားသည့်အခါ၊ “သူ … ပြင်းစွာငိုကြွေး” (မဿဲ ၂၆:၇၅) ခဲ့ပါသည်။

သို့သော် ဤသည်မှာ သူ့ဇာတ်လမ်း၏အဆုံးသတ်မဟုတ်ပါ။

ထာဝရပြောင်းလဲစေသော တိုက်ထောင့်တစ်ခု

ကျမ်းစာများတွင် ကျွန်တော်တို့ သင်ယူနိုင်သမျှအရာအားလုံးအရ၊ ပေတရု၏ကြောက်ရွံ့မှုများသည် ယေရှုခရစ်တော်အပေါ်သူ၏သက်သေခံချက်ကို နောက်ထပ်မည်သည့်အခါတွင်မျှ မလွှမ်းမိုးနိုင်ခဲ့ပါ။ ထိုသို့ပြုရာတွင် ကိုယ်တိုင်အန္တရာယ်မည်မျှရှိစေကာမူ၊ သူသည် အခွင့်ရတိုင်းတွင် ကယ်တင်ရှင်အား ရဲရင့်စွာ သက်သေခံခဲ့ပါသည်။ ပေတရုသည် ယေရှုခရစ်တော်ကို ကွပ်မျက်ခဲ့ကြသူများအား သင်ကြားပေးနေခဲ့သည်ကို သတိရပါ။ အန္တရာယ်သည် အမှန်တကယ်ရှိခဲ့ပါသည်။

ပေတရုသည် အမိဝမ်းတွင်းကပင်ခြေမစွမ်းသော သူတစ်ယောက်ကို “နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍လှမ်းသွားလော့” (တမန်တော် ၃:၆)ဟု အမိန့်ပေး၍ အနာငြိမ်းစေခဲ့သောအခါ၊ သူ့အား ယောဟန်နှင့်အတူဖမ်းဆီးခဲ့ပြီး ဤအံ့ဖွယ်အမှုကို သူမည်သို့ဆောင်ရွက်ကြောင်းမေးမြန်းခံခဲ့ရပါသည်။

ပေတရုသည် ရဲရင့်စွာဖြေခဲ့သည်မှာ၊ “သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှထမြောက်စေတော်မူသော နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို သင်တို့မှစ၍ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။

“ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” (တမန်တော် ၄:၁၀–၁၂)။

အဘယ်မျှလောက် ရဲရင့်သော အဖြေပါနည်း။ ထို့အပြင် သူ၏ခံယူချက်များ၏ ရှင်းလင်းသော သက်သေဖြစ်ပါသည်။

မစုံလင်သောအစေခံများ၊ စုံလင်စွာအစေခံနိုင်ခြင်း

ကျွန်တော်တို့အယောက်တိုင်းသည် ဤဘဝတွင် အပြစ်ပြုလုပ်ကြမည်ဖြစ်ပါသည်။ ကျွန်တော်တို့၏အကောင်းဆုံးအားထုတ်မှုများ ရှိသော်ငြားလည်း၊ ကျွန်တော်တို့သည် တစ်ခါတစ်ရံ ကျွန်တော်တို့၏မျှော်လင့်ချက်များနှင့် ရည်မှန်းချက်များကို မရနိုင်ကြပါ။ ဥက္ကဋ္ဌဂျက်ဖရီ အာရ်၊ ဟော်လန် (၁၉၄၀–၂၀၂၅)၊ တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့၏ဥက္ကဋ္ဌက တစ်ခါကသင်ကြားခဲ့သည့်အတိုင်း၊ “ကိုယ်တော်၏ စုံလင်သော တစ်ပါးတည်းသောသားတော်မှအပ၊ မစုံလင်သောလူများသည်သာ ဘုရားသခင်အစဉ် အလုပ်လုပ်တော်မူရသည့် လူအားလုံးဖြစ်ပါသည်။”

သင်၏ဝိညာဉ်ရေးတန်ဖိုးကို ကြီးမားသောအမှားများပင်ဖြစ်ပါလေစေ—သင့်အမှားများအားဖြင့် သတ်မှတ် သို့မဟုတ် ကန့်သတ်ခြင်း မပြုပါ။ သူနောင်တရခဲ့ပြီး ခရစ်တော်သည် သူ့ကိုခွင့်လွှတ်ခဲ့သောကြောင့်၊ ပေတရု၏ခရစ်တော်အားငြင်းပယ်ခြင်းသည် နောက်ပိုင်းတွင် သက်သေခံခြင်း၊ သင်ကြားခြင်းနှင့် ကြီးမားသောတန်ခိုးတော်ဖြင့် ပြောင်းလဲခြင်းမှ သူ့အားမတားဆီးခဲ့ပါ။ ကျမ်းစာများသည် အပြစ်ပြုပြီး နောင်တရကာ ခရစ်တော်၌ယုံကြည်ခြင်းဖြင့် ဆက်လက်လုပ်ဆောင်ခဲ့သည့် အခြားသောတပည့်တော်များ၏ ပုံသက်သေများဖြင့် ပြည့်နှက်နေပါသည်။

