2025
ယေရှုခရစ်တော်သည် ကောင်းသောနေ့ရက်များအတွက်လည်း ရှိနေတော်မူသည်
လူငယ်တို့အတွက်ခွန်အား စက်တင်ဘာ ၂၀၂၅


လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ စက်တင်ဘာ ၂၀၂၅

ယေရှုခရစ်တော်သည် ကောင်းသောနေ့ရက်များ အတွက်လည်း ရှိနေတော်မူသည်

အရာရာအဆင်ပြေသောအချိန်တွင်၊ ကျွန်မတို့သည် ကယ်တင်ရှင်အား မည်ကဲ့သို့အာရုံစိုက်မည်နည်း။ ဤသည်မှာ နည်းလမ်းကောင်းအချို့ဖြစ်ပါသည်။

နေရောင်ခြည်ဖြာထွက်နေသော နောက်ခံတွင် ပြုံးရွှင်နေသည့်မျက်နှာ

မိတ်ဆွေတစ်ယောက်သည် ရုန်းကန်ရချိန်၌သာ သင်နှင့်အချိန်ကုန်ဆုံးပြီး ပျော်ရွှင်နေချိန်၌ သင့်အားရှောင်ဖယ်ထားသည်ဟု စဉ်းစားကြည့်ပါ။ ကောင်းမွန်သောဆက်ဆံရေးဟုတ်ပါသလား။ လုံးဝမဟုတ်ပါ။

ကျွန်မတို့သည် ကယ်တင်ရှင်အပေါ် ထိုကဲ့သို့လုပ်နေပါသလား—ခက်ခဲသောအချိန်များ၌ ကိုယ်တော့်အားရှာဖွေကာ ကောင်းသောအချိန်များ၌ ကိုယ်တော့်အားမေ့လျော့နေပါသလား။

ကျွန်မတို့ခက်ခဲသောအချိန်များ၌ ယေရှုခရစ်တော်သည် ကျွန်မတို့အားမည်ကဲ့သို့ကူညီကြောင်း အများဆုံးပြောဖြစ်ကြပါသည်၊ အကြောင်းမှာ လူတိုင်းသည်၊ တစ်ချိန်မဟုတ် တစ်ချိန်၌၊ ခက်ခဲမှုများကိုရင်ဆိုင်ရသောကြောင့် ဖြစ်နိုင်ပါသည်။

သို့ရာတွင် အရာရာအဆင်ပြေနေသော ကျွန်မတို့ကံကောင်းသည့် အချို့ရက်များ၊ ရက်သတ္တပတ်များ သို့မဟုတ် နှစ်များပင်ရှိပါသည်။ ကျွန်မတို့သည် တစ်ခါတစ်ရံ ထိုအချိန်များတွင် ကယ်တင်ရှင်အားမေ့လျော့နေတတ်ကြပါသည်။ မော်မုန်ကျမ်းထဲမှလူမျိုးများလည်း မေ့လျော့နေခဲ့ကြပါသည်။ သူတို့သည် အချိန်ကာလတစ်ခုအထိ ဘုရားသခင်၏ကောင်းချီးများဖြင့် ကြွယ်ဝခဲ့ကြပြီး နောက်ဆုံး၌ ကိုယ်တော်ရှင်အားမေ့လျော့ကာ မာန၏သားကောင်များဖြစ်လာကြပါသည်။

ကောင်းသောအချိန်များသည် ကျွန်မတို့‌ ယေရှုခရစ်တော်အား ရုတ်တရက်မလိုအပ်တော့ကြောင်း မဆိုလိုပါ။ ကြွယ်ဝချမ်းသာချိန်များသည် ကယ်တင်ရှင်နှင့်အတူဝမ်းမြောက်ရမည့် စုံလင်သောအချိန်များဖြစ်ပါသည်၊ ကိုယ်တော်အား မေ့လျော့ရန်မဟုတ်ပါ။

ဆင်းရဲဒုက္ခများသည် ကျွန်မတို့အား ကောင်းကင်ဘုံရှိ ယေရှုခရစ်‌တော်နှင့် ခမည်းတော်တို့အား သတိရရန် မလှုံ့ဆော်သောအခါ ကျွန်မတို့သည် သူတို့နှင့် မည်သို့ဆက်သွယ်ရပါမည်နည်း။

နှိမ့်ချစွာနေထိုင်ပါ

အရာရာအဆင်ပြေသောအချိန်၌၊ သင်၏ကောင်းချီးများနှင့်အောင်မြင်မှုများကို အောင်ပွဲခံခြင်းသည် ကောင်းပါသည်။ သို့ရာတွင် သင်ရှိနေသောနေရာသို့ ရောက်အောင်ပို့ခဲ့သူမှာ မည်သူဖြစ်ကြောင်း မမေ့ပါနှင့်။ ဗင်္ယာမိန်မင်းကြီးသည် သူ၏မော်မုန်ကျမ်းတရားဒေသနာတော်၌ ဤသို့မိန့်မြွက်ခဲ့ပါသည်၊