သင့်အမှားများထပ်တိုးလာနေပြီး သင်သည် ၎င်းတို့ကို ဘယ်တော့မျှကျော်လွှားနိုင်လိမ့်မည်မဟုတ်ဟု စာတန်သည် သင်ယုံကြည်အောင် အမြဲကြိုးစားပါလိမ့်မည်။ သူ့လိမ်ညာမှုများကို လျစ်လျူရှုပါ။

ညီအစ်မထမာရာ ဒက်ဗယျူ၊ ရူးနီးယား၊ လူငယ်အမျိုးသမီးအထွေထွေဥက္ကဋ္ဌ၏ ပထမအတိုင်ပင်ခံက သင်ကြားခဲ့သည်မှာ၊ “သင် ဒါကိုကြားဖို့လိုအပ်ပါတယ်၊ ကျွန်မဒီစကားတွေကို အသံထွက်ပြီးပြောချင်ပါတယ်၊ သင်က သင့်ခေါင်းထဲကအသံမဟုတ်ပါဘူး ဒါမှမဟုတ် သင့်အမှားတွေရဲ့တရားခံလည်း မဟုတ်ပါဘူး။ သင်လည်း ဒါကို အသံထွက်ပြီးပြောဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ စာတန်ကို ပြောလိုက်ပါ၊ ‘ဒီနေ့တော့မရဘူး။’ သူ့ကို သင့်နောက်မှာထားပစ်လိုက်ပါ။

“သင့်ကို ကယ်တင်ရှင် ထံ လှည့်လာစေတဲ့ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းဖြစ်တဲ့၊ အဲဒီဆွဲငင်အားကိုခံစားလိုက်ပါ၊ ပြီးတော့ သင်နဲ့သင်ချစ်တဲ့သူတွေရဲ့အသက်တာထဲကို ကိုယ်တော့်ရဲ့ကျေးဇူးတော် ဝင်ရောက်လာတာကိုစောင့်ကြည့်ပါ။ ကျွန်မတို့က ကိုယ်တော့်ထံ ကျိုးပဲ့နေတဲ့နှလုံးသားကို သတ္တိရှိရှိနဲ့ ယူဆောင်သွားတဲ့ တစ်ခဏမှာပဲ၊ ကိုယ်တော်က အဲဒီကို ချက်ချင်းရောက်နေလိမ့်မယ်ဆိုတာ ကျွန်မကတိပေးပါတယ်။”

ယေရှုခရစ်တော်

Christus Consolator [ခရစ်တော် နှစ်သိမ့်စေသောသူ]၊ ကားလ် ဘလော့ခ်မှ

သင့်ရှေ့မှ တောက်ပသောနေ့ရက်များ

ဤထမြောက်ရာကာလတွင်၊ ကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာကို ပိုမိုပြည့်ဝစွာ သင်စဉ်းစားဆင်ခြင်သည့်အခါ၊ နောင်တရခြင်းနှင့် ထပ်မံကြိုးစားနိုင်စွမ်းသည် သင်အမြဲရရှိနိုင်သော အကြီးမြတ်ဆုံးဆုကျေးဇူးတစ်ခုဖြစ်ကြောင်းကို သတိရပါ။ ယေရှုခရစ်တော်ကြောင့်၊ သင်၏အဆိုးဆုံးအမှားများကို ခွင့်လွှတ်ခံရနိုင်ပြီး၊ လေးလံသော သံကြိုးများကဲ့သို့ ပစ်ချနိုင်ပါသည်။

“ကယ်တင်ရှင်ဟာ အရှက်တရားရဲ့အမှောင်ထုထက် ကာလအစဉ်အဆက် ပိုမိုတောက်ပပါတယ်”ဟု ညီအစ်မထမာရာ ဒက်ဗယျူ၊ ရူးနီးယားက သင်ကြားခဲ့ပါသည်။

ယေရှုခရစ်တော်ကြောင့်၊ ကိုယ်တော့်အား သင်အာရုံစိုက်သည်နှင့်အမျှ၊ မျှော်လင့်ခြင်းသည် ရှေ့တွင် အမြဲတောက်ပစွာထွန်းလင်းနိုင်ပါသည်။