အကြောင်းမူကား၊ ရှုလော့၊ ငါတို့​အားလုံးသည် သူတောင်းစားများ မဟုတ်ကြလေသလော။ ငါတို့​အားလုံးသည် ငါတို့မှာ​ရှိသည့် ခပ်သိမ်းသော ဥစ္စာတို့​အတွက်​၊ စားစရာနှင့် အဝတ် နှစ်ခုစလုံး​အတွက်၊ ထို့အတူ ရွှေအတွက်၊ ထို့အတူ ငွေ​အတွက်​၊ ထို့အတူ ငါတို့မှာ​ရှိသည့် အမျိုးမျိုးသော စည်းစိမ်​ဥစ္စာတို့​အတွက် တစ်ပါးတည်းသော ကိုယ်တော်၊ အကယ်စင်စစ်၊ ဘုရားသခင်ကို အားကိုးရ​လေသည် မဟုတ်လော။” (မောဇိယ ၄:၁၉)။

ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်အားအောက်မေ့ခြင်းအားဖြင့် သင်၏အောင်မြင်မှုအပေါ်၌နှိမ့်ချနေခြင်းသည် သင်၏ကောင်းသောအချိန်များတွင်လည်း သူတို့အားသတိရရန် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။

ကျေးဇူးတင်လျက်နေထိုင်ပါ

ကျေးဇူးတင်ခြင်းသည် မာနနှင့်မေ့လျောခြင်းအတွက် အကောင်းဆုံးသောဖြေဆေးများထဲမှတစ်ခုဖြစ်ပါသည်။ ဘုရားသခင်အားကျေးဇူးတင်ခြင်းသည် ကိုယ်တော်ရှင်အားအောက်‌မေ့စေပြီး သူနှင့်သူ၏သားတော် သင့်အသက်တာထဲတွင်ပြုခဲ့သည့် ကောင်းမှုများကို အောက်မေ့စေပါသည်။ ဤအရာသည် ကောင်းသောအချိန်များ၌သာမက ခက်ခဲသောအချိန်များတွင်လည်း အကျိုးရှိပါသည်။

သတိပြုလျက်နေပါ

စေတန်၏အနှစ်သက်ဆုံးတိုက်ခိုက်မှုများထဲမှတစ်ခုမှာ “[သင့်အား] စိတ်ပြေစေလျက်၊ လောကီဆိုင်ရာလုံခြုံရာသို့ လှည့်ဖြား​ခေါ်ဆောင်​သွားခြင်းဖြစ်ပါသည် ” ( ၂ နီဖိုင်း ၂၈:၂၁)။ တနည်းဆိုရသော်၊ သူသည် သင်၏ကောင်းသောအချိန်များ၌ ကျေနပ်လုံခြုံခြင်းကိုခံစားရပြီး အရေးကြီးဆုံးအရာကို မေ့လျော့နေခြင်းကို နှစ်သက်ပါလိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်အား မမေ့လျော့ပါနှင့်။ သင်သည် ကောင်းသောအချိန်များ၌ပင် ရန်သူ၏ သွယ်ဝိုက်သော လှည့်ကွက်များကို သတိပြုမိပြီး ခုခံတွန်းလှန်နိုင်လျှင်၊ ကောင်းကင်ဘုံရှင်အဘနှင့် ယေရှုခရစ်တော်ထံသို့ နီးကပ်စွာဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

လူငယ်အမျိုးသမီး

မိုက်ကန် မန်း၏၊ သိုးထိန်းကောင်း

ခရစ်တော်၌ဗဟိုပြုလျက်နေပါ

ဥက္ကဋ္ဌရပ်ဆဲလ် အမ်၊ နယ်လ်ဆင်မှ ဤသို့သွန်သင်ခဲ့ပါသည်၊ “ကျွန်တော်တို့ရဲ့ အသက်တာတွေကို ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအစီအစဉ်၊ ယေရှုခရစ်‌တော်နဲ့ သူ့ရဲ့ဧဝံဂေလိအပေါ် အာရုံစိုက်တဲ့အခါ၊ ကျွန်တော်တို့ဟာ အသက်တာထဲမှာ ဘာတွေပဲဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဝမ်းမြောက်ခြင်းကို ခံစားနိုင်ပါတယ်။ ကိုယ်တော့်ကြောင့် ဝမ်းမြောက်ခြင်း ဖြစ်တည်လာပါတယ်။ ကိုယ်တော်ဟာ ခပ်သိမ်းသောဝမ်းမြောက်ခြင်းရဲ့အရင်းအမြစ်ဖြစ်ပါတယ်။”

သင့်ဘဝအဆင်ပြေချိန်၌ ဝမ်းမြောက်ခြင်းအကြောင်း ဤအမှန်တရားကို မည်မျှမကြာခဏ သတိရပါသလဲ။ ဤအရာသည် ခက်ခဲသောအချိန်အတွက်သာ အထောက်အကူပြုသည့်အကြံဉာဏ်မဟုတ်ပါ။ ၎င်းသည် သင်၏အကောင်းဆုံးနေ့ရက်များအတွက်လည်း အမြဲတမ်း မှန်ကန်နေပါသည်။ ထို့ကြောင့် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ၊ ခရစ်တော်အား အာရုံစိုက်ရန် သင်တို့ ခွန်အားရှိသမျှလုပ်ဆောင်ကြပါ။

မှတ်စု

  1. ရပ်ဆဲလ် အမ်၊ နယ်လ်ဆင် အောက်၊ ၂၀၁၆ အထွေထွေညီလာခံ (အန်ဇိုင်း သို့မဟုတ် လီယာဟိုနာ၊ နို၊ ၂၀၁၆၊ ၈၂)။